ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ယာယီရပ်ဆိုင်းရန်နှင့် အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးရန် ရခိုင်အမျိုးသားပါတီ မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ယာယီရပ်ဆိုင်းရန်နှင့် အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးရန် ရခိုင်အမျိုးသားပါတီ မေတ္တာရပ်ခံ
Published 25 March 2020
ဉာဏ်လင်းထွန်း

စစ်ဘေးဒဏ်ခံရခိုင်ပြည်သူများ COVID-19 အခြေအနေတစ်ရပ်ရပ်နှင့် ကြုံတွေ့ရပါက ကာကွယ်ထိန်းချုပ်နိုင်ရန် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကို ယာယီရပ်ဆိုင်းပြီး နိုင်ငံရေးအရဆွေးနွေး အဖြေရှာရန် တပ်မတော်နှင့် AA နှစ်ဖက်စလုံးကို ရခိုင်အမျိုးသားပါတီ (ANP) က မေတ္တာရပ်ခံသည်။

COVID-19 ကို တားဆီးထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ တိုက်ပွဲများ ယာယီရပ်ဆိုင်းရေး အပါအဝင် အချက်ငါးချက် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် ကြေညာချက်ကို ANP ပါတီက မတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက်ခံထားရ၍ COVID-19 နှင့်ပတ်သက်သည့် အစိုးရမှ ထုတ်ပြန်ကြေညာသော ကာကွယ်ရေးဆိုင်ရာအသိ ပညာပေးချက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိရန် အလွန်ခက်ခဲသောကြောင့် အင်တာနက်လိုင်း ပြန်လည်ဖွင့်လှစ်ပေးရန်လည်း မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အင်တာနက်ကို ပိတ်ထားတဲ့အဆင့်မှာ သတင်းစီးဆင်းမှုက လုံးဝအမှောင်ကျတဲ့ အနေအထားဖြစ်နေတယ်။ ကမ္ဘာ့ခေတ်မီနိုင်ငံတွေတောင်မှ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်မှာ ဒီဒုက္ခတွင်းထဲကို နောက်တစ်မျိုးနဲ့ တွန်းထည့်လိုက်သလို ဖြစ်မှာစိုးတဲ့အတွက် အင်တာနက်ဖြတ်တောက်တာကို ဖွင့်ပေးဖို့က တစ်ချက်။ ပြီးရင် ဒီလို ပြွတ်သိပ်ပြီးတော့ အစာရေစာနေထိုင်မှုကအစ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိုဗစ်နဲ့ မအပ်စပ်တဲ့ လူနေမှုစနစ်တစ်ခုကို ရပ်တန့်ဖို့က စစ်ပွဲတွေကို နှစ်ဖက်ရပ်တန့်ဖို့။ တစ်ဖက်တည်းနဲ့ ရပ်လို့ရတာမှ မဟုတ်တာ။ ဒါတွေကို ၀ိုင်းဝန်းထိန်းသိမ်း အဖြေရှာပြီးတော့ လူသားအားလုံးရဲ့ လုံခြုံရေးကို လုပ်သင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ပြောကြားသည်။

COVID-19 သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဆိုးကျိုးကို ဖြစ်စေနိုင်သောကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် နယ်စည်းမခြား၊ လူမျိုးမခြား၊ ရန်သူမိတ်ဆွေမခြား၊ အဖွဲ့အစည်းအချင်းချင်း၊  အစိုးရအချင်းချင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ANP ပါတီက အကြံပြုသည်။

ထို့အတူ ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို လူသားချင်းစာနာမှုအနေဖြင့် အမြန်ကူညီဆောင်ရွက်ပေးရန် မြန်မာအစိုးရနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများကို ANP ပါတီက တောင်းဆိုထားသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်းတပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့နယ် ၁၀ ခုတွင် စစ်ဘေးရှောင် ဦးရေ တစ်သိန်းခွဲကျော်ရှိလာသည်ဟု စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) မှ သိရသည်။

စစ်ဘေးရှောင်ဦးရေ အများဆုံးရှိ မြို့နယ်များမှာ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းတို့ဖြစ်ပြီး စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ အမ်း စသည့် မြို့နယ်များတွင်လည်း စစ်ဘေးရှောင်စခန်းများ ရှိနေကြောင်း သိရသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသတွင်းတည်ငြိမ်မှု အနေအထားအရဟုဆိုကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားသည်။

ထို့ပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ပြည်ထဲရေးဝန်ကြီးဌာနက မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် မတ် ၂၃ ရက်က ကြေညာလိုက်သည့်အပေါ် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Most Read

Most Recent