မောင်တောမြို့နယ် ဆေးရုံအဆင့်မြှင့်တင်ရေးနှင့် မန္တလေးမြို့တော် အမှိုက်သိမ်းစနစ်တိုးတက်ရေး စီမံကိန်းနှစ်ခုအတွက် ဒေါ်လာခြောက်သိန်းခွဲကျော် ဂျပန်အစိုးရ ထောက်ပံ့

မောင်တောမြို့နယ် ဆေးရုံအဆင့်မြှင့်တင်ရေးနှင့် မန္တလေးမြို့တော် အမှိုက်သိမ်းစနစ်တိုးတက်ရေး စီမံကိန်းနှစ်ခုအတွက် ဒေါ်လာခြောက်သိန်းခွဲကျော် ဂျပန်အစိုးရ ထောက်ပံ့
Published 24 March 2020
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် တိုးတက်ရေး စီမံကိန်းတို့အတွက် အမေရိကန်ဒေါ်လာ ခြောက်သိန်းခွဲကျော် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဒေါ်လာ ၄၇၆၈၄၀ နှင့် မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် တိုးတက်ရေးစီမံကိန်းအတွက် ဒေါ်လာ ၁၈၇၅၀၀ ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါစီမံကန်းနှစ်ခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို အစီအစဉ်နှစ်ရပ် ဖြင့်ကျင်းပခဲ့ပြီး ပထမအစီအစဉ်အဖြစ် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံအဆင့် မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်သံအမတ်ကြီးနှင့် မောင်တောမြို့နယ် ဆေးရုံကိုယ်စားလှယ်တို့ သဘောတူစာချုပ်လက်မှတ်ရေး ထိုးကြသည်။

“ရခိုင်ပြည်နယ်မှာဆိုရင် စီးပွားရေးတိုးတက်မှု အင်မတန်မှ မြန်မာနိုင်ငံမှာ နောက်ကျတဲ့ဒေသဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကြီးတာက လူမှုရေးကဏ္ဍ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို အဲဒါကို ဦးစားပေးပြီးတော့ ဆက်လက်ပြီးတော့ အကူအညီပေးဖို့ စဉ်းစားနေပါတယ်” မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမာက ပြောကြားသည်။

လက်ရှိ မောင်တောမြို့နယ်ဆေးရုံတွင် ပြင်ပလူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်မရှိသောကြောင့် ပြင်ပလူနာများကို အတွင်းလူနာဆောင်ရှိ နေရာတစ်ခုတွင် ထားရှိကုသရပြီး အထူးကြပ်မတ်ကုသဆောင် မရှိသောကြောင့် အရေးပေါ်လူနာများကို အခြားသောလူနာများနှင့်အတူတကွ ကုသရကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံအတွက် ပေးအပ်သည့် ထောက်ပံ့ငွေများဖြင့်  ပြင်ပလူနာဆောင်၊ အရေးပေါ်လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်တို့ ဆောက်လုပ်ခြင်းနှင့် လိုအပ်သော ဆေးပစ္စည်းကိရိယာများ ဝယ်ယူခြင်းအတွက် သုံးစွဲသွားမည်ဟု မောင်တောမြို့နယ် ဆေးရုံအုပ် ဒေါက်တာကျော်မောင်မောင်သိမ်းက ပြောကြားသည်။

လက်ရှိ မောင်တောမြို့နယ် ဆေးရုံသည် ခုတင် ၅၀ ဆံ့ ဆေးရုံဖြစ်ပြီး ဆေးရုံအဆင့်မြှင့်တင်ရေးစီမံကိန်းများကို ဧပြီလတွင် စတင်ဆောင်ရွက်ရန် လျာထားပြီး တစ်နှစ်စီမံကိန်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် ဂျပန်သံအမတ်ကြီးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် တိုးတက်ရေး စီမံကိန်းအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

အဆိုပါ ထောက်ပံ့ရေးအစီအစဉ်အဖြစ် ပေးအပ်သည့် အီဆူဇူအမှိုက်ကား သုံးစီးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အသုံးပြုသွား မည်ဖြစ်သည်။

“မန္တလေးမှာ စည်ပင်သာယာရေးနယ် နိမိတ်ခြောက်မြို့နယ်ရှိပါတယ်။ အဲဒီထဲကမှ ဖွံ့ဖြိုးမှုနည်းတဲ့ အမရပူရနဲ့ ပြည်ကြီးတံခွန် မြို့တွေအတွက် အဓိကရည်ရွယ်ပြီး ဂျပန်အစိုးရလှူဒါန်းတဲ့ အမှိုက်ကားသုံးစီးက အားတက်စရာ ကောင်းပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောကြားသည်။

ဂျပန်အစိုးရသည် ၁၉၉၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် အခြားသော စီမံကိန်းအချို့ကို ထောက်ပံ့ခဲ့သည်ဟု ဂျပန်သံရုံးက ဆိုသည်။

အဆိုပါ ထောက်ပံ့မှုများထဲတွင် ပညာရေးထောက်ပံ့ရေးစီမံကိန်းမှာ ၄၉၃ ခုအဖြစ် အများဆုံး ထောက်ပံ့ခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent