NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် စျေးတွက်တွက်နေသည့် သဘောရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောကြား

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် စျေးတွက်တွက်နေသည့် သဘောရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောကြား
Published 15 March 2020
ကောင်းခန့်လင်း (မုံရွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် စျေးတွက်တွက်နေသည့် သဘောရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

မုံရွာမြို့တွင် မတ် ၁၄ ရက်က GLORIOUS Monywa ဟိုတယ်၌ ပြုလုပ်သည့် ဖက်ဒရယ်ရေးရာ သင်တန်းအပြီး နောက်တစ်နေ့တွင် The Daily Eleven သတင်းစာနှင့် သီးသန့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေခြင်းသည် တစ်ဖွဲ့ချင်းစီ၏ မတူညီသည့် နောက်ခံသမိုင်းများ၊ အခက်အခဲများနှင့် အခြေအနေများကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မလိုချင်၍ မဟုတ်ဘဲ တစ်ဖွဲ့ချင်းစီ၏ အခြေအနေနှင့် တိုက်ဆိုင်မှုကိုကြည့်ပြီး မည်သည့်အချိန်တွင် ထိုးရမည်ကို စျေးတွက်တွက်နေသည့် သဘောမျိုးရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“အခုအချိန်ထိ မထိုးဖြစ်သေးတဲ့အဖွဲ့တွေက ကျန်တယ်။ ကျန်ပုံကျန်နည်းကလည်း နောက်ခံသမိုင်းက မတူတော့ တစ်ဖွဲ့ခြင်းရဲ့ အခက်ခဲ သူတို့ရဲ့ အခြေအနေကို ကျွန်တော်တို့က ထုတ်ပြောလို့ မကောင်းဘူး။ ဒါပေမဲ့ NCA ကို မထိုးချင်လို့တော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို မလိုချင်လို့တော့ မဟုတ်ဘူး။ တစ်ဖွဲ့ခြင်းရဲ့ အခြေအနေကို တိုက်ဆိုင်မှုကြည့်ပြီးတော့ ဒီအချိန်မှာ ထိုးရင် ပိုရမလား။ ဟိုအချိန်ကြမှ ထိုးရင် ပိုရမလား။ အဲဒီလို တွက်ပြီးတော့ နေတဲ့အဖွဲ့တွေလည်း ရှိတယ်။ အရပ်သား စကားပြောရင် စျေးတွက်တွက်နေတာပေါ့။ ဒီလိုတွက်ရင်း တွက်ရင်းနဲ့ ဒီအစိုးရ သက်တမ်းက ပြန်ကုန်တော့မယ်။ ဒါကြောင့် NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေက တွက်ချက်နေတဲ့ သဘောတော့ ရှိတာပေါ့” ဟု ၎င်းကဆိုသည်။

NCA လက်မှတ် မရေးထိုးထားသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အခွင့်အရေး များများစားစား မရှိခဲ့သည့်အတွက် ပါဝင်လာခြင်း မရှိကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲပြီးနောက်ပိုင်း NLD အစိုးရလက်ထက်တွင် အခွင့်အရေး ပိုရနိုင်မည်ကို စောင့်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ရှိကြောင်း၊ သို့သော်လည်း NLD အစိုးရအနေဖြင့် အချိန်တစ်နှစ်ခွဲခန့် ငြိမ်းချမ်းရေးဘက်ကို အာရုံမစိုက်နိုင်သည့်အတွက် အစိုးရသစ် လက်ထက်တွင် လက်မှတ်ထိုးရန် စောင့်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘဲ အချိန်ကြန့်ကြာသွားရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။

“ဦးသိန်းစိန်လက်ထက်မှာ ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးတဲ့ အဖွဲ့တွေက ဦးသိန်းစိန်က ၂၀၁၅ ရွေးကောက်ပွဲမှာ အခက်ခဲဖြစ်သွားတဲ့ အခါကျတော့ သူ့အနေနဲ့ ပြန်ဆုတ်ခွာဖို့အတွက် ကမန်းကတန်း ပြင်ဆင်ရတာကိုး။ အချို့ဟာတွေက အကောင်အထည်ဖော်တဲ့ နေရာတွေမှာ နည်းနည်းအခက်ခဲ ရှိသွားတာပေ့ါ။ အဲဒီတုန်းက လူထုအားပေးတဲ့ ရွေးကောက်ပွဲက အနိုင်ရမယ့်အစိုးရကို ပိုပြီး တော့ မျှော်လင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်းရှိတယ်။ ဒါကြောင့် ဦးသိန်းစိန်ခေတ်မှာ အခွင့်အရေးရတာက သိပ်မများဘူး။ ဒါကြောင့် မပါသေးဘူး။ ဒီမိုကရေ စီအစိုးရလက်ထက်မှာတော့ ပိုရမလားဆို ပြီးတော့ စောင့်ဦးမယ်ဆိုတဲ့ အဖွဲ့တွေက ရှိတယ်။ စောင့်ဦးမယ်ဆိုတဲ့အဖွဲ့တွေက လက်တွေ့အစိုးရသစ် လက်ထက်မှာ တစ်နှစ်ခွဲ လောက်က ပြည်တွင်းငြိမ်းချမ်းရေးကို အာရုံမစိုက်နိုင်ဘူး။ အစိုးရသစ်ကလည်း သူ့ရပ်တည်ရေး၊ သူ့ရဲ့ခိုင်မာရေး၊ သူ့ရဲ့လူထု ထောက်ခံမှုကို ပြန်ရရေးအတွက် ပြန်ပြီးတော့ လုပ်နေရတာပေ့ါ။ တစ်နှစ်ခွဲလောက်က ငြိမ်းချမ်းရေးကို အာရုံမစိုက်နိုင်တော့ အစိုးရသစ်နဲ့မှ လက်မှတ်ထိုးမယ်ဆိုတဲ့ အဖွဲ့တွေက စောင့်ရင်းစောင့်ရင်းနဲ့ ကြာသွားတာ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေပြီး အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်ကြသည့် “၀” လက်နက်ကိုင်အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးအတွက် အစိုးရနှင့် အလျဉ်းသင့်သလို ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲပြီး နောက်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်နှင့် NLD အစိုးရလက်ထက်တွင် NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသား ၁၀ ဖွဲ့ရှိခဲ့ပြီး ယင်းအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA/PC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (MNSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။

Most Read

Most Recent