၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဧပြီလအတွင်းကျင်းပရန်မသေချာသေးဘဲ ဧပြီအတွင်းပြုလုပ်မည့် အစည်းအဝေးများ၏ဆုံးဖြတ်ချက်များပေါ် မူတည်နေဟုဆို

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဧပြီလအတွင်းကျင်းပရန်မသေချာသေးဘဲ ဧပြီအတွင်းပြုလုပ်မည့် အစည်းအဝေးများ၏ဆုံးဖြတ်ချက်များပေါ် မူတည်နေဟုဆို
Published 9 March 2020
မင်းနိုင်စိုး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ဧပြီတွင် ကျင်းပရန် မသေချာသေးဘဲဖြစ်နေပြီး ညီလာခံ ဖြစ် မဖြစ်နှင့်ပတ်သက်၍ ဧပြီအတွင်း ပြုလုပ်မည့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် မူတည်နေကြောင်း NCA- SEAO ညှိနှိုင်းရေးအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA- SEAO များ၏ ညှိနှိုင်းရေးအဖွဲ့တို့ မတ် ၆ ရက်နှင့် ၇ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ ဗဟိုကော်မတီဝင်ဖြစ်သူ NCA- SEAO ညှိနှိုင်းရေးအဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဧပြီလအတွင်းမှာကတော့ UPC ဖြစ်လာဖို့ဆိုတာကတော့ သိပ်မသေချာသေးဘူး။ ဒါပေမဲ့ ဧပြီလထဲမှာ အစည်းအဝေးတွေ ရှိနေတယ်။ အဲဒီ အစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မှာဖြစ်တယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ထိုသို့ ဧပြီအတွင်း ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရန် မသေချာရခြင်းမှာ အချိန်ဇယားအရ လိုက်မမီသည့် အနေအထားများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ဧပြီအတွင်းတွင်မူ အစိုးရ၊ တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ၏ JICM အစည်းအဝေး ရှိကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

“ဧပြီလတော့ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ ဧပြီလ တစ်ရက်နေ့မှာ ကျွန်မတို့ အစည်းအဝေးရှိမှာ ဖြစ်ပါတယ်။ အချိန်ကလုပ်ဖို့ဟာက လိုက်လို့မမီနိုင်တာတွေ ရှိနေသေးတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် နေပြည်တော်၌ ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်အတွင်း၌ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအား ကျင်းပရန်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်။

ဧပြီအတွင်း ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပခြင်း အပါအဝင် အချက်ပေါင်း ရှစ်ချက်ကို JICM အစည်းအဝေးက ဆုံးဖြတ်ချက်ချခဲ့ပြီး အဆိုပါ JICM ဆုံး ဖြတ်ချက်များအား အကောင်အထည်ဖော်ရန်အတွက် အစိုးရနှင့် NCA- SEAO ညှိနှိုင်းရေးအဖွဲ့များအကြား ညှိနှိုင်းအစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Most Read

Most Recent