စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
Photo: EPA
Photo: EPA
Published 8 March 2020

ပါးမား - SPAL (တနင်္ဂနွေည ၆:၀၀ နာရီ)

ပါးမားက ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ခွင့်ရှိနေပြီး SPAL ကတော့ တန်းဆင်းရမယ့်အခြေအနေနီးစပ်နေပါပြီ။ နောက်ပိုင်း ပွဲတွေမှာ ကြိုးစားရုန်းကန်နေပေမယ့် ရမှတ်တွေနဲ့ SPAL ဝေးနေဆဲပါပဲ။ ပါးမား အနိုင်သေချာပါတယ်။ 

 

အေစီမီလန် - ဂျီနိုအာ (တနင်္ဂနွေည ၈:၃၀ နာရီ) 

တန်းဆင်းဇုန်ကလွတ်မြောက်ရေးအတွက် ဂျီနိုအာ ရုန်းကန်နေပြီး ခြေစွမ်းလည်းတိုးတက်လာပါတယ်။ အေစီမီလန်က နည်းပြ ပီအိုလီလက်ထက်မှာ တည်ငြိမ်လာပေမယ့် တိုက်စစ်မှူးတွေ ဂိုးရဖို့ခက်နေတဲ့ ပြဿနာရင်ဆိုင်နေရပြီး ရယ်ဘစ် ကယ်တင်နေရပါတယ်။  အဝေးကွင်းနောက်ဆုံး(၃)ပွဲမှာ (၂)ပွဲသရေ၊ (၁)ပွဲနိုင်ထားတဲ့ ဂျီနိုအာရဲ့ကစားပုံကြောင့် အေစီမီလန် အခက်တွေ့နိုင်ပေမယ့် နိုင်ပွဲရပါလိမ့်မယ်။ 

 

ဆမ်ဒိုးရီးယား - ဗီရိုနာ (တနင်္ဂနွေည ၈:၃၀ နာရီ)

ဆမ်ဒိုးရီးယားက တန်းဆင်းဧရိယာပတ်ဝန်းကျင် ရောက်ရှိနေချိန်မှာ ဗီရိုနာက ဥရောပပြိုင်ပွဲဝင်ခွင့် မျှော်လင့်ခွင့်ရှိနေပါတယ်။ ဆမ်ဒိုးရီးယားက အိမ်ကွင်း(၃)ပွဲဆက်၊ ဗီရိုနာက အဝေးကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ထားလို့ ဒီပွဲက သရေကျနိုင်တယ်။

 

အူဒီးနီးစ် - ဖီအိုရင်တီးနား (တနင်္ဂနွေည ၁၁:၃၀ နာရီ)

နှစ်သင်းစလုံးရလဒ်တွေယိမ်းယိုင်နေပြီး အူဒီးနီးစ်က အခြေအနေပိုဆိုးပါတယ်။ တန်းဆင်းဧရိယာနဲ့ နီးကပ်နေတဲ့ အူဒီးနီးစ်က အမှတ်ပိုလိုအပ်နေပေမယ့် စုဖွဲ့မှုနဲ့ ကစားဟန်အရ ဖီအိုရင်တီးနားက ပိုပြီးတည်ငြိမ်ပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်ပြီး အူဒီးနီးစ် မရှုံးအောင် ကစားပါလိမ့်မယ်။

 

ဂျူဗင်တပ်စ် - အင်တာမီလန် (တနင်္လာနံနက် ၂:၁၅ နာရီ)

ကွင်းပိတ်ကစားရမှာဖြစ်လို့ ပရိသတ်တွေရဲ့ ပြင်းထန်တဲ့အားပေးသံတွေကို အီတလီဒါဘီမှာ မြင်တွေ့ကြားသိခွင့်ရမယ် မထင်ဘူး။ ဒါပေမဲ့ စီးရီးအေချန်ပီယံပြိုင်ဆိုင်မှုလမ်းမှာ အရေးပါတဲ့စီးချင်းထိုးပွဲဖြစ်လို့ နှစ်ဘက်အသင်းကစားသမားတွေဟာ တိုက်ပွဲဝင်စိတ်ထက်သန်နေပါလိမ့်မယ်။ အင်တာမီလန်နည်းပြ ကွန်တီအတွက် တူရင်အပြန်လမ်းဟာ အရင်လိုနွေးထွေးမှုတွေ ရှိနေပါဦးမလား။ ဂျူဗင်တပ်စ်ရဲ့ အခါးသီးဆုံးပြိုင်ဘက်ကို ကွန်တီ ပြောင်းရွှေ့ခဲ့လို့ ဂျူဗင်တပ်စ်ပရိသတ်တွေ စိတ်ပျက်ဒေါသထွက်နေမှာဖြစ်တဲ့အပြင် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်လာလို့လည်း ကွန်တီကို ပိုပြီးမုန်းတီးနေမလားပဲ။ ပထမအကျော့ပွဲစဉ်ကထက် ဒီပွဲဟာ ပိုပြီးအကြိတ်အနယ်ရှိလိမ့်မယ်။ လူကာကူ၊ စီရော်နယ်လ်ဒိုတို့ရဲ့ သွင်းဂိုးတွေမြင်ရနိုင်ပြီး (၉) ရာသီဆက် စီးရီးအေချန်ပီယံမျှော်လင့်ချက်အတွက် ဂျူဗင်တပ်စ် အနိုင်ကစားလိမ့်မယ်။

 

Most Read

Most Recent