မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဘဏ္ဍာနှစ်ငါးလအတွင်း ဒေါ်လာ ၁၆ ဒသမ ၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော် ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဘဏ္ဍာနှစ်ငါးလအတွင်း ဒေါ်လာ ၁၆ ဒသမ ၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော် ဖြစ်ပေါ်
Published 7 March 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငါးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၁၆ ဒသမ ၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းမျာအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏသည် ဒေါ်လာ ၇ ဒသမ ၆၅၂ ဘီလျံကျော် ရှိသည်။ သို့သော်လည်း ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၈ ဒသမ ၆၆၁ ဘီလျံရှိသည်။ ငါးလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၃၁၄ ဘီလျံကျော်အထိ ကုန်သွယ်မှု ပြုလုပ်ထားသည်။

အဆိုပါကာလအတွင်း ကုန်သွယ်မှုလိုငွေဒေါ်လာ တစ်ဘီလျံကျော် ဖြစ်ပေါ်နေသည်။ လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၁၀၀၉ ဒသမ ၂၀၈ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၈၀၆ ဒသမ ၁၂၇ သန်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသည့် ကုန်သွယ်မှုလိုငွေမှာ ယခင်နှစ်ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာ ၂၀၃ ဒသမ ၀၈၁ သန်း ပိုမိုဖြစ်ပေါ်နေသည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ့်ပြည်တွင်းလည်း စားသုံးမှုအား ကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်က လုပ်ငန်းတွေက တိုးတက်မှာ။ ဒါတွေက လျှော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့၊ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျှော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျှော့လို့မရဘူး။ ဆေးဝါးကလည်း လျှော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျှော့လို့မရဘူး” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

 

Most Read

Most Recent