ဖွဲ့စည်းပုံပြင်ဆင်ရန် လွှတ်တော်အတွင်း အင်အားကြီးအဖွဲ့နှစ်ခု ညီညွတ်မှသာ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံ့အကျပ်အတည်းနှင့် တိုင်းရင်းသားပြည်သူများ၏ အခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် ရန်ဖြစ်ချင်ယောင်မဆောင်ကြရန် ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရန် လွှတ်တော်အတွင်း အင်အားကြီးအဖွဲ့နှစ်ခု ညီညွတ်မှသာ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံ့အကျပ်အတည်းနှင့် တိုင်းရင်းသားပြည်သူများ၏ အခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် ရန်ဖြစ်ချင်ယောင်မဆောင်ကြရန် ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
Published 4 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံပြင်ဆင်ရန် လွှတ်တော်အတွင်း အင်အားကြီးအဖွဲ့နှစ်ခု ညီညွတ်မှသာ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံ့အကျပ်အတည်းနှင့် တိုင်းရင်းသားပြည်သူများ၏ အခက်အခဲ ဖြေရှင်းနိုင်ရေးအတွက် ရန်ဖြစ်ချင်ယောင် မဆောင်ကြရန် ရခိုင်အမျိုးသားပါတီဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က တိုက်တွန်း ပြောကြားသည်။

မတ် ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိလွှတ်တော်မှာတော့ ပြင်ဆင်ချက်တင်နိုင်တဲ့ အင်အားရှိတဲ့ အဖွဲ့အစည်း နှစ်စုပဲရှိနေသလို ပြင်ဆင်ချက်အောင်မြင်နိုင်ဖို့လည်း ဒီအဖွဲ့အစည်းနှစ်ခုက ညီညွတ်မှသာ အောင်မြင်နိုင်မယ်ဖြစ်သလို ခိုင်လုံမဲ ၄၉၂ မဲကိုလည်းကို ရမှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့အကျပ်အတည်း ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်စေရေးအတွက် ခိုင်လုံမဲရနိုင်လောက်တဲ့ အဖွဲ့အစည်းများ ရန်ဖြစ်ချင်ယောင်ဆောင်မနေဘဲ အားနည်းနေတဲ့ တိုင်းရင်းသားအခွင့်အရေးများကို ခွဲဝေပေးနိုင်ကြပါစေလို့ ဆုတောင်းပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြင်ဆင်နိုင်ရန် ဥပဒေနှင့် အညီဖြစ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်း ၂၀ လက်မှတ်ထိုးပြီး ပြည်ထောင်စုလွှတ်တော်တွင် အဆိုပြု တင်ပြရသည့်အပြင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ အောင်မြင်သည့်ပြင်ဆင်ချက်ဖြစ်သည့်အတွက် တိုင်းရင်းသားများအနေဖြင့် လိုချင်သည့်အရာများကို ပြင်ဆင်လိုပါက လက်ရှိအခြေအနေအရ ပြင်ဆင်ချက် တင်ဆောင်နိုင်သည့် အင်အားမရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဥပဒေမူကြမ်းပါ ပုဒ်မများကို ဆွေးနွေးရာတွင် နောက်ဆက်တွဲ( ဇ-၂) ပုဒ်မ (၈)ပါ မူလတွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ပြီး ပြင်ဆင်ချက်တွင် နိုင်ငံတော်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပြင်ဆင်ထားခြင်းကို ထောက်ခံကြောင်း ဦးမြင့်နိုင်က ဆိုသည်။

“ဒီအချက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာလည်း သဘောတူပြီးသား အချက်ပါ ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ပြီးသား ဖြစ်ပါတယ်။ ဒီအချက်ကို အတည်ပြုပြီးရင်းတော့ ပြင်ဆင်ပေးရန် လိုအပ်ပါလိမ့်မယ်။ ရှေ့နောက်ညီညွတ်ရန်အတွက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တိုု့ တိုင်းရင်းသားပြည်သူတွေလည်း မျှော်လင့်နေတဲ့ နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက်ပါ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်အောင်သာ ဖန်တီးပေးကြပါ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် စစ်စစ်အမှန်တကယ်ဖြစ်လာရင် လက်ရှိနိုင်ငံတော်အတွင်း ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသများရဲ့ ပြဿနာအချို့တွေကိုလည်း ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် နောက်ဆက်တွဲ(စျ-၂)တွင် ပါဝင်သည့် ပုဒ်မ ၂၆၁(ခ)၊၂၆၁(ဂ)၊၂၆၁(င) ပါ ပြင်ဆင်ချက်များကို ထောက်ခံကြောင်း၊ ပုဒ်မ ၂၆၁(ခ)ခြေဆင်းမှာ မူလက နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့် အပ်တာဝန်ပေးရန်ပါရှိပြီး ပြင်ဆင်ချက်တွင်မူ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်နိုင်ရန်ဟု ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဦးမြင့််နိုင်က ပြောကြားသည်။

“ ဒီအချက်က ကျွန်တော်တို့ ပြည်နယ်/ တိုင်းတွေရဲ့ လုပ်ပိုင်ခွင့်အချို့ကို ရရှိစေရေးနဲ့ နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အခွင့်အာဏာအချို့ကို လျှော့ချပေးအပြင် ပုဒ်မ(၈) ပါ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့လည်း ကိုက်ညီနေပါတယ်။ လုံးဝ အတည်ပြုပေးသင့်တဲ့ ပုဒ်မများဖြစ်ပါတယ်။ ဒီပုဒ်မတွေကို အတည်ပြုပေးလိုက်ခြင်းဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်နယ်များမှ တိုင်းရင်းသားအခွင့်အရေးများကို ဖော်ဆောင်ပေးလိုက်တဲ့ ပြင်ဆင်ချက်တစ်ခုဖြစ်သလို ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ ပြည်ထောင်စုမှ အာဏာအချို့ကို ပြည်နယ်များသို့ ခွဲဝေကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အချို့ကို ရရှိအောင် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဒီပုဒ်မတွေကို ပြင်ဆင်သလို အခြားပုဒ်မအချို့ကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သင့်ပါတယ” ဟု ၎င်းက ဆိုသည်။

ထိုသို့ ပြင်ဆင်ရာတွင်လည်း ကိုယ့်အစုအဖွဲ့ အကျိုးစီးပွားနစ်နာသွားမည်၊ အများစုမှ အနည်းစုကို လျှော့ပေးလိုက်ရမည်ကို မကြည့်ကြဘဲ နိုင်ငံတော်အကျိုး တိုင်းရင်းသားပြည်သူများ၏အကျိုးကို မျှော်ကိုးပြီး ပြင်ဆင်ပေးသင့်ကြောင်း၊ ထို့ပြင် နောက်ဆက်တွဲ (စျ-၂)ပါ ပုဒ်မ ၂၆၂(စ)၊၂၆၂(ဋ)၊၂၆၂(ဌ)၊၂၆၂(ဎ)(၂)၊ ပုဒ်မ ၂၆၄(က) ပြင်ဆင်ချက်များကို ထောက်ခံကြောင်း ဦးမြင့်နိုင်က ဆွေးနွေးပြောကြားသည်။

 

 

Most Read

Most Recent