ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)၊ (ခ) တို့တွင် အကျုံးဝင်သော ပုဒ်မနှင့် ပုဒ်မခွဲများအပေါ် မဲခွဲဆုံးဖြတ်မှု မတ် ၁၀ ရက်တွင် ပြုလုပ်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)၊ (ခ) တို့တွင် အကျုံးဝင်သော ပုဒ်မနှင့် ပုဒ်မခွဲများအပေါ် မဲခွဲဆုံးဖြတ်မှု မတ် ၁၀ ရက်တွင် ပြုလုပ်မည်
Published 4 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)၊ (ခ)တို့တွင် အကျုံးဝင်သော ပုဒ်မနှင့် ပုဒ်မခွဲများအပေါ် မဲခွဲဆုံးဖြတ်မှု မတ် ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာသည်။

မတ် ၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၏အဆုံးအဖြတ်ရယူမည့် အစီအစဉ်လျာထားမှုအပါအဝင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ဦးတီခွန်မြတ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ၏ နောက်ဆက်တွဲဇယား ဇ(၂)၊ စျ(၂)တို့ ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားများဖြစ်သော ဇယားနှစ်ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို မတ် ၁၀ ရက်တွင် စတင်ဆောင်ရွက်ရန်လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားသည်။

“ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက်ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခုပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယားကို နောက်ဆက်တွဲ ဇ(၂)ကို အပိုင်း လေးပိုင်း ဆန္ဒမဲလက်မှတ်လေးစောင်ခွဲခြားပြီး လည်းကောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက်ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခုပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက် ဇယားနောက်ဆက်တွဲ စျ (၂)ကို အပိုင်း ငါးပိုင်း ဆန္ဒမဲလက်မှတ် ငါးစောင်ခွဲခြားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားသည်။

 ဆန္ဒမဲလက်မှတ် စုစုပေါင်း ကိုးစောင်အနက် တစ်စောင်ချင်းစီတွင်ပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအတွက် အသေးစိတ် နမူနာပုံစံများကိုလည်း ဖြန့်ဝေထားပြီး ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က) နှင့်သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် လေးကြိမ် အဆုံးအဖြတ်ရယူခြင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့်သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်းများကို ငါးကြိမ်ခွဲ၍ ဆောင်ရွက်ရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားသည်။

“ ထူးခြားမှုတစ်ခုအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆ ပုဒ်မခွဲ(က)မှာ အကျုံးဝင်တဲ့ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)အတွက် ပြင်ဆင်ချက်နှစ်ခု ပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ နမူနာပုံစံဆန္ဒမဲ လက်မှတ်ရဲ့ အမှတ်စဉ်(၁)မှာ တွေ့ရှိနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ ပြင်ဆင်ချက်နှစ်ခုလုံးကို ဆန္ဒပြုရမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်နှစ်ခုလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိခဲ့ရင် ထောက်ခံမဲပိုများတဲ့ ပြင်ဆင်ချက်ကို အတည်ပြုမှာဖြစ်ပါကြောင်း ကြိုတင်မှာကြားလိုပါတယ်” ဟု ပြောကြားသည်။

အထက်ပါကဲ့သို့ အဆုံးအဖြတ်ရယူခြင်းတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲကျင်းပသည့် ပုံစံအတိုင်း အခြေခံပြီး ဆန္ဒမဲလက်မှတ်အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆုံးအဖြတ်ရယူသည့် အစီအစဉ်တွင် လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့ ရှစ်ဖွဲ့၏ဆောင်ရွက်မှုအပေါ် တစ်ဖွဲ့ကို လေးဦးနှုန်းနှင့် ကြီးကြပ်စောင့်ကြည့်နိုင်ရန် ကိုယ်စားလှယ် ၃၂ ဦး၏ အမည်စာရင်းကို နိုင်ငံရေးပါတီ၊ အစုအဖွဲ့အလိုက် သင့်တော်သည့် အင်အားသတ်မှတ်တောင်းခံထားပြီး NLD ပါတီက ၁၂ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီက ငါးဦး၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်များမှ နှစ်ဦးစီ၊ တအောင်းပလောင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပအို့ဝ်အမျိုး သားအဖွဲ့ပါတီများမှ တစ်ဦးစီဖြစ်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် စတင်မည့်ရက်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ထပ်မံရှင်းလင်း ပြောကြားပေးသွားမည်ဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက က “အခုအချိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါအတိုင်း ဆောင်ရွက်နေတဲ့ကာလ ဖြစ်ပါတယ်။ လွှတ်တော်အတွင်း ရောက်ရှိနေကြတဲ့ နိုင်ငံရေးပါတီအစုအဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ ဥပဒေနဲ့အညီ တူညီတဲ့အခွင့်အရေးကို ရယူအသုံးပြုခွင့် ရရှိနေတဲ့ အချိန်ကာလဆိုတာကိုလည်း ထပ်မံပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အခြေအနေ၊ အချိန်အခါ၊ ဦးစားပေးအလိုက် ပြီးပြတ်အောင် အတတ်နိုင်ဆုံးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရရှိထွက်ပေါ်လာသော ရလဒ်များအပေါ်တွင်လည်း နားလည်လက်ခံကြရမည်ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုပြီး အားလုံးက ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။

မတ် ၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအထိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် လွှတ်တော်တွင်းဆွေးနွေးရန် အမည်စာရင်း လျာထားခဲ့သည့် ကိုယ်စားလှယ် ၁၄၉ ဦးအနက် ၂၃ ဦးသာ ဆွေးနွေးရန်ကျန်ရှိပြီး ယနေ့ (မတ် ၅ ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုအစည်းအဝေးတွင် ယင်းကိုယ်စားလှယ်များက ဆွေးနွေးသွားမည်ဖြစ်သည်။

Most Read

Most Recent