ကချင်ပါတီအချို့ ပူးပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီသို့ KNC ပါတီမှနုတ်ထွက်ထားသည့် ပါတီဝင်အချို့ ဝင်ရောက်ခြင်းဖြစ်ပြီး ပါတီဖျက်သိမ်း၍ ပူးပေါင်းခြင်းမရှိဟု KNC ပါတီဥက္ကဋ္ဌ ပြောကြား

ကချင်ပါတီအချို့ ပူးပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီသို့ KNC ပါတီမှနုတ်ထွက်ထားသည့် ပါတီဝင်အချို့ ဝင်ရောက်ခြင်းဖြစ်ပြီး ပါတီဖျက်သိမ်း၍ ပူးပေါင်းခြင်းမရှိဟု KNC ပါတီဥက္ကဋ္ဌ ပြောကြား
Published 3 March 2020

ကချင်နိုင်ငံရေးပါတီအချို့ ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သို့ ဝင်ရောက်သည့် ပါတီဝင်အချို့မှာ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) မှ နုတ်ထွက်ထားသူများဖြစ်ပြီး ပါတီအနေဖြင့် ဖျက်သိမ်းခြင်းမရှိကြောင်းနှင့် KSPP သို့လည်း ပူးပေါင်းဝင်ရောက်ခြင်းမရှိကြောင်း KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ပထမအကြိမ် ညီလာခံအတွင်း လုပ်ဆောင်မည့် ကိစ္စရပ်များအပါအဝင် ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မှုနှင့်စပ်လျဉ်း၍  မတ် ၂ ရက်တွင် The Daily Eleven သတင်းစာက မေးမြန်းရာတွင် KSPP ပါတီဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်စသည့် နိုင်ငံရေးပါတီသုံးခု ပူးပေါင်းမှုဖြင့် စတင်ပေါ်ပေါက်လာခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီနှင့် ဖျက်သိမ်းပြီး ကချင်ပါတီတစ်ခုမှ ပါတီဝင်အချို့ ထပ်မံပူးပေါင်းပါဝင်လာခြင်းကြောင့် လက်ရှိတွင် ပါတီခြောက်ပါတီမှ ပါတီဝင်များ စုပေါင်းဖွဲ့စည်းထားသည့် ပါတီဟုဆိုနိုင်ကြောင်း စသည်ဖြင့် ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ ပြောကြားမှုအပေါ် KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပါတီမှနုတ်ထွက်ထားသူများသာ KSPP သို့ ပူးပေါင်းခြင်းဖြစ်ကြောင်းနှင့် ခြောက်ပါတီဆိုသည့် စကားရပ်သည် ဥပဒေအရ တရားမဝင်ဟု မတ် ၃ ရက် တွင် The Daily Eleven သတင်းစာ၏ မှတ်ချက်တောင်းခံမှုကို ပြန်လည်ပြောကြားသည်။

“ပါတီဝင်အချို့နုတ်ထွက်ပြီး သွားပူးပေါင်းထားတာပဲရှိတယ်။ ပါတီကဖျက်သိမ်းထားခြင်း၊ ပူးပေါင်းထားခြင်းမရှိဘူး။ ခြောက်ပါတီဆိုတဲ့ စကားအသုံးအနှုန်းကလည်း ဥပဒေကြောင်းအရတရားမဝင်ဘူး။ ဒါကိုလက်မခံပါဘူး။ ကန့်ကွက်ပါတယ်” ဟု ဒေါက်တာ M ကောန်လက ပြောကြားသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီသည် တိုင်းရင်းသား ပါတီ ၁၂ ပါတီဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

“UNA မှာ ကျွန်တော်ကသဘာပတိအဖွဲ့ဝင် ဖြစ်တယ်။ နောက်တစ်ခါ ကျွန်တော်တို့က ကနဦးရှစ်ဖွဲ့မှာ မူရင်း သန္ဓေမှာပါတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့်မို့ လက်ရှိမှာလည်း တိုင်းရင်းသားနဲ့ ဆိုင်တဲ့၊ လူမျိုးစုတွေနဲ့ဆိုင်တဲ့ နိုင်ငံရေးမှာလည်း UNA ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ကြိုးစားပြီးလုပ်နေတယ်။ အတူမဟာမိတ်လုပ်ပြီး တည်ဆောက်နေတယ်။ ဒီလိုကာလမှာ ဒီသတင်းထွက်လာတာဟာ တော်တော်ဆိုးတယ်” ဟု ဒေါက်တာ Mကောန်လက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ်တို့ ပူးပေါင်း၍ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ တရားဝင်မှတ်ပုံတင်ရရှိခဲ့သည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီပါတီက ဖျက်သိမ်း၍ KSPP သို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ထပ်မံပူးပေါင်းပါဝင်ခဲ့သည်။

 

Most Read

Most Recent