ပုဒ်မ ၅၉ (စ) သည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့်အတွက် ရှိကိုရှိရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပုဒ်မ ၅၉ (စ) သည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့်အတွက် ရှိကိုရှိရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 1 March 2020
မျိုးထွန်း

ပုဒ်မ ၅၉(စ)သည် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့်အတွက် ရှိကိုရှိရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (မင်းကင်းမဲဆန္ဒနယ်) ဦးမောင်မြင့်က ပြောကြားသည်။

မတ် ၁ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြို့နယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲ၌ တက်ရောက်လာသူတစ်ဦးက ပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“၅၉ (စ) က နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားဖြစ်လို့၊ ကုန်အောင်ပြောမယ်ဗျာ။ ဒီဟာက ဒီဘက်ပိုင်းမှာ ပြောနေကြတယ်လေ။ ဆိုရှယ်မီဒီယာမှာပြောနေတာ ဟုတ်လား၊ မဟုတ်လားတော့မသိဘူး။ အသက် ၁၀၀ ကျော်အထိ သူကရှည်မှာလို့ ဘာလို့ လျှောက်ပြောနေတာ။ ဟုတ်လားမဟုတ်လားတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက ခုသူတို့ကအသက် ၇၆ နှစ်လောက် ရှိနေပြီလေ။ အသက်တစ်ရာဆို နောက်ထပ် ၂၅ နှစ်ပဲကျန်တယ်။ ၂၅ နှစ်နောက်ပိုင်းကျရင် ဒီဥပဒေကြီး ၅၉(စ) မရှိဘူးဆို ကျွန်တော်တို့ဖြစ်ပါ့မလား။ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့်မိုလို့ ကျွန်တော်တို့က ဒီတစ်ဦးတစ်ယောက်တည်းအတွက် ပြောတာ မဟုတ်ဘူး။ အဲဒီတော့ဒီကြားထဲမှာ ကျွန်တော်တို့အတွက် စိုးရိမ်ပူပန်မှုကဘာလဲဆိုတော့ နိုင်ငံသားတွေက တဖြည်းဖြည်း များလာပြီ။ နိုင်ငံသားဖြစ်နေပြီ။ ဥပမာအားဖြင့် ကျွန်တော်ဘာသာရေးကို ဖိနှိပ်ခွဲခြားပြီးပြောတာ မဟုတ်ဘူး။ ဦးကိုနီ မသေခင်က ပြောတယ်လေ။ ငါတို့ဘာသာဝင်တွေ ဘယ်လောက်ရာခိုင်နှုန်းရှိနေပြီ။ အဲဒါဆိုလို့ရှိရင် လွှတ်တော်မှာ ဘယ်နှယောက် ပါခွင့်ရမယ် ဘာညာနဲ့။ အဲဒါမျိုးသာပါပြီး အဲဒီလူတွေကနေ တန်းတက်သွားရင် ကျွန်တော်တို့ ကိုယ်ကျိုးမနည်းဘူးလား။ ဒါအတွက် ကျွန်တော်တို့က ၅၉(စ)က ရှိကိုရှိရမယ်” ဟု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (မင်းကင်းမဲဆန္ဒနယ်) ဦးမောင်မြင့်က ပြောကြားသည်။

ထို့နောက် မိမိတို့သည် တရုတ်လည်း မလိုလားသကဲ့သို့ တခြားမည်သည့်လူမျိုးကိုလည်း မလိုလားကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးအတွင်းမှဆိုလျှင် မည်သည့်တိုင်းရင်းသားဖြစ်စေ လက်ခံကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (မင်းကင်းမဲဆန္ဒနယ်) ဦးမောင်မြင့်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်နှင့်အတူ ပါဝင်ဆွေးနွေးသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်က “၅၉(စ)နဲ့ပတ်သက်လို့ ကျွန်မပြောချင်တယ်။ ၅၉ (စ)သည် ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်” ဟု ပြောကြားသည်။                                                    

 

 

Most Read

Most Recent