ရခိုင်ပြည်နယ် မြို့နယ်အချို့၌ အင်တာနက်လိုင်း ပိတ်ထားခြင်းသည် နိုင်ငံတော်၏ကာကွယ်ရေး လိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး အင်တာနက်လိုင်းကို ဖွင့်သင့်ဖွင့်ထိုက်သည့်အချိန်တွင် ပြန်ဖွင့်သွားမည်ဟုဆို

ရခိုင်ပြည်နယ် မြို့နယ်အချို့၌ အင်တာနက်လိုင်း ပိတ်ထားခြင်းသည် နိုင်ငံတော်၏ကာကွယ်ရေး လိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး အင်တာနက်လိုင်းကို ဖွင့်သင့်ဖွင့်ထိုက်သည့်အချိန်တွင် ပြန်ဖွင့်သွားမည်ဟုဆို
Published 22 February 2020
ဇေယျာထွန်း

ရခိုင်ပြည်နယ် မြို့နယ်အချို့၌ အင်တာနက်လိုင်း ပိတ်ထားခြင်းသည် နိုင်ငံတော်၏ကာကွယ်ရေး လိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ပြီး အင်တာနက်လိုင်းအား ဖွင့်သင့် ဖွင့်ထိုက်သည့်အချိန်တွင် ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးမြို့နယ်အား အင်တာနက်လိုင်းပိတ်ရန် တပ်မတော်ဘက်မှ နိုင်ငံတော်အစိုးရထံသို့ တင်ပြခဲ့ပြီး အစိုးရအနေဖြင့် စိစစ်ဆောင်ရွက်၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ကိုသာ အင်တာနက်လိုင်း ပိတ်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒါတွေက နိုင်ငံတော်ကာကွယ်ရေး လိုအပ်ချက်အရ လုပ်သင့် လုပ်ထိုက်တာတွေ။ နိုင်ငံတကာမှာလည်း လုပ်ပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ အရေးကြီးတဲ့ ဟာတွေအပေါ်မှာ လုပ်ဆောင်တာတွေရှိတယ်။ တစ်ဖက်ကလည်း လူ့အခွင့်အရေးဆိုင်ရာ Complain ရှိမှာသေချာတယ်။ သေချာသော်ငြားလည်း အခုကျွန်တော်တို့ နိုင်ငံအနေနဲ့ အဓိကထားရမှာကတော့ အဲဒေသ တည်ငြိမ်အေးချမ်းရေးပေါ့။ အခုဆိုရင် ပိုပြီးတော့ ရှုပ်ထွေးလာတယ်။ ဒါသည်လည်း အမြဲတမ်းထာဝရ ပိတ်ထားမှာ မဟုတ်ဘူး။ ဖွင့်သင့်ဖွင့်ထိုက်တဲ့ အချိန်ကျရင်ပြန်ဖွင့်မှာ ဖြစ်တယ်။ အကန့်အသတ်တော့ရှိတယ်။ ဒါပေမယ့်လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်အရ လုပ်ဆောင်ရတဲ့အခါတွေတော့ ရှိပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ယင်းကဲ့သို့ အင်တာနက်လိုင်း ပိတ်လိုက်သော်လည်း တစ်နေရာနှင့် တစ်နေရာ သတင်းစကားပါး၍ ရအောင် ဖုန်းဆက်သွယ်မှုများအား ဖြတ်တောက်ခြင်းမရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

“တစ်နေရာနဲ့ တစ်နေရာ သတင်းစကားပါးလို့မရအောင် အခြေအနေတော့မဖြစ်ပါဘူး။ တချို့ဆိုရင် ဘင်္ဂလားဒေ့ရှ်ဆင်းကဒ်တွေ သုံးနေတာရှိတယ်။ အဲပေါ်မှာ ကျွန်တော်တို့က အခုအော်ပရေတာတွေနဲ့ ညှိနှိုင်းရပါတယ်။ ညှိနှိုင်းတဲ့အခါမှာလည်း တကယ့်နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးပေါ့။ အခုပြန်ကြည့်လိုက်ရင် အဲဒီမြောက်ပိုင်းမှာ အုပ်ချုပ်ရေးယန္တရား ဘယ်လောက်အခြေအနေထိ ဖြစ်သွားပြီလဲ သိပါလိမ့်မယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ARSA မှ တောင်ပြိုတွင် ဝင်ရောက်တိုက်ခိုက်သည့် ဖြစ်စဉ်များရှိသည့်အပြင် AA အဖွဲ့မှ မွတ်စလင်ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး အစိုးရအနေဖြင့် လုပ်ကိုင်ရ အခက်ဆုံး အနေအထားရောက်အောင် ရည်ရွယ်ချက်ရှိ လုပ်ဆောင်နေသည်ဟု မြင်မိကြောင်း  ဦးဇော်ဌေးက ဆိုသည်။

“ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီပေါ်မှာ ICC လို၊ ICJ လို နိုင်ငံတကာက စွပ်စွဲမှုတွေကလည်း အများကြီးရှိတယ်။ ဒီအပေါ်မှာ နိုင်ငံတကာက ပြောနေတာက အခု AA ကနေ ဒီအနေအထားကို ရှုပ်ထွေးလာအောင် လုပ်ဆောင်တဲ့ အပိုင်းတွေမပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအား အင်တာနက်လိုင်းပိတ်သည့်အပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာအရ လုပ်ဆောင်ရခြင်းဖြစ်ပြီး အချို့ကိစ္စရပ်များသည် တပ်မတော်၏ လုံခြုံရေးအရပြောဆို၍မရကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

“ ဒီလိုမျိုး မြို့လည်ခေါင်မှာ လူသတ်နေတယ်။ ဓားပြဆန်ဆန် လုပ်နေတာတွေရှိတယ်။ အဲဒါတွေလုပ်နေသ၍တော့ ဒါတွေက ခင်ဗျားတို့ပဲစဉ်းစားကြည့်ပေါ့။ ဒီအဖွဲ့အစည်းအပေါ် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုကို ဖေဖော်ဝါရီ ၃ ရက်မှ မေ ၂ ရက်အထိ  သုံးလ အင်တာနက်လိုင်း ပိတ်ထားမည်ဖြစ်ပြီး ကြားကာလအတွင်း တည်ငြိမ်အေးချမ်း ငြိမ်သက်သွားပါက ပြန်ဖွင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦသာဦးက ပြောကြားထားသည်။

၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်က ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်တွင် အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီး ဒေသအခြေအနေများ ငြိမ်းအေးလာခြင်းကြောင့် ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မောင်တော၊ ဘူးသီတောင်၊ ရသေ့တောင်၊ မြေပုံမြို့နယ်များအား သြဂုတ်လ ၃၁ ရက် ပြန်ဖွင့်ပေးခဲ့ပြီး လေးမြို့နယ်ကို ဆက်၍ ပိတ်ထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

 

 

Most Read

Most Recent