ရန်ကုန်မြို့ရှိ ဆရာစံပလာဇာ အဆောက်အအုံမြေနေရာသည် ဝန်ကြီးဌာနပိုင်ဖြစ်သော်လည်း အဆောက်အအုံနှင့် ပစ္စည်းများသည် နိုင်ငံပိုင်၊ အစိုးရပိုင်၊ ပြည်သူပိုင်များ မဟုတ်ဘဲ အသင်းပိုင်ငွေနှင့် ဝယ်ယူဆောက်လုပ်ထားခြင်းဖြစ်ပြီး အသင်းပိုင်သာဖြစ်ကြောင်း စိုက်/မွေး/ဆည် ဒုတိယဝန်ကြီး ရှင်းလင်း

ရန်ကုန်မြို့ရှိ ဆရာစံပလာဇာ အဆောက်အအုံမြေနေရာသည် ဝန်ကြီးဌာနပိုင်ဖြစ်သော်လည်း အဆောက်အအုံနှင့် ပစ္စည်းများသည် နိုင်ငံပိုင်၊ အစိုးရပိုင်၊ ပြည်သူပိုင်များ မဟုတ်ဘဲ အသင်းပိုင်ငွေနှင့် ဝယ်ယူဆောက်လုပ်ထားခြင်းဖြစ်ပြီး အသင်းပိုင်သာဖြစ်ကြောင်း စိုက်/မွေး/ဆည် ဒုတိယဝန်ကြီး ရှင်းလင်း
Published 22 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ရန်ကုန်မြို့ရှိ ဆရာစံပလာဇာ အဆောက်အအုံမြေနေရာသည် ဝန်ကြီးဌာနပိုင်ဖြစ်သော်လည်း အဆောက်အအုံနှင့် ပစ္စည်းများသည်  နိုင်ငံပိုင်၊ အစိုးရပိုင်၊ ပြည်သူပိုင်များမဟုတ်ဘဲ အသင်းပိုင်ငွေနှင့် ဝယ်ယူ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အသင်းပိုင်သာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ ပထမတွဲနှင့် ဒုတိယတွဲတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်၌ ပြန်လည်ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆရာစံပလာဇာ အဆောက်အအုံ စတင်ဆောက်လုပ်စဉ်က မြေငှားခပေးရန်ဖြစ်သော်လည်း သမဝါယမဝန်ကြီးဌာန ကိုယ်တိုင်ကပင် ကြီးကြပ်ပြီး သမဝါယမအသင်းများ ထည့်ဝင်ငွေနှင့် အဆောက်အအုံ စတင်ဆောက်လုပ်ခဲ့ခြင်းကြောင့် ပိုင်ရှင် သမဝါယမအသင်းကို အဆောက်အအုံလွှဲပြောင်း မပေးမချင်း မြေငှားခပေးရန် မလိုအပ်သည့် အနေအထားတွေ့ခဲ့ရကြောင်း၊ ဆရာစံပလာဇာ အဆောက်အအုံ ဆောက်လုပ်ပြီးစီးချိန်တွင် မူလရင်းနှီးငွေ ထည့်ဝင်ထားသော ပိုင်ရှင် သမဝါယမအသင်းများကို လွှဲပြောင်းပေးနိုင်ရန်အတွက် ရင်းနှီးငွေထည့်ဝင်ထားသော အသင်း ၆၇ သင်းပါဝင်သည့် ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းစုချုပ်လီမိတက်ကို သမဝါယမ ဥပဒေနှင့်အညီ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ဖွဲ့စည်းမှတ်ပုံတင်ဝင်ခဲ့ပြီးနောက် ပြီးစီးနေပြီဖြစ်သည့် သမဝါယမစီးပွားရေး ဗဟိုဌာန ဆရာစံပလာဇာကို လွှဲပြောင်းပေးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“တစ်ချိန်တည်းမှာပဲ သမဝါယမဝန်ကြီးဌာန အမည်ပေါက် ၁ ဒသမ ၉၆၆ ဧကကိုလည်း ယင်းအသင်းကို အစိုးရရဲ့ ခွင့်ပြုအရ နှစ်ရှည်ငှားရမ်းလိုက်ခြင်း ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ ပစ္စည်း Assets တွေဟာ နိုင်ငံပိုင်၊ အစိုးရပိုင်၊ ပြည်သူပိုင်များ မဟုတ်ဘဲ အသင်းပိုင်ငွေနဲ့ ဝယ်ယူဆောက်လုပ်ထားတဲ့ သမဝါယမ အသင်းပိုင်များသာ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် ဆရာစံပလာဇာ အဆောက်အအုံတွေဟာ သမဝါယမအသင်းများရဲ့ ရင်းနှီးထည့်ဝင်ငွေများဖြင့် ဆောက်လုပ်ထားတဲ့ အဆောက်အအုံများဖြစ်ကြောင်း စိစစ်သိရှိ ဖြေကြားအပ်ပါတယ်။ သို့သော်ငြားလည်းပဲ မြေဟာ ဝန်ကြီးဌာနပိုင်မြေ ဖြစ်ပါတယ်။ ရင်းနှီးငွေ ထည့်ဝင်ဆောက်လုပ်ထားတဲ့ အသင်းများရဲ့ ဖွဲ့စည်းထားတဲ့ ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းစုချုပ်ကို နှစ်ရှည်ငှားရမ်းခွင့်ပြုဖို့ သမ္မတဦးစီးရုံးကို ၂၀၁၅ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တင်ပြခွင့်ပြုမှု ရရှိယူခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

မြေငှားရမ်းခနှုန်းထားများနှင့် ပတ်သက်၍လည်း သုံးသပ်အကြံပြုနိုင်ရန် ယင်းအချိန်က တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့်တစ်ဝိုက် ကော်မရှင်က သတ်မှတ်သည့် မြေငှားရမ်းခနှုန်းထားများကို ပြန်ကြားပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခဲ့မှုရှိခဲ့ပြီး ကော်မရှင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တစ်ဝိုက်ရှိ မြေငှားရမ်းနှုန်းထားများအပေါ် အခြေခံစဉ်းစား၍ တွက်ချက်သင့်ကြောင်း၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အကြံပြုပြန်ကြားထားသည်ကို တွေ့ရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 ဒုတိယဝန်ကြီးက “ အဲဒီနောက် အကြံပြုချက်တွေနဲ့အညီ သမဝါယမဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးမှာ ဆွေးနွေးပြင်ဆင် ဆောင်ရွက်ခဲ့ပြီးတဲ့နောက် နှစ်ရှည်ငှားရမ်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ခွင့်ပြုချက်ကို နိုင်ငံတော်သမ္မတရုံးကို တင်ပြခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးအနေနဲ့လည်းပဲ ခွင့်ပြုချက်ရရှိခဲ့ပြီးတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ ညွှန်ကြားချက်နဲ့အညီ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး မှတ်တမ်းကောက်နုတ်ချက်အရ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာနှုန်းဖြင့် (ငှားရမ်းသည့်ရက် ငွေလဲလှယ်နှုန်း ပေါက်စျေးအတိုင်း) ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းစုချုပ်လီမိတက်သို့ ရှေ့နေချုပ်ရုံး၏ အကြံပြုသဘောထား မှတ်ချက်များနှင့်အညီ နှစ်ရှည်ငှားရမ်း ဆောင်ရွက်သွားမည်ဖြစ်၍ ခွင့်ပြုသဘောတူကြောင်း ၂၀၁၆ ခုနှစ် မတ် ၁၀ ရက် ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့မှုကို တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ပြန်ကြားချက်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှ ခွင့်ပြုချက်များအရ ငှားရမ်းခကို တစ်စတုရန်းမီတာလျှင် တစ်နှစ်အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာနှုန်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စာရင်းစစ်အစီရင်ခံစာနှင့်အညီ ငှားရမ်းကာလ (၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်အထိ) ငှားရမ်းခကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်ရှိသော မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်သည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းတစ်ဒေါ်လာလျှင် ၁၅၂၉ ကျပ်ဖြင့် ငွေကျပ် ၁၈၂ ဒသမ ၄၇ သန်းအပေါ် ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ငွေကျပ်   ၉ ဒသမ ၁၂ သန်းတို့ကို ပေးသွင်းဆောင်ရွက်စေခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 ထို့ပြင် စာရင်းစစ်အစီရင်ခံစာပါ ချုပ်ဆိုခဲ့သောစာချုပ်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လအထိ သုံးနှစ်အတွက် ငှားရမ်းခငွေ ကျပ် ၄၄၁ ဒသမ ၀၈၇ သန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကျပ် ၂၂ ဒဿမ ၀၅၄ သန်းနှင့် ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း ကျပ်သန်း၂ ဒသမ ၀၂၅ သန်းအား ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်တွင် ပေးသွင်းစေခဲ့ပြီးဖြစ်ပြီး အစီရင်ခံစာပါ စာချုပ်စည်းကမ်းအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နောက်ကျဒဏ်ကြေး တစ်ရာခိုင်နှုန်း ကျပ်သန်း ၁ ဒသမ ၄၇ သန်းကိုလည်း ပေးသွင်းစေခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent