အခွန်ပိုမိုရရှိရန် ကြိုးပမ်းရာတွင် အကျင့်ပျက်ခြစားမှု ပပျောက်ရေးနှင့် ကုမ္ပဏီကြီးများအနေဖြင့် အခွန်စာရင်း မှန်ကန်စွာ တင်ပြပေးဆောင်ခြင်း ရှိ မရှိ စစ်ဆေးရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး

အခွန်ပိုမိုရရှိရန် ကြိုးပမ်းရာတွင် အကျင့်ပျက်ခြစားမှု ပပျောက်ရေးနှင့် ကုမ္ပဏီကြီးများအနေဖြင့် အခွန်စာရင်း မှန်ကန်စွာ တင်ပြပေးဆောင်ခြင်း ရှိ မရှိ စစ်ဆေးရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး
ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 19 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

အလုပ်လက်မဲ့များပြားခြင်းနှင့် ဝင်ငွေမညီမျှမှု အခြေအနေများအကြား အခွန်ပိုမိုရရှိရန် ကြိုးပမ်းရာတွင် အကျင့်ပျက်ခြစားမှု ပပျောက်ရေးနှင့် ကုမ္ပဏီကြီးများအနေဖြင့် အခွန်စာရင်း မှန်ကန်စွာတင်ပြပေးဆောင်ခြင်း ရှိ မရှိကို စစ်ဆေးရန် လိုအပ်နေကြောင်း အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက လွှတ်တော်၌ အကြံပြုဆွေးနွေးသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀) တို့နှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ဒေါ်ချိုချိုက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံမှာ အစိုးရအသုံးစရိတ်၊ တိုင်းပြည်လည်ပတ်ငွေတွေကို အခွန်များမှ အဓိက သုံးရမှာဖြစ်တဲ့အတွက် အလုပ်လက်မဲ့ များပြားမှု၊ ဝင်ငွေမညီမျှမှု အခြေအနေများကြားတွင် အခွန်ပိုမိုရရှိရန် ကြိုးပမ်းမှုမှာ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ လုပ်ဆောင်သွားရန် လိုနေပြီဖြစ်တဲ့အတွက် အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်နေတဲ့ လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကို ရှာဖွေဖော်ထုတ်ပြီး ရသင့်ရထိုက်တဲ့ အခွန်များရရှိအောင် ဆောင်ရွက်ရမှာဖြစ်သလို အခွန်ထမ်းများကို အခွန်ငွေ ထမ်းဆောင်ပုံနဲ့ ထမ်းဆောင်ရမယ့် ငွေပမာဏကို  ရှုပ်ထွေးခြင်းမရှိအောင် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ အကျင့်ပျက်ခြစားမှု ပပျောက်ရန်နှင့် ကုမ္ပဏီကြီးများမှလည်း အခွန်စာရင်း မှန်ကန်စွာတင်ပြပေးဆောင်ခြင်း ဟုတ် မဟုတ် အခွန်ဌာနများမှ စစ်ဆေးရန် အဓိကလိုအပ်နေသည်များကို အခွန်ပိုမိုရရှိစေရန်အတွက် အကြံပြုလိုပါတယ်” ဟု ဒေါ်ချိုချိုက ပြောကြားသည်။

ထို့ပြင် အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန် ရရန်၊ ရသင့်ရထိုက်သောအခွန်များ ပို၍ရရှိရန်အတွက် အထက်ပိုင်းတွင် အရာရှိများခန့်ရန်ထက် နယ်မြေဆင်း၍ ပိုက်စိတ်တိုက် လေ့လာစုံစမ်းကောက်ခံနိုင်မှု၊ မှတ်တမ်းပြုစုနိုင်မည့် အောက်ခြေဝန်ထမ်းများ ပိုမိုခန့်ထားဆောင်ရွက်ပါက အခွန်ဘဏ္ဍာ ပိုမိုရရှိနိုင်မည့် နည်းလမ်းတစ်ခုဖြစ်နိုင်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စည်းကြပ်မှုမှကင်းလွတ်နေသည့် ဝင်ငွေများနှင့် အခြေခံပစ္စည်းဝယ်ယူမှုများအတွက် အခွန်နှုန်းထား လျှော့ပေါ့သတ်မှတ်ထားခြင်းကြောင့် သက်ဆိုင်ရာ ဌာနများအနေဖြင့် အစိုးရကချမှတ်ထားသော မူဝါဒအတိုင်း တိတိကျကျလိုက်နာဆောင်ရွက် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံအတွက် အခွန်ငွေများ ပိုမိုရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။

“ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများက တာဝန်ယူကောက်ခံရမယ့် အခွန်အကောက် ၂၂ မျိုးမှ လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်တဲ့ အခွန် ၁၃ မျိုးရှိပြီး လျာထားချက်အောက် လျော့နည်းကောက်ခံခဲ့တဲ့ အခွန်ရှစ်မျိုးရှိတယ်ဆိုရာမှာ လျာထားချက် မပြည့်မီတဲ့ အကြောင်းအရာတွေကို ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ အကြံပြုဆွေးနွေးလိုတာကတော့ လျာထားချက် မပြည့်မီတဲ့ အခြေခံအကြောင်းရင်းတွေကို သေချာစွာစိစစ်ပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို လုပ်ဆောင်ရာမှာ လုပ်ငန်းမအောင်မြင်လို့လား ဒါမှမဟုတ် လုပ်ငန်းအောင်မြင်ရဲ့သားနဲ့ စာရင်းဇယားတွေ မတိကျလို့လား၊ အဂတိလိုက်စားမှု ရှိနေသလားဆိုတာတွေကို သေချာစိစစ်ဖို့လိုသလို လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်ခဲ့တယ်ဆိုတာကလည်း မူလလျာထားတာက ဖြစ်သင့်ဖြစ်ထိုက်တာထက်နိမ့်နေလို့ အလွယ်တကူလျာထားချက် ပြည့်မီသွားခြင်းလည်း ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

 မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေနှင့် GDP အချိုးသည် ခုနစ်ရာခိုင်နှုန်းကျော်သာ ရှိသည့်အတွက် နိမ့်ကျနေဆဲဖြစ်ပြီး ၁၀ ရာခိုင်နှုန်းအထက်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်ထမ်းကြီးများ ရုံးနှင့် အလတ်စားအခွန်ထမ်းများ ရုံး ဖွင့်လှစ်ပြီး အခွန်များကို  ပို၍တိတိကျကျရရှိရန် ကြိုးပမ်းဆောင်ရွက်ပြီး ခုနစ်ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခြင်းနှင့်အတူ လက်ရှိမြန်မာနိုင်ငံ၏ အခွန်စနစ်မှာ ပွင့်လင်းမြင်သာသော အခွန်ယဉ်ကျေးမှု ပီပီပြင်ပြင် မရှိသေးခြင်း၊ အခွန်ရှောင်သည့် ယဉ်ကျေးမှု ကြီးထွားနေခြင်း၊ အခွန်လျှော့ချမှု ရှိနေသေးခြင်း၊ အခွန်ထမ်းနှင့် အခွန်ကောက်ခံသူများအကြား နားလည်မှုနှင့့် အလုပ်လုပ်နေကြခြင်း စသည့် အခွန်ဆိုင်ရာ မသမာမှု၊ မမှန်ကန်မှုများလည်း ရှိနေသေးသောကြောင့် တာဝန်ရှိသူများအနေဖြင့် လိုအပ်သလို ကြပ်မတ်နိုင်မှု လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခွန်လောကမှာ သုံးနေတဲ့ စကားလုံးတွေ ရှိပါတယ်။ အခွန်ထမ်း ပြည်သူတစ်ယောက်သွားမယ်ဆိုရင် အခွန်ဝန်ထမ်းတွေနဲ့ ကြားထဲမှာ သုံးတဲ့စကားလုံးကတော့ အခွန်ဆောင်မလား၊ အခွန်ရှောင်မလား၊ အခွန်ညှိနှိုင်းမလား ဒါမှမဟုတ် အခွန်လိမ်လည်မလားဆိုတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က လွှတ်တော်၌ ဆွေးနွေးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ များစွာတိုးတက်လာသော်လည်း အခွန်အကောက်ရရှိငွေသည် ထင်သလောက် တိုးတက်လာခြင်းမရှိခြင်းသည် ရသင့်ရထိုက်သော အခွန်များကို ရှောင်နေခြင်း၊ မရခြင်းများကြောင့်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေကို ကျော်လွှားနိုင်ရန် အဓိကလိုအပ်ချက်သည် အခွန်ထမ်းများနှင့် ပြည်သူအားလုံး ၀ိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။  

Most Read

Most Recent