မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဥရောပ (၅)နိုင်ငံ၌ကျင်းပမည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဥရောပ (၅)နိုင်ငံ၌ကျင်းပမည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်
Photos : THET HTAR Thuzar Facebook
Photos : THET HTAR Thuzar Facebook
Published 28 January 2020

 

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဥရောပ (၅)နိုင်ငံ၌ကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်နေကြောင်း သိရသည်။

သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ဧပြီလမကုန်မီ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မတ်လဆန်းမှ သင်္ကြန်မတိုင်မီအထိ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

သက်ထားသူဇာသည် ဥရောပနိုင်ငံများဖြစ်သော ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန်၊ ပိုလန်နှင့် ဖင်လန်နိုင်ငံတို့တွင်ကျင်းပမည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ဗီဇာရရှိရန် ဆောင်ရွက်လျက်ရှိသည်။ 

သက်ထားသူဇာသည် ယခုလအတွင်း ဆွီဒင်နိုင်ငံ၌ကျင်းပသည့် ပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ဗီဇာမရရှိသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ 

''မတ်လက စပြီး ဥရောပမှာကျင်းပမယ့် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ် ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန်၊ ပိုလန်နဲ့ ဖင်လန်နိုင်ငံတွေမှာကျင်းပမယ့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်ရဖို့ ဗီဇာရရှိအောင် ဆောင်ရွက်နေပါတယ်။ ဆွီဒင်မှာ ကျင်းပတဲ့ပြိုင်ပွဲတုန်းကလည်း ယှဉ်ပြိုင်ဖို့စီစဉ်ပြီးမှ ဗီဇာမရလို့ မယှဉ်ပြိုင်ခဲ့ရပါဘူး။ ဒီတစ်ကြိမ်မှာ ဗီဇာရရှိအောင် အချိန်ယူဆောင်ရွက်နေပြီး ပြိုင်ပွဲ (၅)ခုကို ဆက်တိုက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ အမှတ် တွေလိုအပ်နေတာကြောင့် ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်သွားမှာပါ''ဟု သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော်က Eleven Sportsသို့ ပြောကြားခဲ့သည်။ 

သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် International Seires ကြက်တောင်ပြိုင်ပွဲကို မတ် (၅)ရက်မှ (၈)ရက်၊ ချက်နိုင်ငံံ၌ ကျင်းပမည့် International Seires ကြက်တောင်ပြိုင်ပွဲကို မတ် (၁၂)ရက်မှ (၁၅)ရက်၊ ဆွစ်ဇာလန်နိုင်ငံံ၌ကျင်းပမည့် HSBC BWF World Tour Super 300ပြိုင်ပွဲကို မတ် (၁၇)ရက်မှ (၂၂)ရက်၊ ပိုလန်နိုင်ငံံ၌ကျင်းပမည့် International Challenge ကြက်တောင်ပြိုင်ပွဲကို မတ် (၂၆)ရက်မှ (၂၉)ရက်၊ ဖင်လန်နိုင်ငံံ၌ကျင်းပမည့်  International Challenge ကြက်တောင်ပြိုင်ပွဲကို ဧပြီ (၂)ရက်မှ (၅)ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

သက်ထားသူဇာသည် ဖေဖော်ဝါရီတွင် ယူဂန္ဓာနှင့် ကင်ညာနိုင်ငံံ၌ကျင်းပမည့် ပြိုင်ပွဲများတွင် ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဥရောပဗီဇာရရှိပါက ကင်ညာနိုင်ငံမှ ပေါ်တူဂီနိုင်ငံသို့ တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။ 

သက်ထားသူဇာ ချန်ပီယံဆုကာကွယ်ရမည့် Uganda International Seires ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ (၂၀)ရက်မှ (၂၃)ရက်၊ Kenya Future Seiresကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ (၂၇)ရက်မှ မတ်(၁) ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

သက်ထားသူဇာသည် ယခုနှစ်အတွင်း ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရသေးပြီး မလေးရှားနိုင်ငံံ၌ကျင်းပသည့် HSBC BWF World Tour Super 500  ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent