ပြည်တွင်းရှုံးထွက်ဖလားများကို ပြန်လည်ရယူရန် ကြိုးစားမည်ဟု ဂွါဒီယိုလာ ဆို

ပြည်တွင်းရှုံးထွက်ဖလားများကို ပြန်လည်ရယူရန် ကြိုးစားမည်ဟု ဂွါဒီယိုလာ ဆို
Published 28 January 2020

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီတွင် ပြည်တွင်းရှုံး ထွက်ဖလား(၂)လုံးဖြစ်သည့် FAဖလားနှင့် လိဂ်ဖလားတို့ကို ပြန်လည်ရယူနိုင်ရန် အာရုံစိုက်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဦးဆောင်သူ လီဗာပူးလ်အသင်းနှင့် ရမှတ်(၁၆)မှတ်အထိ ကွာဟနေ၍ ချန်ပီယံဆုပြန်လည်ရယူနိုင်ရန် မဖြစ်နိုင်တော့သည်ကို ဂွါဒီယိုလာက လက်ခံခဲ့ပြီး ကျန်ဖလား(၂)လုံးကိုမူ အဆုံးအရှုံးမခံဘဲ ကြိုးစားသွားမည်ဟု ဆိုခဲ့ ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် လိဂ်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ပထမအကျော့၌ မြို့ခံ ပြိုင်ဘက် မန်ယူအသင်းကို အဝေးကွင်းတွင် (၃-၁)ဂိုးဖြင့် အနိုင်ယူထားခြင်းကြောင့် ဗိုလ်လုပွဲသို့တက်ရောက်ရန် အခြေအနေကောင်းနေသည်။ 

FAဖလားပြိုင်ပွဲတွင်လည်း မန်စီးတီးအသင်းမှာ ပဥ္စမအဆင့်သို့ တက်ရောက် လျက်ရှိနေသည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်တွင် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရှုံးပွဲ(၁၆)သင်းအဆင့်ပွဲစဉ်၌ တွေ့ဆုံရမည်ဖြစ်ပြီး ဂွါဒီယိုလာက ဥရောပအောင်မြင်မှုကို ဦးစား ပေးမည်မဟုတ်ကြောင်းနှင့် ပြည်တွင်း ဖလား(၂)လုံးကိုလည်း အာရုံအပြည့်အဝထားကာ ရယူရန်ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ဂွါဒီယိုလာက အသင်း၌ ကစားသမားများကို အလှည့်ကျပုံစံဖြင့် ကစားစေလျက်ရှိကြောင်း၊ ယင်းအတွက်ကြောင့် ရီးယဲလ်နှင့် ချန်ပီယံလိဂ်ပွဲအတွက် ပြဿနာရှိလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။