စတုတ္ထစက်မှုတော်လှန်ရေး

စတုတ္ထစက်မှုတော်လှန်ရေး
Published 17 January 2020

လူသားတို့အား ဝန်းရံလျက်ရှိသည့်၊ လူသားတို့ အမျိုးအမည် ခွဲခြားနိုင်သည့် နည်းပညာများကို လူသားတို့အနေဖြင့် ဆုပ်ကိုင်ပြီး မိမိတို့ဘဝများ တိုးတက်လာအောင် အသိဉာဏ်ရှိစွာ အသုံးပြုနိုင်ပါသလား။ သို့တည်းမဟုတ် ယင်းထက်ပို၍ သက်ရောက်မှု ရှိပါသလား။ ကမ္ဘာကြီးအပေါ် လူသားတို့ ရှုမြင်ပုံအပေါ် သက်ရောက်သည့် အားကြီးလှသော အရာဝတ္ထုများနှင့် ထောက်ကူပစ္စည်းများသည် လူသားတို့၏ အမူအကျင့်များကို ပြောင်း လဲစေပြီး လူသားအဓိပ္ပာယ်သတ်မှတ်ချက်အပေါ် သက်ရောက်မှု ရှိပါသလား။ လတ်ဆတ်သစ်လွင်ပြီး မျှော်လင့်မထားသည့် နည်းလမ်းများဖြင့် ဒီဂျစ်တယ်နည်းပညာ၏ သက်ရောက်မှုကို တည်ဆောက်ချဲ့ထွင်သော ခေတ်သစ်တစ်ရပ်ဖြစ်သည့် စတုတ္ထစက်မှုတော်လှန်ရေး (4IR) ၏ အစပိုင်းသို့ လူသားများ ရောက်ရှိနေကြောင်းကို ညွှန်ပြသော လမ်းကြောင်းတစ်ရပ်အတွင်း နည်းပညာများ ထွက်ပေါ်လာကာ လူသားတို့၏ ဘဝများအပေါ် သက်ရောက်လျက်ရှိသည်။

၁၈ ရာစု အစောပိုင်း စက်မှုတော်လှန်ရေးပြီးနောက် စတုတ္ထမြောက် အဓိကကျသော စက်မှုခေတ်တစ်ရပ်အား ရည်ညွှန်းလျက် စတုတ္ထစက်မှုတော်လှန်ရေး (4IR) ဟု ခေါ်ဆို ခြင်းဖြစ်သည်။ ရူပဗေဒဆိုင်ရာ၊ ဒီဂျစ်တယ်ဆိုင်ရာနှင့် ဇီဝဗေဒဆိုင်ရာ နယ်ပယ်များအကြား ကန့်သတ်မျဉ်းများ မှုန်ဝါးသွားသည့် နည်းပညာများ ပေါင်းစုံရောယှက်သွားမှုသည် 4IR ၏ လက္ခဏာရပ်ဖြစ်ပြီး ဆိုက်ဘာ-ရူပစနစ်များဟုလည်း ရည်ညွှန်းခေါ်ဆိုကြသည်။ ယင်းသည် စက်ရုပ်နည်းပညာ၊ အသိဉာဏ်တုနည်းပညာ၊ နာနိုနည်းပညာ၊ ကွမ်တမ်နည်း ပညာ၊ ဇီဝနည်းပညာ၊ အင်တာနက်နည်းပညာ၊ ပဉ္စမမျိုးဆက် ဝါယာလက်နည်းပညာ၊ 3D Printing နည်းပညာနှင့် အပြည့်အ၀ အလိုအလျောက် မောင်းနှင်နိုင်သော မော်တော်ကား အစရှိသည့် နယ်ပယ်ပေါင်းများစွာ၌ နည်းပညာ၏အောင်မြင်မှုများ ထွက်ပေါ်လာခြင်း၏ စုစုပေါင်းရလဒ်ဖြစ်သည်။ 4IR ၏ အစိုးရအပေါ် သက်ရောက်မှုများကို ဆက်လက်စဉ်းစားကြည့်ရန် လိုသည်။

ရူပဗေဒဆိုင်ရာ၊ ဒီဂျစ်တယ်နှင့် ဇီဝဗေဒဆိုင်ရာ နယ်ပယ်များ ပေါင်းဆုံသွားမှုနှင့်အ တူ နည်းပညာအသစ်များနှင့် ပလက်ဖောင်းအသစ်များသည် နိုင်ငံသားများအား အစိုးရ အဖွဲ့များနှင့် ထိတွေ့ရန်၊ ၎င်းတို့၏ ထင်မြင်ချက်များကို အသံပြုရန်၊ ၎င်းတို့၏ အားထုတ်မှုများကို ချိတ်ဆက်လုပ်ဆောင်ရန်နှင့် ပြည်သူ့ရေးရာ အာဏာပိုင်များ၏ ကြီးကြပ်မှုများကို ရှောင်တိမ်းရန်တို့အတွက် တိုး၍တိုး၍ ဖြစ်နိုင်လာစေသည်။ တစ်ချိန်တည်းမှာပင် အစိုးရ အဖွဲ့များသည် စောင့်ကြည့်ရေးစနစ်များနှင့် ဒီဂျစ်တယ် အခြေခံအဆောက်အအုံများကို ထိန်းချုပ်နိုင်စွမ်းတို့ကို အခြေခံလျက် လူများအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုများကို တိုးမြှင့်ရန် နည်းပညာအသစ်၏ စွမ်းအားများ ရရှိလာမည်ဖြစ်သည်။ သို့သော် လွှမ်းခြုံ၍ ကြည့်ပါက အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့၏ ပြည်သူများနှင့် ထိတွေ့ရေးနှင့် မူဝါဒချမှတ်ရေး တို့နှင့် ပတ်သက်၍ လက်ရှိချဉ်းကပ်ပုံကို ပြောင်းလဲရန် ဖိအားများနှင့် တိုး၍တိုး၍ ရင်ဆိုင်လာရမည်ဖြစ်သည်။ ယင်းမှာ ပြိုင်ဆိုင်မှုဆိုင်ရာ ရင်းမြစ်အသစ်များ ဖြစ်ပေါ်ခြင်း၊ နည်း ပညာအသစ်များကြောင့် ဖြစ်နိုင်လာသည့် အာဏာပြန်လည်ခွဲဝေခြင်းနှင့် ဗဟိုချုပ်ကိုင်မှုမှ ဖယ်ခွာခြင်းတို့ကြောင့် မူဝါဒများကို ဆောင်ရွက်ရာ၌ ၎င်းတို့၏ ဗဟိုအခန်းကဏ္ဍ လျော့ကျလာသောကြောင့် ဖြစ်သည်။

အစိုးရစနစ်များ၏ လုပ်ဆောင်နိုင်စွမ်းနှင့် ပြည်သူ့ရေးရာဝန်ထမ်းများ၏ လိုက် လျောညီထွေပြုနိုင်စွမ်းက ၎င်းတို့ ဆက်လက်ရှင်သန်ရပ်တည်ရေးကို အဆုံးအဖြတ်ပေးလိမ့်မည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် မရပ်မနား ပြောင်းလဲနေသည့် ကမ္ဘာလောကကြီးအား ရင်ဆိုင်နိုင်စွမ်း၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှု မြင့်မားအောင် ၎င်းင်းတို့၏ ဖွဲ့စည်းပုံများ ကို ပြင်ဆင်နိုင်စွမ်းတို့ရှိကြောင်း သက်သေပြနိုင်မှသာလျှင် ၎င်းတို့အနေဖြင့် ကြံ့ကြံ့ခံနိုင်မည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ယင်းကဲ့သို့သော ဆင့်ကဲဖြစ်စဉ်တစ်ရပ်အတွင်း လိုက် လျောညီထွေ ပြောင်းလဲနိုင်စွမ်းမရှိပါက ပြဿနာများနှင့် တိုး၍တိုး၍ ရင်ဆိုင်လာရမည်ဖြစ်သည်။ 4IR ၏ မြန်ဆန်သော ပြောင်းလဲမှု ခြေလှမ်းများနှင့် ကျယ်ပြန့်သော ရိုက်ခတ်ချက်များကြောင့် ဥပဒေပြုသူများနှင့် ဥပဒေကျင့်သုံးသူများသည် မမျှော်လင့်သော စိန်ခေါ်မှုများကို ရင်ဆိုင်လာရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော စတုတ္ထစက်မှုတော်လှန် ရေးအတွင်း အစိုးရတစ်ရပ်အနေဖြင့် လိုက်လျောညီထွေပြုနိုင်ခြင်း မရှိပါက ပြဿနာများ နှင့် တိုး၍တိုး၍ ရင်ဆိုင်လာရဖွယ်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (ဇန်နဝါရီ ၁၇ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

 

Most Read

Most Recent