တရုတ်နိုင်ငံသို့ ဆန်တန်ချိန်ငါးသောင်း တင်ပို့ခွင့်စာချုပ် ထပ်ချုပ်ပြီး လမ်းကြောင်းအသစ်အဖြစ် ချင်းရွှေဟော် လမ်းကြောင်းမှ ယခုလအတွင်း စတင်တင်ပို့မည်

တရုတ်နိုင်ငံသို့ ဆန်တန်ချိန်ငါးသောင်း တင်ပို့ခွင့်စာချုပ် ထပ်ချုပ်ပြီး လမ်းကြောင်းအသစ်အဖြစ် ချင်းရွှေဟော် လမ်းကြောင်းမှ ယခုလအတွင်း စတင်တင်ပို့မည်
မန ္တလေးမြို့ရှိ ဆန်ပွဲရုံတစ်ခု လုပ်ငန်းခွင်ကို တွေ့ရစဉ်
မန ္တလေးမြို့ရှိ ဆန်ပွဲရုံတစ်ခု လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 7 January 2020
မင်းလတ်

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀၀၀ ကို ကုန်စည်ဖလှယ်စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရန် မန္တလေး ဆန်စပါးဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီနှင့် တရုတ်နိုင်ငံ ရွှေချိုင့်ကုမ္ပဏီတို့ ဆန်တန်ချိန် ၁၀၀၀၀၀ တင်ပို့ခွင့် B to B စာချုပ်ခဲ့ပြီး နောက်ထပ်တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့ခွင့်စာချုပ် ထပ်ချုပ်ပြီး မူလပို့နေကျ လမ်းကြောင်း မူဆယ်မှ မတင်ပို့ဘဲ လမ်းကြောင်းအသစ်အဖြစ် ချင်းရွှေဟော်လမ်းကြောင်းမှ ယခုလအတွင်း စတင်ပြီးတင်ပို့မည်ဟု Mandalay Rice Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းကျော်က ပြောကြားသည်။

“မူဆယ်ကနေ တရုတ်နိုင်ငံဘက် တင်ပို့နေတာက Mandalay Rice Development ကုမ္ပဏီနဲ့ မူဆယ်ဆန်စပါး ဖွံ့ဖြိုးရေးကုမ္ပဏီ နှစ်ခုရှိတယ်။ ကျွန်တော်တို့ ဘော်ဒါထရိတ်ကို အားစိုက်လုပ်နေရတယ်။ ကျွန်တော်တို့ အနေနဲ့က ပထမကုမ္ပဏီတစ်ခုနဲ့ တန်ချိန် ၁၀၀၀၀၀ MoU ထိုးထားတယ်။ တန်ချိန် ၁၀၀၀၀၀ လက်ရှိအခြေအနေက တန်ချိန်  ၅၀၀၀ လောက် တင်ပို့ရသေးတယ်။ ဘာလို့လဲဆိုတော့ အခက်အအခဲတွေ အများကြီးကြုံရတယ်။ ဘာအခက်အခဲလဲဆိုတော့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပေးတဲ့ ကုမ္ပဏီက သူတို့နိုင်ငံ ဆန်လုပ်ငန်း လုပ်တဲ့သူတွေ မဟုတ်ဘူး။  ဆန်အကြောင်း နားမလည်ဘူး။ ကျွန်တော်တို့ မြန်မာဘက်က ဆန်တင်ပို့တဲ့ ကုမ္ပဏီတွေ ဆန်အကြောင်းအရာတွေ အကုန်နားလည်တဲ့ သူတွေဖြစ်တယ်။ သူတို့နိုင်ငံ ဆန်ဘာမှမသိတဲ့ ကုမ္ပဏီနဲ့ ချိတ်ပြီးအစိုးရက လက်မှတ်ထိုးဖို့ စီစဉ်ပေးတော့ အကျိုးရလဒ် မကောင်းဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ လိုချင်တာက သူတို့နိုင်ငံဘက်မှာလည်း ဆန်လုပ်တဲ့သူ ဖြစ်ရမယ်။ ဒီဘက်ကလည်း ဆန်လုပ်ငန်း လုပ်တဲ့သူအချင်းချင်း စာချုပ်ချုပ်ပြီး အလုပ်လုပ်ချင်တာပါ။ အခုက တစ်ဖက်က ဆန်အကြောင်း နားမလည်ဘဲ ကျွန်တော်တို့က နားလည်တော့ အဆင်မပြေဘူး။ နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့ နောက်ဆို ဆန်တကယ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးစေချင်တယ်။ အခုနောက်ထပ် ကုမ္ပဏီတစ်ခုနဲ့ စာချုပ် ထပ်ချုပ်ထားတယ်။ စာရွက်စာတမ်း လုပ်နေပါပြီ။ တင်ပို့ရင် ပို့နေကြ မူဆယ်လမ်းကြောင်း မတင်ပို့ပါဘူး။ လမ်းကြောင်းအသစ် ချင်းရွှေဟော်ကနေ တင်ပို့ကြည့်မယ်။ အဲဒီကုမ္ပဏီနဲ့ အဆင်ပြေမလားပေါ့။ တန်ချိန် ၅၀၀၀၀ တင်ပို့ဖို့ စာချုပ် ထပ်ချုပ်ထားတယ်။ လာမယ့် တစ်ပတ်ထဲ တင်ပို့နိုင်အောင် ကြိုးစားနေတယ်။ တရုတ်ပြည်ကို တင်ပို့ဖို့ ဆန်လုံးရှည် တင်ပို့ဖို့ စာချုပ်ချုပ်ထားတာပါ” ဟု Mandalay Rice Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းကျော်က ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် ဆန်စားသုံးသူ ဦးရေများသော နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံတစ်ခုဖြစ်သည်။

အဆိုပါ စျေးကွက်အားသာချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံဘက်မှ အရည်အသွေးပိုင်းနှင့် စျေးကွက်ဝင် ဆန်အမျိုးအစားများကို တင်ပို့နိုင်မှု အားနည်းနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်းရရှိ ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှု တန်ချိန် ၁ ဒသမ ၂ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိက စျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

 

Most Read

Most Recent