လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၈၀၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ပဲစျေးနှုန်း မြင့်တက်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၈၀၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ပဲစျေးနှုန်း မြင့်တက်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းကျော် ပိုမိုရရှိ
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ခင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ခင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေး)
Published 27 December 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၀,၀၀၀ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၇ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူထက် တင်ပို့မှုတန်ချိန် ၈၀၀၀၀ ခန့် လျော့ကျခဲ့သော်လည်း စျေးနှုန်းမြင့်တက်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ငါးသန်းပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၇ သန်း ရရှိထားသည်။ ယခင်နှစ် ကာလတူတွင်မူ ပဲမျိုးစုံတန် ချိန် ၃၀၀၀၀၀ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၂ သာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၈၀၀၀၀ ခန့် လျော့ကျခဲ့သော်လည်း ဝင်ငွေအမေရိကန်ဒေါ်လာ ငါးသန်းအထိ ပိုမိုရရှိထားကြောင်း သိရသည်။

“ပဲမျိုးစုံကတော့ လက်ရှိဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၅၇ သန်းပေါ့။ ယခင်ကာတူက ဒေါ်လာ ၁၅၂ သန်းဆိုတော့ ဒေါ်လာ ၅ သန်းလောက်ပိုတယ်။ တန်ချိန် ၂၁၀၀၀၀ ကျော်ပေါ့ ကာလတူက ၃ဝဝဝဝဝဆိုတော့ ကာလတူနဲ့ယှဉ်ရင် တန်ချိန် ၈၀၀၀၀ လောက်တော့ နည်းတယ်။ တန်ချိန်နည်းတယ် ဆိုပေမယ့် စျေးနှုန်းတက်တဲ့ အတွက်ကြောင့် တန်ဖိုးကတက်တာ” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစား သုံးခုကို ပြည်ပသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံ အချို့သို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နှင့် အီးယူစျေးကွက် ကောင်းမွန်သဖြင့် လက်ရှိပြည်တွင်း၌ ပဲတီစိမ်း အညံ့စားပင်လျှင် ကျပ် ၁၁ သိန်းကျော်ရှိပြီး ပြည်ပပို့ ကုန်အရည်အသွေး ပြည့်မီပါက ကျပ် ၁၄ သိန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

“တရုတ်ဘက်က စျေးကောင်းရင် များသောအားဖြင့် ပဲတီစိမ်းစျေးကွက်က စျေးကောင်းတာများတယ်။ ဒါပေမဲ့လည်း အီးယူကလည်း သူ့ဟာသူ စျေးကွက်တစ်ခု ရှိတဲ့အခါကျတော့ တရုတ်နဲ့ အီးယူက စျေးကောင်းတယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကလည်း စျေးအထိုက်အလျောက် ပေးဝယ်တာပေါ့နော်။ ပဲတီစိမ်းဆို ဒီနှစ်ဆိုရင် တကယ်တမ်းညံ့တဲ့ အစားတောင် ၁၁ သိန်းကျော်လောက် ပုံမှန်ရှိတယ် ပြည်တွင်းမှာ။ တကယ်ကောင်းတဲ့ အစားဆို ၁၃ သိန်းကျော် ၁၄ သိန်းလောက်ရှိတယ်။ ပဲတီစိမ်း စျေးကွက်ကတော့ ပိုခိုင်မာပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်ကိုဦးက ပြောကြားသည်။

အိန္ဒိယက မတ်ပဲတန်ချိန် နှစ်သိန်းခွဲ တိုးမြှင့်တင်သွင်းခွင့် ပြုလိုက်ခြင်းကြောင့် ပြည်တွင်းမတ်ပဲစျေး တစ်တန်လျှင် ကျပ်တစ်သိန်းကျော် ခုန်တက်ခဲ့ပြီး မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၂၃၀၀၀၀ ဝန်းကျင်အထိ ရှိလာကြောင်း ဘုရင့်နောင်စျေးကွက်မှ ပဲကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို ယခင်က တန်ချိန် ၁ ဒသမ ၅ သိန်း သတ်မှတ်ထားရာမှ ယခုထပ်မံ၍ တန်ချိန် ၂ ဒသမ ၅ သိန်း တိုးမြှင့်တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာန (DGFT) က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကုန်သွယ်မှု ညွှန်ကြားလွှာ အမှတ် ၄/၂၀၁၉-၂၀၂၀ ဖြင့် ကုန်သွယ်ရေး အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာနက သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်း ကိုတာတန်ချိန် လေးသိန်းအထိ ကန့်သတ်တင်သွင်းခွင့် ပြုလိုက်ကြောင်း ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရက နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုး ထားရှိသည့် နားလည်မှုစာချွန်လွှာ (MoU) များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖော်ပြထားသည့် အမိန့်ကြော်ငြာစာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

DGFT ဌာနသည် အဆိုပါ အမိန့်ကြော်ငြာစာအရ ကုန်သွယ်မှု အသိပေးချက်ကို ထပ်ဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုးမြှင့်တင်သွင်း ခွင့်ပြုမည့် မတ်ပဲတန်ချိန် နှစ်သိန်းခွဲအား ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ တင်သွင်းခွင့်ကိုတာများ ခွဲဝေချထားပေးမည်ဖြစ်သည်။ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၃၁ ရက်အတွင်း အင်တာနက်အွန်လိုင်းမှ ကိုတာလျှောက်လွှာများ တင်သွင်းနိုင်မည်ဖြစ်သည်။ ထပ်တိုးမတ်ပဲ ကိုတာတန်ချိန် နှစ်သိန်းခွဲအား တင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းသို့ အရောက် တင်သွင်းရမည် ဖြစ်ကြောင်း ကြေညာထားသည်။

 

Most Read

Most Recent