အခွန်ထမ်းများ အခွန်ထမ်းဆောင်ရန်ပျက်ကွက်ပါက ကျသင့်အခွန်ငွေအပေါ် အတိုးပေးရမည်ဖြစ်ပြီး အခွန်ထမ်းများအား ပြန်အမ်းရမည့် အခွန်ပိုငွေအတွက် ကြန့်ကြာခဲ့ပါက အတိုးထည့်သွင်းပေးမည်

အခွန်ထမ်းများ အခွန်ထမ်းဆောင်ရန်ပျက်ကွက်ပါက ကျသင့်အခွန်ငွေအပေါ် အတိုးပေးရမည်ဖြစ်ပြီး အခွန်ထမ်းများအား ပြန်အမ်းရမည့် အခွန်ပိုငွေအတွက် ကြန့်ကြာခဲ့ပါက အတိုးထည့်သွင်းပေးမည်
ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 24 December 2019
ဇေယျာငြိမ်း

အခွန်ထမ်းများ အခွန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ကျသင့်အခွန်ငွေအပေါ် အတိုးပေးရမည်ဖြစ်ပြီး အခွန်ထမ်းများအား ပြန်အမ်းရမည့် အခွန်ပိုငွေအတွက် လုပ်ငန်းဆောင်ရွက်မှုကြန့်ကြာခဲ့ပါက အတိုးထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် “အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ Tax Administration Law- TAL) ရှင်းလင်းဆွေးနွေးပွဲ” အခမ်းအနား မှ သိရသည်။

“ဥပမာ အခွန်ထမ်းတစ်ဦးဟာ အခွန်မပေးဘဲ အပြင်မှာထားလို့ရှိရင် အတိုးအနေနဲ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က သူတို့ကို အဲဒီလိုအခွင့်အရေးမျိုးပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူတို့က ကျွန်တော်တို့ဆီက ရမယ့်အခွင့်အရေးတွေလည်း ရှိပါတယ်။ အဲဒါက ပြန်အမ်းငွေ အခွန်ထမ်းတွေက သူတို့အခွန်ပိုသွင်းထားပြီဆို ကျွန်တော်တို့ဆီ ပြန်အမ်းငွေ လျှောက်လေ့ရှိပါတယ်။ ပြန်အမ်းငွေလျှောက်လို့ သူတို့ကို ပြန်အမ်းငွေပေးတဲ့ လုပ်ငန်းစဉ်မှာ နှောင်နှေးကြန့်ကြာနေတယ်ဆိုရင် သူတို့အတွက်နစ်နာမှုရှိပါတယ် အဲဒီနစ်နာမှုကို ကာဗာဖြစ်အောင် ကျွန်တော်တို့က သူတို့ကိုအတိုးပေးရမှာဖြစ်ပါတယ်။ အဲတော့ဒီအတိုးက သူတို့ပျက်ကွက်ရင် ကျွန်တော်တို့ကိုပေးရမယ်။ ကျွန်တော်တို့ပျက်ကွက်ရင် သူတို့ကိုပေးရမယ့်အပိုင်းပေါ့နော်” ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းလတ်က ပြောကြားသည်။

လက်ရှိအချိန်တွင် အတိုးနှုန်းမည်မျှ ကောက်ခံသွားမည်ကို တွက်ချက်နေပြီး ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အတိုးနှုန်းရော အတိုးတွေပါ ဘယ်လိုသတ်မှတ်မလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ပြောပြလို့ မဖြစ်သေးပါဘူး၊ မပြောပြနိုင်သေးပါဘူး” ဟု ဦးမျိုးမင်းလတ်က ပြောကြားသည်။

လက်ရှိတွင် အခွန်စနစ်အားလုံးကို ကွန်ပျူတာစနစ်ဖြင့် ထိန်းကြောင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ကွန်ပျူတာစနစ်ဖြင့် အလုံးစုံထိန်းကြောင်းနိုင်သည့် အချိန်၌ အခွန်ဆိုင်ရာအတိုးနှုန်းအတွက် တိတိကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီဟာကို အဆင့်မြင့်ဆောင်ရွက်ဖို့က ကျွန်တော်တို့ Digitalize သွားဖို့ လုပ်နေပါတယ်။ အခွန်စနစ်တွေကို ကွန်ပျူတာစနစ်နဲ့ ထိန်းကြောင်းဖို့အတွက်လုပ်နေတယ်။ ကွန်ပျူတာစနစ်နဲ့လုပ်မှ ဒီဟာတွေကို အတိုးတွက်တဲ့အချိန်မှာ အခွန်ထမ်းတွေကလည်း သူ့ဟာနဲ့သူတွက်လာနိုင်မယ်။ ကျွန်တော်တို့ဆီကလည်း တိတိကျကျ ပိုတွက်လာနိုင်မှာဆိုတော့ အတိုးတွက်တဲ့အပိုင်းတွေကိုလည်း ရှုပ်ထွေးနိုင်လို့ ဒီဟာကလောလောဆယ်မှာ ဝန်ကြီးဌာနက သတ်မှတ်မယ့် အတိုးနှုန်းဖြစ်တဲ့အတွက် လောလောဆယ်တော့ ဝန်ကြီးဌာနက အတိုးနှုန်းမသတ်မှတ်ရသေးတဲ့အတွက် လောလောဆယ်တော့ သုညရာခိုင်နှုန်းပဲဖြစ်နေမှာပေါ့နော်” ဟု ဦးမျိုးမင်းလတ်က ပြောကြားသည်။

အခွန်စနစ်အားလုံးကို ကွန်ပျူတာစနစ်ဖြင့် ထိန်းကြောင်းနိုင်သည့်အချိန်တွင် ကောက်ခံမည့် အခွန်အတိုးနှုန်းများကို တိတိကျကျ တွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခွန်အပေါ် အတိုးကောက်ခံခြင်းကို ကွန်ပျူတာစနစ်ဖြင့် အခွန်စနစ်အားလုံးကို ထိန်းကြောင်းနိုင်သည့်အချိန်မှသာ  ကောက်ခံသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အချိန်တော့နည်းနည်းယူရဦးမယ် ထင်ပါတယ်။ ကွန်ပျူတာစနစ်က စတော့စနေပြီ။ ကွန်ပျူတာစနစ်ကို တကယ် Effective ဖြစ်ပြီး ဆောင်ရွက်နိုင်ဖို့ အချိန်တစ်ခုစောင့်ရမယ်” ဟု ဦးမျိုးမင်းလတ်ကပြောကြားသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ Tax Administration Law- TAL ကို ၂၀၁၉ ဇွန်လက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ပြီး အသက်ဝင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေသည် အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်မှုများကို အားကောင်းစေရန် ထိန်းကျောင်းသည့် ဥပဒေတစ်ခုဖြစ်ပြီး အခွန်တိမ်းရှောင်သူများကို ထိထိရောက်ရောက် တားဆီးကာကွယ်သွားမည့် ဥပဒေပုဒ်မများ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

 

 

 

Most Read

Most Recent