အစိုးရနှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ JICM အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူညီမှုရရှိ

အစိုးရနှင့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ JICM အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူညီမှုရရှိ
JICM ကျင်းပနိုင်ရေး ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၌ အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ် (Photo : NRPC)
JICM ကျင်းပနိုင်ရေး ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၌ အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ် (Photo : NRPC)
Published 24 December 2019
မင်းနိုင်စိုး

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်။

JICM အစည်းအဝေး ညှိနှိုင်းရေးအဖွဲ့များ ဖြစ်ကြသည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဒီဇင်ဘာ ၂၂ ရက်က JICM အကြိုညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီအစည်းအဝေးမှာတင်ပြဖို့ ကျွန်တော်တို့ သဘောထား စုစည်းချက်ရှစ်ချက် ကျွန်တော်တို့ သဘောတူညီ နိုင်ခဲ့ကြတယ်။ အထူးသဖြင့်တော့ ဒီသဘောထား စုစည်းချက်ထဲမှာ အရေးပါတဲ့ အချက်တွေ ပါပါတယ်။ အထူးသဖြင့် NCA အခန်း (၃) (၄) (၆) ဒါတွေကို နှစ်ဖက်စလုံးက ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီးတော့ ဆွေးနွေးကြဖို့၊ ဒါတွေနဲ့ တစ်ဆက်တည်းပဲ ကျွန်တော်တို့တွေ တရားဝင် အစည်းအဝေးတွေ UPDJC အစည်းအဝေးတွေ၊ JMC အစည်းအဝေးကို ပြန်လည်ပြီးတော့ ကျင်းပနိုင်ဖို့ ကျွန်တော်တို့ နှစ်ဖက်သဘော တူညီနိုင်ခဲ့တယ်” ဟု JICM အကြိုညှိနှိုင်း အစည်းအဝေး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ယခု အကြိုညှိနှိုင်း အစည်းအဝေးမှ ရရှိလာသော သဘောထား စုစည်းချက်များကို နှစ်ဖက်အတည်ပြုနိုင်အောင် ကြိုးစားပေးကြရန်နှင့် JICM အစည်းအဝေးကိုလည်း အတည်ပြုထားသည့်အတိုင်း ကျင်းပနိုင်ရေး ဆောင်ရွက်ပေးရန် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တိုက်တွန်းခဲ့သည်။ 

ယခုအစည်းအဝေးတွင် JICM အစည်းအဝေး၌ ဆွေးနွေးအတည်ပြုမည့် အကြောင်းအရာများ၊ JICM အစည်းအဝေး ကျင်းပပြီးနောက် ရှေ့ဆက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအစဉ်များ၊ JICM အစည်းအဝေး တက်ရောက်မည့် NCA-S EAO ခေါင်းဆောင်များ၏ ပြည်တွင်းခရီးစဉ် လမ်းကြောင်းများကို အသေးစိတ် ညှိနှိုင်းဆွေးနွေး စီစဉ်နိုင်ခဲ့သည်ဟုလည်း JICM အကြိုညှိနှိုင်းအစည်းအဝေး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

“NCA စာချုပ်ရဲ့ အမြင့်ဆုံး ယန္တရားကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီအောင် JICM အစည်းအဝေးကို အဓိပ္ပာယ်ရှိရှိ၊ အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ မိမိတို့ နည်းလမ်းရှာနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် ထားရှိတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး အားသွန်ခွန်စိုက် တစ်စိုက်မတ်မတ် ဆောင်ရွက်သွားဖို့ သဘောတူညီ ခဲ့ကြတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ယုံကြည်မှုသည် မရှိမဖြစ် လိုအပ်သကဲ့သို့ ယုံကြည်မှု မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ယခုညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးအတွက် သင့်လျော်သော နည်းလမ်းများကိုလည်း ဝိုင်းဝန်းရှာဖွေခဲ့သည်ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် NCA စာချုပ် လမ်းပြမြေပုံတွင် ပါရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်မတိုင်မီ တစ်ကြိမ်ကျင်းပနိုင်ရေးအတွက် အစီအစဉ်ချမှတ်ပြီး ကြိုးစားဆောင်ရွက် သွားကြရန်လည်း ဗိုလ်မှူးကြီးစိုင်းငင်းက တိုက်တွန်းပြောကြားသည်။

အစည်းအဝေး အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ယခု JICM အကြိုညှိနှိုင်း အစည်းအဝေးမှ သဘောထား စုစည်းချက် ရှစ်ချက် ရရှိခဲ့ပြီး အဆိုပါ သဘောထားစုစည်းချက် ရှစ်ချက်ထဲတွင် JICM အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် ပါဝင်ခဲ့ကြောင်း အစိုးရ ကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောကြားသည်။ 

ယခုရရှိလာသော သဘောထားစုစည်းချက် ရှစ်ချက်ကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ကိုယ်စားလှယ်ဖြစ်သူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ရှင်းလင်းအသိပေးခဲ့သည်။

အဆိုပါ သဘောထား စုစည်းချက် ရှစ်ချက်ထဲတွင် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်း မတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် JICM အစည်းအဝေးကျင်းပရန်၊ နိုင်ငံရေးဆွေးနွေးမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်ဆောင်ရွက်ရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန်၊ NCA အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ကို ဆွေးနွေးရန်၊ ၂၀၂၀ အလွန်တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်ဆင်၍ မည်သို့ ရှေ့ဆက်သွားမည်ကို ဆွေးနွေးရန်တို့ ပါဝင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်ဝါရီ ၈ ရက်တွင် ကျင်းပမည့် JICM အစည်းအဝေးသို့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခဲ့ကြသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်သွားမည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

Most Read

Most Recent