နှစ်စဉ်ဖြစ်နေသည့် ပိုလျှံအပ်ငွေနှင့် ဘတ်ဂျက်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

နှစ်စဉ်ဖြစ်နေသည့် ပိုလျှံအပ်ငွေနှင့် ဘတ်ဂျက်ပြဿနာ ဘယ်လိုအဖြေရှာမလဲ
ဒီဇင်ဘာ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြစဉ်
ဒီဇင်ဘာ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြစဉ်
Published 22 December 2019
စည်သူ၊ အောင်မင်းသိန်း

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းပါ သုံးငွေများကို အပြည့်အဝ သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၂၀၇ ဘီလျံရှိကြောင်း ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီမှ သိရသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ (၁၆/ ၂၀၁၉) ကို ဖတ်ကြားတင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းပါ သုံးငွေများကို အပြည့်အဝ သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၁၀၇ ဘီလျံအနက် အထွေထွေ ပိုလျှံရန်ပုံငွေစာရင်းအပ်နှံငွေမှ လွှဲပြောင်းသုံးစွဲမှုသည် ကျပ် ၂၈၉ ဒသမ ၂၁၆ ဘီလျံ ရှိသောကြောင့် အသားတင်အပ်နှံငွေ ကျပ် ၉၄၁ ဒသမ ၈၉၁ ဘီလျံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ အဖွဲ့အစည်းအလိုက် ရန်ပုံငွေပြန်လည်အပ်နှံမှုကို အသေးစိတ် နောက်ဆက်တွဲဇယားဖြင့် ဖော်ပြခဲ့ပြီး ပုံလျှံအပ်ငွေ ၁၂၃၁ ဒသမ ၁၀၇ ဘီလျံတွင် မူလခွင့်ပြုငွေမှ ကျပ် ၁၀၃၄ ဒသမ ၃၄၇ ဘီလျံံ၊ GRF မှ ပိုလျှံအပ်ငွေကျပ် ၁၀၃ ဒသမ ၅၂၂ ဘီလျံနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အပ်နှံငွေ ကျပ် ၉၃ ဒသမ ၂၀၈ ဘီလျံဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ခွင့်ပြုအသုံးစရိတ်များမှ ပိုလျှံအပ်ငွေများ ပြန်လည်အပ်နှံမှုတွင် ဌာနအချို့သည် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ သတ်မှတ်ကာလဖြစ်သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းတွင်မှ ကျပ် ၁၀၃ ဒသမ ၅၂၂ ဘီလျံ ပြန်လည်အပ်နှံထားခြင်း၊ ယင်းသို့ပြန်လည်အပ်နှံသည့် ပိုလျှံ အပ်ငွေများထဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြန်လည်အပ်နှံငွေကျပ် ၉၉ ဒသမ ၈၉၈ ဘီလျံ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၄၇ ရာခိုင်နှုန်း ပါဝင်နေခြင်းနှင့် ကျန်သတ်မှတ်ကာလကျော် အပ်နှံမှုများသည် ဒေသရုံးများ၏ အသုံးစရိတ် ပိုလျှံငွေများကို အပြီးသတ်စာရင်းများ ပြုစုတင်ပြချိန်မှ သိရှိရသဖြင့် ပြန်လည်အပ်နှံခဲ့ခြင်းများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဌာန၊ အဖွဲ့အစည်းများအလိုက် ပိုလျှံရန်ပုံငွေ ပြန်လည်အပ်နှံမှုများတွင် သာမန်အသုံးစရိတ်မှ အပ်နှံမှု ကျပ် ၆၁၉ ဒသမ ၇၆၁ ဘီလျံရှိပြီး လစာစရိတ်တွင် ဖွဲ့စည်းပုံအသစ်အရ ဝန်ထမ်းသစ်အမှန် ခန့်ထားနိုင်မှုမရှိခြင်း၊ ခန့်ထားဝန်ထမ်း အင်အားပြုန်းတီးခြင်း၊ ငွေစာရင်း ခေါင်းစဉ်အလိုက် အသုံးစရိတ် လျာထားရာတွင် အမှန်သုံးစွဲရန် လိုအပ်သည့် ငွေပမာဏနှင့် အနီးစပ်ဆုံး ချင့်ချိန်လျာထားမှုမရှိဘဲ ပိုမိုလျာထားခြင်း၊ ချေးငွေကိုလျာထားချက်အတိုင်း ထုတ်ယူသုံးစွဲ နိုင်မှုမရှိသဖြင့် အတိုးပေးချေရန် ကျသင့်ငွေ လျော့နည်းခြင်းများ ကြောင့်ဖြစ်ပြီး ပိုလျှံငွေပြန်လည် အပ်နှံခဲ့သည့် ဌာနများတွင် လစာ အသုံးစရိတ်တွင် ဝန်ထမ်းအသစ်များ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းများ အမှန်ခန့်ထားနိုင်မှု မရှိခြင်း၊ ပြုန်းတီးအင်အားများရှိခြင်း များကြောင့် ပြန်လည်အပ်နှံခဲ့သည့် ဌာနများအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သာမန်အသုံးစရိတ်ခွင့်ပြုငွေ၏ ၇၅ ရာခိုင်နှုန်းနှင့်အထက်  ပိုလျှံငွေပြန်လည်အပ်နှံခဲ့သည့် ဌာနများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင်ရေးဦးစီးဌာနများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် သာမန် အသုံးစရိတ်များမှ လစာစရိတ်အား အမှန်အသစ် ခန့်ထားရန် (သို့မဟုတ်) အမှန်ရာထူးတိုးပေးရန် ခွင့်ပြုမိန့်တောင်းခံသည့် ဝန်ထမ်း အရေအတွက်နှင့်အညီ ခန့်မှန်းတွက်ချက်ရန်၊ လစာ၊ စရိတ်ချီးမြှင့်ငွေသည် ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲ၍မရသဖြင့် သုံးစွဲနိုင်မည့်ပမာဏနှင့် အနီးစပ်ဆုံး လျာထားရန်၊ ကျန်သာမန်အသုံးစရိတ်များကို အမှန်တကယ် သုံးစွဲမည့် ပမာဏကို တွက်ချက်၍ နီးစပ်အောင် ခန့်မှန်းတောင်းခံရန် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သော်လည်း စစ်ဆေးတွေ့ရှိချက်များအရ သာမန်အသုံးစရိတ် ပိုလျှံငွေများ ပြန်လည် အပ်နှံထားခြင်းသည် မူလလျာထားစဉ်က ခန့်မှန်းလျာထားမှုကို စနစ်တကျ စိစစ်မှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သုံးသပ်ချက်တွင် ဖော်ပြပါရှိသည်။

ငွေလုံးငွေရင်းအသုံးစရိတ်မှ  ပိုလျှံအပ်ငွေပြန်လည်အပ်နှံမှုသည် ကျပ် ၅၂၂ ဒသမ ၅၂၂ ဘီလျံံဖြစ်ပြီး လစာနှုန်းထားတိုးမြှင့်ခဲ့ခြင်းကြောင့် အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံပြီး လွှဲပြောင်းသုံးစွဲခြင်း၊ စီမံကိန်းလုပ်ငန်းများတွင် မူလလျာထားချက်အတိုင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိ၍ ပြန်လည်အပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုမှု နောက်ကျခြင်း၊ စီမံချက်အတိုင်း သင်တန်းများ ဖွင့်လှစ်နိုင်မှုမရှိခြင်း၊ မော်တော်ယာဉ် အကြီးစားပြုပြင်ခြင်းတွင် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီက စိစစ်ခွင့်ပြုခြင်းများကြောင့် ပိုလျှံခြင်း၊ ပစ္စည်းများ ဝယ်ယူရာတွင် အမှန်ပေးချေရမည့် စျေးနှုန်းနှင့် အနီးစပ်ဆုံးခန့်မှန်း လျာထားမှုမရှိခြင်းနှင့် တင်ဒါစျေးနှုန်း စိစစ်မှုအရ ပိုလျှံငွေဖြစ်ပေါ်ခြင်း၊ စာချုပ်သတ်မှတ်ချက်နှင့် မညီညွတ်ခြင်းစသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ရာခိုင်နှုန်း ၅၀ မှ ၉၉ ရာခိုင်နှုန်းအထိ ပိုလျှံငွေပြန်လည် အပ်နှံခဲ့သည့် ဌာနအဖွဲ့အစည်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့မီးရထား၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့ စီးပွားရေးဘဏ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးများဖြစ်ပြီး ငွေလုံး ငွေရင်း အသုံးစရိတ်အရ ပိုလျှံ ရန်ပုံငွေများ ပြန်လည်အပ်နှံမှုနှင့်စပ်လျဉ်း၍ ဌာနအဖွဲ့အစည်းများအနေဖြင့် ရှေ့ဘဏ္ဍာနှစ်များတွင် လျာထားငွေနှင့် အနီးစပ်ဆုံး အကောင်အထည် ဖော်နိုင်စေရေးအတွက် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အရအသုံး မူလ ခန့်မှန်းခြေလျာထားမှု၊ အမှန် အကောင်အထည်ဖော်မှုတွင် ရငွေများအပြည့်အဝရရှိရေး၊ ဝင်ငွေများ တိုးတက်ရှာဖွေနိုင်ရေး၊ အသုံးစရိတ်များအား ထိရောက်စွာခြိုးခြံ ချွေတာသုံးစွဲနိုင်ရေး၊ နိုင်ငံအကျိုးပြုပြီး ရေရှည်တည်တံ့ခိုင်မြဲစေမည့် လုပ်ငန်းများအတွက်သာ ဦးစားပေး၍ ထိရောက်အကျိုးရှိစွာ သုံးစွဲ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်တစ်နှစ်အတွက် ဘတ်ဂျက်လိုငွေကို ခန့်မှန်းလျာထားရာ၌ လျာထားမှုသည် အပြီးသတ်အမှန်လိုငွေနှင့် များစွာကွာဟမှု မရှိစေရေးနှင့် အနီးစပ်ဆုံးဖြစ်စေရန် စိစစ်လျာထားရန်လိုအပ်ကြောင်း၊ မူလခန့်မှန်းခြေ ရငွေစာရင်းများရေးဆွဲရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပြည်ပအကူအညီ ရငွေ၊ ကြွေးမြီရငွေဖြင့် လုပ်ငန်း အကောင်အထည်ဖော်မှုများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းရန်လိုအပ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အကြံပြုထားသည်။

ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နှစ်စဉ်အရခန့်မှန်းချေ ငွေစာရင်းရေးဆွဲရာတွင် ရသင့်ရထိုက်သောငွေများ အပြည့်အဝ လျာထားစေရေး၊ ခေတ်ကာလနှင့်ဆီလျော်သော နှုန်းထားများဖြစ်စေရေး၊ ရငွေများ လျော့နည်းရရှိမှု မဖြစ်စေရေး၊ လျာထားငွေများ အတိုင်း အပြည့်အဝကောက်ခံရရှိရေး၊ နှစ်ဟောင်းကြွေးကျန်များ လျာထားစေရေး၊ ရငွေများကို အမှန်ရရှိ စာရင်းတင်စေရေး၊ ဌာနဆိုင်ရာ ရငွေများအား ဌာနစာရင်းသို့ မှန်ကန်စွာ ပေးသွင်းစေရေးများကို ကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က စိုက်ထုတ်ထားသည့် ပြည်ပကြွေးမြီအတွက် အတိုးများကို သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း အပြည့်အဝပြန်လည်ရရှိရေးနှင့် အတိုးရငွေများကို နီးစပ်စွာခန့်မှန်း ရေးဆွဲရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

နိုင်ငံတော်အနေဖြင့် ပြည့်စုံကောင်းမွန်သော အရအသုံးခန့်မှန်းခြေ ငွေစာရင်းဖြစ်စေရန် ဌာန အဖွဲ့အစည်းများအနေဖြင့်အရ အသုံးခန့်မှန်းခြေငွေစာရင်းရငွေ လျာထားချက်ရေးဆွဲရာတွင် ဌာန ပိုင်မြေ၊ အဆောက်အအုံ ရောင်းချခြင်း၊ ပစ္စည်းဟောင်း၊ ဖျက်သိမ်း အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချခြင်းများအတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိပါက အနီးစပ်ဆုံး ထည့်သွင်း လျာထားရန်၊ နှစ်စဉ်ရရှိသင့်သည့်ရငွေများ ပြည့်စုံစွာ ထည့်သွင်းလျာထားရန်နှင့် လျာထားချက်အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်က ပြည်ပချေးငွေအရင်း စိုက်ထုတ်ငွေများ အပြည့်အဝရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အကြံပြုချက်တွင် ဖော်ပြပါရှိသည်။

တိုင်းဒေသကြီး၊ပြည်နယ်များ၏ ဘတ်ဂျက်လိုငွေများကို ခန့်မှန်းရာတွင် အနီးစပ်ဆုံးခန့်မှန်းခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များသည် လိုအပ်သည်ထက်ပိုမိုရယူမှု မရှိစေရေးအတွက် နှစ်အတွင်း ဒေသအလိုက် အမှန်အခြေအနေအရလိုငွေ တောင်းခံမှုအပေါ် ပြန်လည်စိစစ်ခွင့်ပြုသင့်ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များအား ထိရောက် အကျိုးရှိစွာ အချိန်မီအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ချေးယူရငွေအတွက် ပေးဆပ်ငွေ (ပြည်တွင်း) အသုံးစရိတ်များ လျာထားရာတွင် ငွေလဲလှယ်နှုန်း အတက်အကျများ၏ ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစား၍ အထူး ဂရုပြုလျာထားရန် လိုအပ်ကြောင်း၊ ချေးယူရငွေ (ပြည်ပ) အတွက် ပြန်လည်ပေးဆပ်ရာတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းများကြောင့် အထွေထွေ ပိုလျှံရန်ပုံငွေမှ ရယူသုံးစွဲမှု ကျပ် ၁၁ ဒသမ ၃၇၂ ဘီလျံဖြင့် အများဆုံးဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေလျာထားရာတွင် အနီးစပ်ဆုံးဖြစ်စေရန် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်က အကြံပြုထားသည်။

ငွေလုံးငွေရင်း အသုံးစရိတ်အရ ပိုလျှံငွေများ ပြန်လည်အပ်နှံမှုနှင့်စပ်လျဉ်း၍ နောင်တွင် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် လျာထားငွေနှင့်  အနီးစပ်ဆုံးအကောင်အထည် ဖော်နိုင်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကြွေးမြီအသုံးစရိတ် လျာထားမှုကို နောင်တွင် အမှန်သုံးစွဲမည့် ပမာဏနှင့် အနီးစပ်ဆုံးခန့်မှန်း လျာထားနိုင်ရေး ကြီးကြပ်ရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်က အကြံပြုထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်အပ်နှံငွေ ကျပ် ၁၇၂၁ ဒသမ ၄၅၉ ဘီလျံရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြန်အပ်ငွေ ကျပ် ၂၅၁၄ ဒသမ ၂၈၈ ဘီလျံရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကာ ခြောက်လအတွင်း ပြည်ပ ကြွေးမြီများ၏ နိုင်ငံနှင့် အဖွဲ့အစည်းအလိုက် လက်ကျန် အခြေအနေမှာ ကြွေးမြီလက်ကျန်ငွေ အမေရိကန် ဒေါ်လာ ၉၇၅၂ သန်း ဖြစ်ကြောင်း၊ နိုင်ငံအဖွဲ့အစည်းအလိုက် ကြွေးမြီလက်ကျန်မှာ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း တရုတ်တွင် အမေရိကန် ဒေါ်လာ ၃၆၁၀ သန်း၊ ဂျပန်တွင် ဒေါ်လာ ၂၄၄၀ သန်း၊ IDA (ကမ္ဘာ့ဘဏ်) တွင် ဒေါ်လာ ၁၂၄၉ သန်း၊ ဂျာမနီတွင် ဒေါ်လာ ၇၃၈ သန်း၊ ADB တွင် ဒေါ်လာ ၅၆၄ သန်း၊ ပြင်သစ်တွင် ဒေါ်လာသန်း ၅၀၀၊ အိန္ဒိယတွင် ဒေါ်လာသန်း ၂၀၀ နှင့် အခြားကြွေးကျန် ဒေါ်လာ ၄၅၁ သန်းရှိကြောင်း သိရသည်။

နှစ်စဉ်ပင် ဘတ်ဂျက်ပိုလျှံငွေ မြောက်မြားစွာ ပြန်လည်အပ်နှံနေရခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအတွက် အနီးစပ်ဆုံးခန့်မှန်းတွက်ချက် တောင်းခံရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျာထားသည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

ပိုလျှံအပ်ငွေက နှစ်တိုင်းလိုလို ဖြစ်နေတာမှန်ပါတယ်။ နောက်တစ်ခုက ပိုလျှံအပ်ငွေနဲ့ ပတ်သက်ပြီးတော့ ပြန်အပ်တဲ့ ပမာဏကလည်း နှစ်တိုင်းလိုလို ထောင်နဲ့ချီပြီး ရှိတဲ့အခါကျတော့ ဒါကြောင့် စာရင်းစစ်ချုပ်ကလည်း နှစ်တိုင်းလိုလို ဒါကို ထောက်ပြပြီး ပြောဆိုလေ့ရှိတယ်။ ဘယ်လိုပဲပြောနေပြောနေ ဒီ Issue က အခုချိန်အထိ ဆက်လက်ပြီးရှိနေတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ကလည်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာပေါ်မူတည် ပြီးတော့ လွှတ်တော်ထဲကနေအစိုးရကို တည့်မတ်ပြီးတော့ ထိန်းကျောင်းဖို့လိုမယ်။ ပိုလျှံအပ်ငွေက ဘာတွေကို နစ်နာသွားလဲဆိုတော့ အစိုးရရဲ့ အသုံးစရိတ်က တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်” ဟု ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။

လွှတ်တော်က ခွင့်ပြုထားသည့် အသုံးစရိတ်ကို ပြည့်ပြည့်ဝ၀ မသုံးခြင်းသည် တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်မှုရှိခြင်းကြောင့် ယင်းကိစ္စသည် လွန်စာအရေးကြီးသည့်ကိစ္စဟု ရှုမြင်ကြောင်းနှင့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ပိုလျှံအပ်ငွေကိုပြန်လည်အပ်နှံရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း ပြန်အပ်သည့် အဖွဲ့အစည်းများ ရှိသလို မအပ်သည့် အဖွဲ့အစည်းများ ရှိနေသည်ကိုလည်း တွေ့ရကြောင်း ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ထို့ပြင် ကြွေးမြီရငွေကို နှစ်စဉ် ရာခိုင်နှုန်း ၅၀ ခန့်သာ ဆောင်ရွက်နိုင်ခြင်းနှင့် စပ်လျဉ်း၍ ဌာနများအနေဖြင့် ရှင်းလင်းချက်များစွာ တွေ့ရှိရပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စုစည်းချက်အရ ၁၅ ချက် ရှိသော်လည်း အဓိကအကြောင်းရင်းမှာ ချေးငွေစီမံကိန်းပါလုပ်ငန်းရပ်များကို Work Plan အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း နှင့် မူလ Feasibility Study ပြုလုပ်စဉ်ကပင် ပြည့်စုံအောင် လေ့လာခြင်း၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားခြင်း၊ ပွင့်လင်းမြင်သာ မှုရှိခြင်းတို့ဖြင့် စနစ်တကျ လေ့လာ သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကော်မတီက ပြောကြား ထားသည်။

ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်ခြင်း နှင့် စပ်လျဉ်း၍ မူလကပင် နိုင်ငံတော်၏  အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုငွေပြဘတ်ဂျက် ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် အသုံးစရိတ်များ ကျခံသုံးစွဲရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ်အရ အမှန်တကယ် သုံးစွဲရန်လိုအပ်သော အသုံးစရိတ်များကိုသာ စိစစ်သုံးစွဲခြင်း၊ မလိုလားအပ်သော လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စိစစ်သုံးစွဲခြင်း၊ နိုင်ငံနှင့် ပြည်သူများအတွက် အမှန်တကယ် ထိရောက်အကျိုးရှိစေသော အသုံးစရိတ်များ ဖြစ်စေရေး စိစစ်သုံးစွဲခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများဖြင့်  ကျခံသုံးစွဲဆောင်ရွက်ရခြင်းဖြစ်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိရှိ သုံးစွဲဆောင်ရွက်ခြင်းတို့ဖြင့် စိစစ်သုံးစွဲဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

“ ပိုလျှံငွေ ပိုလျှံငွေဆိုပြီး ပြောနေကြတယ်။ သာမန်အားဖြင့် သိတာက ၁၀၀ သုံးဖို့ လျာထားတယ်။ ၈၀ ပဲသုံးထားတယ်ဆိုရင် ၂၀ ပိုတယ်ပေါ့။ ဒီလိုပဲ သဘောပေါက် နားလည်သဘောပေါက်ထားတယ်။ အမှန်ကတော့ ဘတ်ဂျက်တစ်ခုလုံးနဲ့ ဆိုင်တယ်။ ရသုံးမှန် ခြေငွေစာရင်းဆိုတာအရတွေ ရှိတယ်။ အသုံးတွေရှိတယ်။ ပိုလျှံတယ်ဆိုတာက သုံးလို့မကုန်တာကိုပဲ ပြောနေကြတာ။ အမှန်က ရတာလည်းပြောချင်တယ်။ သုံးတာလည်းပြောချင်တယ်” ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင်၊ ချောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုကြီးက ဆိုသည်။

အစိုးရအနေဖြင့် ရသင့်ရထိုက်သည့် ငွေကြေးကို လျာထားငွေထဲတွင် မပါဝင်ခြင်းနှင့် ရင်းနှီးထားသည့် ရငွေများကို လျာထားငွေထဲတွင် မပါမဝင်ခြင်းများကိုလည်း ဦးစားပေးပြင်ရန်လိုကြောင်း ဦးဘိုကြီးက ပြောကြားသည်။

ဦးဘိုကြီးက “ ရရမယ်။ ပိုက်ဆံတွေက အခွန်တွေမရဘူး။ ချေးငွေတွေရှိတယ်။ ကူညီတဲ့ငွေတွေရှိတယ်။ ဒါတွေက နဂိုကတည်းက Plan ရှိတယ်။ ပြီးမြောက်အောင် မလုပ်နိုင်တော့ အရမ်းနစ်နာတယ်။ အသုံးတွေမှာလည်း ဒီလိုပဲ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မသုံးနိုင်ဘူး” ဟု ပြောကြားသည်။

လိုငွေပြ ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်လျက်ရှိရာတွင်  နှစ်စဉ်ပင် ရည်မှန်းချက် ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းသည် ကြွေးမြီခံနိုင်ရည်ရှိမှုကို အထောက်အကူ မဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကိုပါ ထိခိုက်နိုင်စေကြောင်း သုံးသပ်ရရှိသည်ဟု ငွေစာရင်းပူးပေါင်းကော်မတီက ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်စဉ်ဖြစ်နေသည့် ပိုလျှံအပ်ငွေနှင့် လိုငွေပြဘတ်ဂျက်ပြဿနာကို အဖြေရှာရန်အတွက် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။     

 

Most Read

Most Recent