ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူ အောင်ကြီးအား တရားသူကြီးက တရားရှင် ပြန်လွှတ်သည့်အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် တရားရုံး၏ စီရင်ချက်ရရှိပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောကြားသည်။
နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ဒီဇင်ဘာ ၁၉ ရက်က ရဲမှူးချုပ် စိုးနိုင်ဦး၊ CID ရဲမှူးကြီးမင်းဟန်နှင့် CID ရဲမှူး သားထွန်းတို့က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့သည်။
စွပ်စွဲခံထားရသူ အောင်ကြီးအား လက်ရှိတွင် တရားရှင်ပြန်လွှတ်ခဲ့ပြီး တရားရုံးအတွင်း စစ်ဆေးပေါ်ပေါက် ချက်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်ခဲ့သူ တရားခံအစစ်ကို ဖော်ထုတ်ရန် မည်သို့ ဆောင်ရွက်သွားမလဲဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းမှုကို ရဲမှူးကြီးမင်းဟန်က “ဒါနဲ့ပတ်သက်ပြီးတော့ မနေ့က သက်ဆိုင်ရာ တရားရုံးရဲ့ စီရင်ချက် မရသေးဘူး။ တရားရုံးရဲ့ စီရင်ချက် ရလို့ရှိရင်တော့ ဥပဒေနဲ့အညီ ဘယ်လိုဆက်လက် ဆောင်ရွက်မလဲ ဆိုတာကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်ပါမယ်။ ဥပဒေနဲ့အညီပဲ ကျွန်တော်တို့ ဆောင်ရွက်သွားမယ်။ ဒီခရိုင်တရားရုံးဆိုရင် စီရင်ချက်ချပြီဆိုရင် စီရင်ချက်ချတဲ့ အကြောင်းအခြင်းအရာ။ ပြစ်ဒဏ်ချရင် ပြစ်ဒဏ်ချတဲ့ အကြောင်းအခြင်းအရာ ကျွန်တော်တို့ ဖော်ပြသင့်ပါတယ်။ နောက်တစ်ခါ လွှတ်ရင်လွှတ်လိုက်တဲ့ အကြောင်းရင်းအားလုံး ဖော်ပြသင့်တယ်။ ရုတ်တရက်ကြီး လွှတ်လိုက်တဲ့ အနေအထား ဖြစ်သွားတဲ့ဟာကိုတော့ တရားရုံးလာတဲ့ နှစ်ဖက်ရှေ့နေများ အံ့သြသွားတဲ့ အနေအထား ဖြစ်သွားတယ်ဆိုတာ တွေ့ရှိရတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
ဗစ်တိုးရီးယားအမှုကို တည်ဆောက်သည့်နေရာတွင် ရဲတပ်ဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားတည်ဆောက်ခဲ့ပြီး တရားသူကြီးအနေဖြင့် ဆင်ခြင်တုံတရားအရ စွဲချက်မတိုင်မီ လွှတ်ခြင်းသည် တရားသူကြီး၏ အပိုင်းဖြစ်၍ ရဲတပ်ဖွဲ့သည် တရားစွဲဆိုသည့် အပိုင်းဖြစ်ကြောင်း ရဲမှူးကြီးမင်းဟန်ကဆိုသည်။
၎င်းက “တရားစီရင်တဲ့အပိုင်း မဟုတ်တဲ့အတွက်ကြောင့် တရားသူကြီးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ဥပဒေနဲ့အညီနဲ့ပဲ ဆက်လက် ဆောင်ရွက်ပါမယ်။ ဥပဒေနဲ့အညီဆိုတာ သက်ဆိုင်ရာ ကျင့်ထုံးတွေမှာ ရှိပြီးသား ဖြစ်ပါတယ်။ သက်ဆိုင်ရာ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ကြည့်ပြီးကာမှ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ပါမယ်။ စွပ်စွဲခံရသူ အောင်ကြီးအား တရားရှင် လွှတ်လိုက်ခြင်းသည် တရားစီရင်ရေး၌ အခွင့်အာဏာရှိခြင်းသည် မှန်ကန်သော်လည်း နစ်နာသူရှိနေသည့်အတွက် တရားလိုဘက်က တင်ပြထားမှု အားလုံးကို စစ်ဆေး ပြင်ဆင်ပြီးမှသာ တရားသူကြီး အနေဖြင့် ဆောင်ရွက်စေလိုကြောင်း ရဲမှူးချုပ်စိုးနိုင်ဦးက ဆိုသည်။
၎င်းက “ဒီမှာတည်ဆောက်နေတဲ့ အမှုတွဲက အားကောင်းပါတယ်ဆိုတဲ့ သက်မဲ့သက်သေ ကျန်လျက်သားကြီးကို ဝုန်းဆိုမနေ့က လွှတ်လိုက်တော့ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး မနေ့က တော်တော်အံ့သြသွားတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တော်တော်အံ့သြသွားတဲ့ အနေအထား ရှိပါတယ်။ တရားစီရင်မှာတော့ အခွင့်အာဏာရှိတာတော့ မှန်ပါတယ်။ နစ်နာသူ ရှိနေတဲ့အခါမှာ ဒါကိုတရားလို Side က ကုန်စုံအောင် တင်ပြလာခြင်းကို အားလုံးပြဆင်ပြီးတော့မှသာလျှင် တရားသူကြီးရဲ့ ဆင်ခြင်သုံးသပ်မှုနဲ့ ဆောင်ရွက်စေချင် လိုပါတယ်” ဟု ပြောကြားသည်။
CID ရဲတပ်ဖွဲ့က သိမ်းယူသွားသည့် Wisdom Hill မူကြိုကျောင်းမှ CCTV အထိုင်စက် DVR+Hard-disk ကို ကျွမ်းကျင်သူများက စစ်ဆေးခဲ့ရာတွင်လည်း မည်သည့်အချက်အလက်များ ပါဝင်တော့ခြင်း မရှိတော့သလို ဗစ်တိုးရီးယား ကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက် ဓာတ်ခွဲခန်း မှန်ပြားတွင်လည်း သုက်ပိုးမတွေ့ရှိရတော့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
“CID အနေနဲ့ နည်းပညာအဖွဲ့လည်း ခိုင်ခိုင်မာမာရှိတယ်။ အမှုကိုင်တွယ်တဲ့အခါမှာ ဟက်ဒစ်ကို သိမ်းပြီးတော့မှ စိစစ်ရတာလည်း စစ်ရမယ်။ ဟက်ဒစ်ရဲ့ အမျိုးအစား၊ ဟက်ဒစ်ရဲ့ အရည်အသွေး။ ဒါလေးကို စိစစ်ပါလို့ပြောတယ်။ အဲဒီမှာ ဟက်ဒစ်ရဲ့ အမျိုးအစားနဲ့ အရည်အသွေးကို ကြည့်တဲ့အခါမှာ အရိပ်လောက်ပဲ ကျန်ခဲ့ပြီးတော့ ကျန်တဲ့အထောက်အထား မရှိတော့ဘူး” ဟု ရဲမှူးချုပ် စိုးနိုင်ဦးက ပြောကြားသည်။
ဗစ်တိုးရီးယား ကလေးငယ်၏ မိန်းမကိုယ်မှထွက်သည့် အရည်စစ်ဆေးချက ်ဓာတ်ခွဲခန်းမှန်ပြားကို ထိုင်းနိုင်ငံသို့ DNA သွားရောက်စစ်ဆေးရန် ဗစ်တိုးရီးယား၏ဖခင်က တောင်းဆိုထားမှုအပေါ် ရဲတပ်ဖွဲ့အနေဖြင့် တည်ဆဲဥပဒေအရ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဗစ်တိုးရီးယား အမှုဖြစ်စဉ်တွင် နောက်ကွယ်မှ ချုပ်ကိုင်မှုနှင့် မသမာမှုများ ရှိနေပါသလားဟု သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို CID ရဲမှူးကြီးမင်းဟန်က “ကျွန်တော်တို့ ရဲတပ်ဖွဲ့ အခုရှင်းလင်းပြတာသည် ကျွန်တော်တို့ တစ်ခုမှ လုပ်ကြံဖန်တီးထားတာ မရှိပါဘူး။ ရိုးရိုးသားသားနဲ့ပဲ ကျွန်တော်တို့ ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်နေတာ။ ရဲတပ်ဖွဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ကျွန်တော်တို့ ရဲတပ်ဖွဲ့ရဲ့တာဝန်။ အမှုမှန်ပေါ်ပေါက်ဖို့ အလိုရှိဆုံးဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ပဲ။ အတတ်နိုင်ဆုံး ဒီဥစ္စာကို ဖြောင့်ဖြောင့်တန်းတန်းပဲ လျှောက်တယ်။ ဘယ်သူကမှ နောက်ကကြိုးကိုင်တာ။ ထိန်းချုပ်တာ လုံးဝမရှိပါဘူး။ ဌာနချုပ်ကလည်း လုံးဝထိန်းချုပ်မှု မရှိဘူး။ ရဲရဲဝံ့ဝံ့ ကျွန်တော် ပြောလိုပါတယ်” ဟုပြန်လည်ဖြေကြားသည်။















