ဒူဘိုင်း ကုန်စည်ပြပွဲ

ဒူဘိုင်း ကုန်စည်ပြပွဲ
Photo: AFP
Photo: AFP
Published 19 December 2019
မောင်ကြွယ်စိုး

၂၀၂၀ ပြည့်နှစ်တွင် ဒူဘိုင်းနိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပမှာဖြစ်ပါတယ်။  နိုင်ငံပေါင်း ၂၀၀ ခန့်က ပါဝင်ကြမှာဖြစ်ပြီး ပြပွဲကြီးကျင်းပနေတဲ့ ခြောက်လတာ ကာလအတွင်း လာရောက်ကြည့်ရှုသူ ဧည့်သည် ၂၅ သန်းခန့် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အာရပ်စော်ဘွားများ သမ္မတနိုင်ငံ UAE မှာကျင်းပမယ့် Expo 2020 ပြပွဲကြီးမှာ အစ္စရေးနိုင်ငံ ပါဝင်ပြသဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် အိမ်နီးချင်း အာရပ်နိုင်ငံတွေနဲ့ အစ္စရေးနိုင်ငံဟာ ဆင်ဆံရေးကောင်းတွေ စတင်ဖို့အတွက် အကောင်းဆုံးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။

တစ်ခြားအာရပ်နိုင်ငံများနည်းတူ UAE နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ သံတမန် အဆက်အသွယ် မရှိပါဘူး။ ဒါ့အပြင် UAE နိုင်ငံက အစ္စရေးနိုင်ငံသားတွေ သို့မဟုတ် အစ္စရေးနိုင်ငံသားလို့ ယူဆထားခဲ့ရသူတွေကို မိမိနိုင်ငံထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။ အစ္စရေးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူမှန်သမျှ တစ်ခြားအရပ်ဒေသကို သွားဖို့အတွက် UAE လေဆိပ်မှာ တစ်ထောက်နားခွင့်သာ ပေးထားပါတယ်။

UAE နဲ့ အစ္စရေးနိုင်ငံတို့ဟာ တိုက်ရိုက်လေကြောင်းလိုင်း မရှိပါဘူး။ အစ္စရေး လေယာဉ်တွေကို UAE လေကြောင်းပိုင်နက်မှာ ပျံသန်းခွင့်ပိတ်ပင်ထားပါတယ်။  ဒါပေမဲ့ UAE နဲ့ အစ္စရေးတို့ဟာ တရားမဝင် ပူးပေါင်း ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို ယာယီမဟာမိတ် ဖြစ်ရတာကတော့ အီရန်ရဲ့ နျူလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းမှု၊ ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတွေကို UAE ကော အစ္စရေးတို့ကပါ ဆန့်ကျင်နေကြလို့ပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနဲ့ စီးပွားရေး စီးပွားရေးဆက်ဆံမှုမရှိခဲ့ပေမဲ့ အစ္စရေးလေတပ်မှ လေယာဉ်မှူးတွေနဲ့  UAE လေတပ်မှ လေယာဉ်မှူးတွေဟာ ၂၀၁၆ ခုနှစ်တုန်းက အမေရိကန် ပြည်ထောင်စု နီဗားဒါးပြည်နယ်မှာ Red Flag စစ်သင်တန်းကို ပူးတွဲတက်ရောက်ခဲ့ကြပါတယ်။ အဲဒီသင်တန်းမှာ စပိန်နဲ့ ပါကစ္စတန်နိုင်ငံမှ စစ်လေယာဉ်မှူးတွေပါ တက်ရောက်ခဲ့ကြပါတယ်။ UAE နဲ့ အစ္စရေးနှစ် နိုင်ငံဟာ အီဂျစ်အစိုးရနဲ့ လက်တွဲပြီး ဆိုင်နိုင်းသူပုန်တွေကို နှိမ်နင်းရာမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

အစ္စရေးနဲ့ UAE နှစ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ ဒေသတွင်းသြဇာလွှမ်းမိုးရေး လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီး နှစ်နိုင်ငံ နီးနီးကပ်ကပ် ရှိစေခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးက ဒေသတွင်းမှာ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှ အကျိုးတူ မျှဝေတာဝန်ယူမယ့်သဘောကို ပြသခဲ့ကြပါတယ်။ ပင်လယ်ကွေ့နိုင်ငံများနဲ့ ပုံမှန်ဆက်ဆံရေး တစ်ရပ်ထူထောင်ဖို့ လိုလားနေတဲ့ အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံရဲ့ ရပ်တည်ချက်ကို အကြောင်းပြပြီး ပင်လယ်ကွေ့ နိုင်ငံတွေကို မိတ်ဆွေအဖြစ် ဆက်ဆံရေးကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

UAE Expo 2020 ကုန်စည်ပြပွဲကြီးမှာ အစ္စရေးနိုင်ငံက ပြသမယ့်ကုန်စည်ပြခန်းဟာ နှစ်နိုင်ငံပုံမှန်ဆက်ဆံရေးကို အရှိန်အဟုန်မြင့်စေမယ့် အခွင့်အရေးတစ်ခုအဖြစ် အစ္စရေးတာဝန်ရှိသူတွေက ယူဆထားပါတယ်။ အစ္စရေးနိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေ အာရပ်ပြည်သူတွေလက်ထဲ ရောက်ရှိစေဖို့ ရည်မှန်းထားပါတယ်။

အာရပ်ပြည်သူတွေနဲ့ အစ္စရေးပြည်သူတွေဟာ ထိတွေ့ဆက်ဆံမှုနည်းသလို ဆက်ဆံရာမှာလည်း သတိကြီးစွာထားပြီး ဆက်ဆံနေကြပါတယ်။ ဒါပေမဲ့ သိသာထင်ရှား တိုးတက်မှုတစ်ခုကတော့ အစ္စရေးအား ကစားသမားတွေနဲ့ အားကစားတာဝန်ရှိသူတွေ ပင်လယ်ကွေ့နိုင်ငံတွေကို ဝင်ရောက်နေတာဖြစ်ပါတယ်။

“ Expo 2020 ဟာ ပုံမှန်ဆက်ဆံရေး မရှိကြတဲ့ UAE နဲ့ အစ္စရေးပြည်သူတွေအကြားမှာ ထိတွေ့ဆက်ဆံမှုတွေ ရှိလာစေမှာပါ။ နှစ်နိုင်ငံ မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားပြောကြားနေတဲ့ ပြည်သူတွေအတွက် ရင်းနှီးမှုရစေမယ့် အနေအထားပဲ ဖြစ်ပါတယ်” လို့ ဒေးဗစ်ကာနာဖိုက ပြောကြားလိုက်ပါတယ်။ သူက တယ်အဗစ်မြို့မှာ အခြေစိုက်နေထိုင်တဲ့ ဗိသုကာပညာရှင်ဖြစ်ပြီး အစ္စရေးကုန်စည်ပြခန်းကို သူက တာဝန်ယူပြီး ဒီဇိုင်းရေးဆွဲထားပါတယ်။

“ ကျွန်တော်တို့ရဲ့ ပြခန်းဟာ လေဟာပြင်လိုဖြစ်နေပါတယ်။ နံရံတွေမရှိဘူး စည်းရိုးတွေမရှိဘူး။ လာရောက်ကြည့်ရှုသူတွေအတွက် အခန်းတစ်ခန်းပါရှိမှာ ဖြစ်တယ်” လို့ ဒေးဗစ်က ပြောကြားပါတယ်။ ခန်းမရဲ့ဒီဇိုင်းက ပင်လယ်ကွေ့နိုင်ငံများနဲ့အတူ အစ္စရေးနိုင်ငံတို့ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား အတားအဆီးမရှိ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ သဘောကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် တံတိုင်းမရှိ၊ စည်းရိုးမရှိတဲ့ ပြခန်းမကို ဖော်ညွှန်းထားတဲ့ လေကားထစ်တွေကို တက်သွားမယ်ဆိုရင် အင်မတန်ကြီးမားတဲ့ LED ဖန်သားပြင်ကို မြင်ရမှာဖြစ်ပြီး၊ ရုပ်သံ ဖန်သားပြင်မှာ အစ္စရေးလူ့အဖွဲ့စည်းရဲ့ အခြေအနေမျိုးစုံကို ပြသထားပါတယ်။

ပြပွဲခန်းမကြီးရဲ့ အောက်မှာ ပြဇာတ်ရုံကြီးရှိပါတယ်။ အဲဒီ ပြဇာတ်ရုံထဲမှာတော့ လာရောက်တဲ့ဧည်သည်တွေဟာ ဘက်ပေါင်းစုံ မီဒီယာအတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ယူဗဲလ်ရိုတယ်က ပြောကြားခဲ့ပါတယ်။ ဒီပြခန်းဟာ အစ္စရေးစိတ်ဓာတ် အစ္စရေး ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးမှုတွေတင်မက ရေရရှိရေး၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ ပြန်ကြားရေးဆိုင်ရာ နည်းပညာရပ်တွေကိုပါ ပြသထားတယ်လို့ ရိုတယ်က ပြောကြားခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီကုန်စည်ပြပွဲကြီးမှာ ပြသထားတဲ့ အစ္စရေးနိုင်ငံပြခန်းဟာ အာရပ်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေးတိုးတက်လာစေဖို့အတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အတိတ်ကာလတုန်းက အစ္စရေးခေါင်းဆောင်တွေဟာ အာရပ်နဲ့မွတ်စလင်ကမ္ဘာတို့နဲ့ ဆက်ဆံရေးပြုလုပ်ခြင်ဟာ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးယူဖို့  တံခါးပေါက်ဖြစ်တယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဒါပေမဲ့ အစ္စရေး ပါလက်စတိုင်းငြိမ်းချမ်းရေးဟာ အေးစက်နေပါတယ်။ နေတန်ယာဟုက အာရပ်ကမ္ဘာနဲ့ ဆက်ဆံရေးကောင်းမွန်လာခြင်းဟာ ပါလက်စတိုင်းနဲ့ အစ္စရေးငြိမ်းချမ်းအတွက် တွန်းအားတစ်ရပ်ဖြစ်တယ်လို့ နေတန်ယာဟု ယူဆခဲ့ပါတယ်။

အစ္စရေးတွေအနေနဲ့ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးမရသေးတဲ့အချိန်မျိုးမှာ ဒူဘိုင်းမှာ ကုန်စည်ပြပွဲပြသခြင်းဟာ နိုင်ငံရေးလုပ်ခြင်းတစ်မျိုးလို့ ဝေဖန်သူတွေရှိနေကြပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဟောင်း ဒိုရီဂိုးလ်က ယခုကုန်စည်ပြပွဲဟာ အစ္စရေးအနေနဲ့ သံတမန်ဆက်ဆံရေးတစ်ရပ်နဲ့ ဆင်တူတဲ့ လုပ်ဆောင်မှုတစ်ရပ်ဖြစ်ကြောင်း သုံသပ်ခဲ့ပါတယ်။

သံတမန်တစ်ဦးဖြစ်သူ ကိုအင်နဲ့ ဗိသုကာပညာရှင် ကာနာဖိုတို့ကတော့ ဒူဘိုင်းကို သွားရောက်ပြီး ပြခန်းမကြီးတည်ဆောက်တဲ့အခါမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဝမ်းမြောက် ဝမ်းသာကြိုဆိုကြကြောင်းနှင့် ပြပွဲခန်းမကြီးကို ဆက်လက်တည်ဆောက်ရန်အတွက် ဒူဘိုင်းသို့ နောက်ထပ် မကြာခဏ သွားရောက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ အိမ်ရှင်တွေရဲ့ ရပ်တည်ချက်ဟာ အရမ်းကောင်းပါတယ်” လို့ ကိုအင်က ပြောကြားခဲ့ပါတယ်။ ဒီပြခန်းကြီးကို လာရောက် ကြည့်ရှုခဲ့တာမှာ စိတ်နှလုံးချမ်းမြေ့သွားစေရမယ်လို့ ကိုဘင်က ပြောကြားခဲ့ပါတယ်။

ဗိသုကာပညာရှင် ကာနာဖို့ကတော့ ကျွန်တော်တို့ခန်းမကြီးဟာ အစ္စရေးနိုင်ငံရဲ့ သိပ္ပံပညာ၊ ယဉ်ကျေးမှုနဲ့ လူသားဆန်မှုဆိုတာတွေကို လာရောက်တဲ့ဧည့်သည်တွေ သိရှိစေမှာ ဖြစ်ပါတယ်။ အရင်ဆုံးက သူတို့အနေနဲ့ မသိရှိခဲ့ကြတာတွေကို ယခုအခါမှာ မြင်လာစေမှာ ဖြစ်ပါတယ်လို့ ကာနာဖိုက ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံဟာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာ ထိုပြပွဲဟာ ပရိသတ်တွေဆီ နားလည်သဘောပေါက်စေတဲ့ ရည်ရွယ်ချက်ဟာ ပြပွဲပြသရတဲ့အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်ရေးဟာ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့အတွက် ခြေလှမ်းလို့  အစ္စရေးက ယူဆထားပါတယ်။

 

Most Read

Most Recent