ပြည်သူအတွက်သုံးရသော ဘတ်ဂျက်

ပြည်သူအတွက်သုံးရသော ဘတ်ဂျက်
Published 18 December 2019

မကြာမီကပင် လွှတ်တော်သို့ ပေးပို့သော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းပါ သုံးငွေများကို အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိဘဲ ဝန်ကြီးဌာနများက ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၂၀၇ ဘီလျံ ရှိနေခြင်းမှာ အံ့သြစရာကောင်းလှသည်။

ပြည်သူတို့ကို ဝန်ဆောင်မှုပေးရသော ကဏ္ဍများ၌ ဒေသတွင်းနိုင်ငံများ၏ အဆင့်အတန်းကို မီရန်ကြိုးစားနေရသည့် အခြေအနေတွင် ဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှု၌ ပြန်လည်အပ်နှံငွေ များပြားလှသည့်ပမာဏရှိနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ ပညာရေး၊ ကျန်းမာရေးစသော လိုအပ်ချက်ကြီးမားလှသည့် ကဏ္ဍများ၌ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သုံးစွဲရန် လိုအပ်သောအရာများကို လျစ်လျူရှုနေခြင်းလား၊ သို့မဟုတ် အခြေခံပြည်သူလူထုအတွက် ယင်းကဏ္ဍများတွင် ဝန်ဆောင်မှုပိုမိုကောင်းမွန်ရန် လုပ်ဆောင်ရမည့် အခြေအနေများ မရှိခြင်းလားဆိုသည့် မေးခွန်းများ ထွက်လာခဲ့သည်။ သေချာသည်ကတော့ ပညာရေးကဲ့သို့သော ကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံမှစ လိုအပ်ချက်များစွာရှိနေသည်။ ပြည်ထောင်စုအစိုးရကချမှတ်သော ဘတ်ဂျက်အရ ကြည့်လျှင် ပညာရေးကဏ္ဍသည် ယခုထက်ပင်ပိုမို၍ ချထားသုံးစွဲရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက်များကထက် ပညာရေးအသုံးစရိတ် ပိုမိုလာသည့်အခါ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုသည် အခြေခံလူထုအတွက် ပို၍သိသာ ကောင်းမွန်သောရလဒ်ကို ရရန်လိုအပ်လာသည်။ သက်ဆိုင်ရာအစိုးရအနေဖြင့် ပညာရေး ကဲ့သို့သော ကဏ္ဍမျိုးတွင် ဘတ်ဂျက်သုံးစွဲမှုကို စနစ်ကျပြီး ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲနိုင်ရမည်ဆိုသည်မှာ မငြင်းနိုင်သောအချက် ဖြစ်ပေလိမ့်မည်။

ဆင်းရဲသည့် နိုင်ငံဖြစ်သည့်အလျှောက် ပညာရေးနှင့် ပတ်သက်လျှင် မပြည့်စုံခြင်း၊ ဘတ်ဂျက်အခြေအနေအရ အစိုးရ၏ ထောက်ပံ့နိုင်မှု နည်းပါးလွန်းခြင်းတို့သည် ပညာရေးကဏ္ဍ ဖွံ့ဖြိုး မရှိသေးဆိုသည့် အချက်ကို ပြသနေသည်ကိုတွေ့ရပေလိမ့်မည်။ ဘတ်ဂျက် မလုံလောက်သောကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ အခြေခံပညာ မူလတန်း ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံများ မထောက်ပံ့နိုင်တော့ပေ။ ကျောင်းဝတ်စုံတစ်စုံလျှင် ကျပ် ၁၄၀၀ သာ သတ်မှတ်ထားပြီး တင်ဒါခေါ်ရာ၌ အဆင်မပြေမှုများရှိကာ ကျပ် ၁၄၀၀ နှုန်းသည်လည်း ချုပ်ခသာရှိသဖြင့် အရည်အသွေး ကောင်းမွန်မှုမရှိသောကြောင့် ကျောင်းဝတ်စုံထောက်ပံ့မှုအား ရပ်ဆိုင်းလိုက်သည်ဟု သတင်းများအရ သိရသည်။

ဤသည်ကိုကြည့်လျှင် နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာ၌ အရေးကြီးသော ထောက်ပံ့ကူညီမှုများမှာ ဘတ်ဂျက်ကြောင့် ခရီးမတွင်နိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည့်အလျှောက် တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် အစိုးရအသုံးပြုမည့် ဘတ်ဂျက်အခြေအနေသည်လည်း တောင့်တင်းပြည့်စုံ လုံလောက်မှု မရှိနိုင်ပေ။ ထိုအခါ ပြည်သူများအတွက် လုပ်ဆောင်ရမည့် ဝန်ဆောင်မှုကဏ္ဍများကို အစိုးရအနေဖြင့်ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။ နိုင်ငံအနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သော ပညာရေးကဏ္ဍတွင် ဘတ်ဂျက်ကို ချိန်တွက်နေရသဖြင့် သိသာသောရလဒ်ကောင်းများ ဆောင်ကြဉ်းရန် လွယ်ကူမည် မဟုတ်ပေ။ ပညာရေးသည် လူတို့၏ အနာဂတ်အတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ခေတ်မီတိုးတက်မှုတို့အတွက် ကြိုတင်လိုအပ်ချက်လည်း ဖြစ်သည်။ ပြည်သူတစ်ဦးချင်းစီ ဘဝများကို မြှင့်တင်လိုလျှင် ပညာရေးသည် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်သည်။ ယခင်ကထက် ပညာရေးဘတ်ဂျက်ကို ပိုမိုသုံးစွဲလာနိုင်သည်ဆိုသော်လည်း လက်ရှိအချိန်အထိ အစိုးရအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာ၌ ဘတ်ဂျက် လိုအပ်ချက်သည် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေပြန်သည်။ ထို့ပြင် တာဝန်ရှိသူများအနေဖြင့် ရရှိလာသော ဘတ်ဂျက်ကို မှန်ကန်စွာ ခွဲဝေအသုံးချနိုင်ရန်လည်း မည်မျှအရေးကြီးကြောင်း သိရှိမည်ဟု ယုံကြည်ပါသည်။

မျက်မှောက်ခေတ် မြန်မာ့ပညာရေးကို အမှန်အတိုင်းကြည့်ပါက နိုင်ငံတကာပညာရေး စံနှုန်းများအရ များစွာနောက်ကျကျန်နေပြီ ဖြစ်သည်။ အလွတ်ကျက်ပညာရေး၊ နိမ့်ကျနေသော ပညာရေး အခြေခံအဆောက်အအုံများအား အလျင်အမြန် မပြုပြင်နိုင်သေးခြင်း၊ ခေတ်မမီတော့သည့် ရင်းမြစ်များကိုသာ အသုံးပြုနေရခြင်းတို့ကို တွေ့ရှိရမည် ဖြစ်သည်။ ၎င်းအပြင် ကျောင်း၌ ပညာသင်ကြားရုံသက်သက်က လုံလောက်ခြင်းမရှိဟု ယူဆလာကြသောကြောင့် ကျောင်းချိန်ပြီးနောက် ကျူရှင်တက်ရခြင်း ဒုက္ခများကလည်း ကြီးထွားနေဆဲပင်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတကာနောက်များစွာ ကျန်ခဲ့ပြီဖြစ်သည့် ယိုယွင်းနေသည့် မြန်မာ့ပညာရေးအဆောက်အအုံကို ကောင်းစွာပြုပြင်နိုင်ရန် လိုအပ်နေ ပြီး ကဏ္ဍတိုင်း၌ နောက်တန်းရောက်နေသည့် အခြေအနေများအပေါ်ပြုပြင်ရာ၌ ဘတ်ဂျက်ကို စနစ်တကျဖြင့် သုံးစွဲဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (ဒီဇင်ဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent