လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးပိုစတာတွင် မျောက်ပုံများ အသုံးပြုထားသဖြင့် စီးရီးအေအမှုဆောင်ချုပ် ပြန်လည်တောင်းပန်ခဲ့ရ

လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးပိုစတာတွင် မျောက်ပုံများ အသုံးပြုထားသဖြင့် စီးရီးအေအမှုဆောင်ချုပ် ပြန်လည်တောင်းပန်ခဲ့ရ
Photos: Getty Images,AC Milan and Roma Twitter
Photos: Getty Images,AC Milan and Roma Twitter
Published 18 December 2019

ဆီမြွန်နီဖူဂတ်ဇော့တိုက ယင်းပိုစတာကို အရောင်စုံဖြင့်ရေးဆွဲထားသည့် မျောက်သုံးကောင်၏မျက်နှာအဖြစ် ဖန်တီးထားသဖြင့် အေစီမီလန်၊ ရိုးမားစသည့်ကလပ်အသင်းများအပါအဝင် လူမျိုးရေး ခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများက ဝေဖန်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

စီးရီးအေပြိုင်ပွဲ၏ အမှုဆောင်ချုပ် ဒီဆီယာဗိုသည် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးပိုစတာတွင် မျောက်ပုံများ အသုံးပြုထားသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီးနောက် ပြန်လည်တောင်းပန်ခဲ့ရကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲအနေဖြင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လှုံ့ဆော်မှုအဖြစ် ဆီမြွန်နီဖူဂတ်ဇော့တိုဟုအမည်ရသည့် အနုပညာရှင်၏ ဖန်တီးမှုလက်ရာကို မီလန်မြို့ရှိ ရုံးချုပ်အဆောက်အအုံဝင်ပေါက်တွင်ထားရှိရန် စီစဉ်ထားသည်။ သို့သော် ဆီမြွန်နီဖူဂတ်ဇော့တိုက ယင်းပိုစတာကို အရောင်စုံဖြင့်ရေးဆွဲထားသည့် မျောက်သုံးကောင်၏မျက်နှာအဖြစ် ဖန်တီးထားသဖြင့် အေစီမီလန်၊ ရိုးမားစသည့်ကလပ်အသင်းများအပါအဝင် လူမျိုးရေး ခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများက ဝေဖန်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"အနုပညာဆိုတာ အင်အားကြီးမားပါတယ်။ ဒါပေမဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးပိုစတာမှာ မျောက်ပုံအသုံးပြုတာကိုတော့ လုံးဝသဘောမတူပါဘူး။ ဆွေးနွေးညှိနှိုင်းမှုမရှိတဲ့အတွက်လည်း အံ့အားသင့်မိပါတယ်" ဟု အေစီမီလန်အသင်းက Twitter တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရိုးမားအသင်းကလည်း "လူမှုမီဒီယာမှာ မြင်တွေ့ရတဲ့ ဓာတ်ပုံအရ စီးရီးအေပြိုင်ပွဲရဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး လှုံ့ဆော်မှု အစီအစဉ်မှာ မျောက်မျက်နှာပုံစံတွေ ရေးဆွဲထားတာမြင်ရလို့ အရမ်းအံ့သြမိပါတယ်။ လိဂ်ပြိုင်ပွဲအနေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တိုက် ဖျက်ချင်တဲ့ဆန္ဒရှိတယ်ဆိုတာ သဘောပေါက်ပေမဲ့ ဒါကတော့ မှန်ကန်တဲ့ နည်းလမ်းဖြစ်မယ်လို့ မယုံကြည်ပါဘူး" ဟု ထုတ်ပြန်သည်။ ထို့ပြင် လူမျိုးရေး ခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းဖြစ်သည့် FARE ကလည်း ယင်းပိုစတာ အတွက် ပြောစရာစကားလုံးမရှိတော့ကြောင်းနှင့် နောက်ပြောင်သလိုဖြစ်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

သို့ဖြစ်ရာ စီးရီးအေအမှုဆောင်ချုပ် ဒီဆီယာဗိုက "မနေ့ကပြသခဲ့တဲ့ အနုပညာလက်ရာနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အလေးအနက်တောင်းပန်ပါတယ်။ ဒီပုံစံက သင့်လျော်မှုမရှိဘူးဆိုတာကိုလည်း လက်ခံပါတယ်" ဟု ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent