Yak-130 ခြောက်စင်းနှင့် JF-17 B နှစ်စင်းအပါအဝင် တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားပြုလုပ်

Yak-130 ခြောက်စင်းနှင့် JF-17 B နှစ်စင်းအပါအဝင် တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားပြုလုပ်
 Photo- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Photo- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Published 16 December 2019
မင်းနိုင်စိုး

တပ်မတော် (လေ) ၏ (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် Yak-130 ခြောက်စင်းနှင့်  JF-17 B နှစ်စင်းအပါအဝင် တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားတွင် Yak-130 အပေါ့စားတိုက်လေယာဉ်ခြောက်စင်း၊ JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းနှင့် MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီး စုစုပေါင်း ၁၀ စင်း တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကြည်း၊ ရေ၊ လေ တပ်မတော်များကို ခေတ်မီပြီး အင်အားတောင့်တင်းစေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ််မတော်တစ်ရပ် ပိုင်ဆိုင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင််ငံများနည်းတူ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိပြီး တပ်မတော် (လေ)ကိုလည်း အင်အားတောင့်တင်းပြီး နည်းပညာအဆင့်အတန်းမြင့်မားသည့် လေကြောင်းစွမ်းအား ပိုင်ဆိုင်သော တပ်မတော် (လေ)အဖြစ် ရောက်ရှိရန် တည်ဆောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထိုသို့ တည်ဆောက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်းလေတပ်များနှင့် ရင်ပေါင်တန်းနိုင်အောင် ထိရောက်သော လေကြောင်းစွမ်းအား၊ လေကြောင်းအာကာသစွမ်းအား ပိုင်ဆိုင်သော တပ်မတော် (လေ)နှင့် ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော် (လေ) ဖြစ်စေရန် ရည်မှန်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

ယနေ့ခေတ်သည် သိပ္ပံနှင့် နည်းပညာသာမက သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာ အရှိန်အဟုန််ဖြင့် တိုးတက််ပြောင်းလဲနေသည့်အတွက် စစ်မှုရေးရာများသည်လည်း ပြောင်းလဲလျက်ရှိကြောင်း၊  ခေတ်သစ်စစ်ပွဲအောင်နိုင်ရန်အတွက် နည်းပညာများနှင့် လိုက်လျောညီထွေ ပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို လေ့လာနေရမည် ဖြစ်ကြောင်း၊ (၂၁) ရာစုစစ်မြေပြင်တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲကို အောင်နိုင်မည်ဖြစ်ကြောင်း၊ စစ်ဆင်ရေး၏ ရလဒ်သည် လေ့ကျင့်ရေးအပေါ် မူတည်သည့်အတွက် တပ်မတော်(လေ) အနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသော တပ်မတော်(လေ) ဖြစ်ရန် တစ်ဦးချင်းနှင့် အဖွဲ့လိုက်် တိုက်ပွဲဝင်လေ့ကျင့်ရေးများကို စနစ်တကျလေ့ကျင့်သွားရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယခုတပ်တော်ဝင်ရာတွင်ပါဝင်ခဲ့သည့် Yak-130 အပေါ့စား တိုက်လေယာဉ်များသည် ဒုတိယအသုတ်အဖြစ် တပ်တော်ဝင်ခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင်ပြုလုပ်ခဲ့သည့် တပ်မတော်(လေ) ၏ နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ခြောက်စင်းတပ်တော်ဝင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင်ပြုလုပ်သည့် တပ်တော်ဝင် အခမ်းအနားတွင်မူပါဝင်ခဲ့ခြင်းမရှိပေ။

Yak- 130 အမျိုးအစား အပေါ့စားဂျက်တိုက်လေယာဉ်များကို မြန်မာနိုင်ငံက သုံးနှစ်ကြာ လေ့လာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်က စာချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရုရှားစစ်ဘက် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ Tass သတင်းဌာနက ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းသတင်းတွင် မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် Yak- 130 အမျိုးအစား အပေါ့စားဂျက်တိုက်လေယာဉ် ပထမအသုတ်အဖြစ် ခြောက်စင်းပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ပထမအသုတ်ခြောက်စင်းကို ၂၀၁၆ ခုနှစ်တွင် သုံးစင်းနှင့် ၂၀၁၇ ခုနှစ်တွင် သုံးစင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ထပ်မံပေးပို့ရန် မျှော်လင့်ထားကြောင်း ထိုစဉ်အချိန်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်လာသည့် ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Russia's Service for Military and Technical Cooperation (FSMTC) ၏ ဒုတိယညှွန်ကြားရေးမှူး Milkhali Petukhov က Tass သတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လေသူရဲနှစ်ဦးမောင်း Yak- 130 လေယာဉ်သည် ဝေဟင်ပစ်ဒုံးကျည်များ၊ မြေပြင်ပစ်ဒုံးကျည်များ၊ ဗုံးများ၊ စက်သေနတ်များ၊ ပဲ့ထိန်းဒုံးများ စုစုပေါင်းကီလိုဂရမ် ၃ဝဝဝ အလေးချိန်အထိ တင်ဆောင်နိုင်စွမ်းရှိပြီး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်အဖြစ်သာမက နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များအတွက် ကြားခံတန်းမြင့် အမောင်းသင် ဂျက်လေယာဉ်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Yak- 130 လေယာဉ်ကို အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ရုရှားနှင့် ဆီးရီးယားတို့တွင် အသုံးပြုနေကြောင်း သိရသည်။

အလားတူ ယခုတပ်တော်ဝင်ရာတွင်ပါဝင်သည့် JF-17 ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် နှစ်စင်းသည်လည်း ဒုတိယအသုတ်အဖြစ် တပ်တော်ဝင်ခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင်ပြုလုပ်သည့်  တပ်မတော်(လေ)၏ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် JF-17 လေးစင်း တပ်တော်ဝင်ခဲ့သည်။

JF-17 တိုက်လေယာဉ်များကို ဝယ်ယူရန် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၆ စင်းအထိ ဝယ်ယူသွားမည်ဖြစ်ကြောင်း သံတမန် သတင်းရင်းမြစ်များကို ကိုးကား၍ ၂၀၁၇ ခုနှစ်က Janes သတင်းဌာနတွင် သတင်းတစ်ရပ် ဖော်ပြခဲ့သည်။

အဆိုပါ JF-17 Thunder FC-1 ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များကို ပါကစ္စတန်နိုင်ငံရှိ Pakistan Aeronautical Complex (PAC)နှင့် တရုတ်နိုင်ငံရှိ Chengdu Aircraft Industry Corporation(CAC) တို့က ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ဝယ်ယူထားသည်မှာ Block 2 အမျိုးအစားဖြစ်ကြောင်း Janes သတင်းဌာန၏ ဖော်ပြခဲ့မှုအရသိရသည်။

JF-17 Block 2 အမျိုးအစားသည် Block 1 အမျိုးအစားထက် ကုန်ကျစရိတ်ပိုမိုသွားသော်လည်း ဝေဟင်တွင် ဆီဖြည့်သည့်စနစ် ပါဝင်လာသလို အာရုံခံစနစ်နှင့် အီလက်ထရွန်းနစ်စနစ်များလည်း သာလွန်ကြောင်း Janes သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။