ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းယာမြေများအတွင်း ခြံစည်းရိုးကာရံနေမှုကို နှောင့်ယှက်ဟန့်တားခဲ့သည်ဟုဆိုကာ တောင်သူ ၁၀ ဦးအား ပုဒ်မငါးခုဖြင့် အမှုဖွင့်ထား

ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းယာမြေများအတွင်း ခြံစည်းရိုးကာရံနေမှုကို နှောင့်ယှက်ဟန့်တားခဲ့သည်ဟုဆိုကာ တောင်သူ ၁၀ ဦးအား ပုဒ်မငါးခုဖြင့် အမှုဖွင့်ထား
အမှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်သူများအား တွေ့ရစဉ်
အမှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်သူများအား တွေ့ရစဉ်
Published 6 December 2019
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု ၀ါးနက်ကျေးရွာအနီးရှိ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မန္တလေး (နန်းတွင်း) မှ သိမ်းဆည်းထားသည့်ယာမြေများကို ဧပြီလအတွင်းက ခြံစည်းရိုးကာရံခဲ့မှုအပေါ် နှောင့်ယှက်ဟန့်တားခဲ့သည်ဟုဆိုကာ ဒေသခံတောင်သူ ၁၀ ဦးကို ပုဒ်မငါးခုဖြင့် အဆိုပါတပ်မှ အမှုဖွင့်တရားစွဲထားကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာ၊ ရွှေစာရံကျေးရွာ၊ ကျောက်ချောကျေးရွာနှင့် ပြင်ဦးလွင်မြို့နယ် လွန်ကောင်းအုပ်စု ၀ါးနက်ကျေးရွာတို့မှ ဒေသခံတောင်သူများသည် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်၏ နို့စားနွားမွေးမြူရေးခြံပြုလုပ်ရန် လွန်ကောင်းကျေးရွာအုပ်စု၊ ၀ါးနက်ကျေးရွာ အနီးရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမာ ဘယ်ကျောက်ပြားစက်ရုံမှ ထိန်းသိမ်းထားသည့် မြေဧက ၇၀၀ အတွင်းရှိ ၁၃၂ ဒသမ ၈၂ ဧကအား ခြံစည်းရိုးကာရံပြုလုပ်နေစဉ် တောင်သူအချို့က ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် တောင်သူများအနက် တောင်သူ ဒေါ်ဆွေ၊ ဒေါ်တင်မြပါ ခုနစ်ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၃၁၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးက တောင်သူများကို ဆင့်ခေါ်ခဲ့ကြောင်း၊ ထို့ပြင် အဆိုပါ ဧပြီ ၃၀ ရက်က အမှတ်(၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်၏ နို့စားနွားမွေးမြူရေးခြံ ပြုလုပ်ရန် ခြံစည်းရိုး ထပ်မံကာရံနေစဉ် တောင်သူ ၁၀ ဦးခန့်က ခြံစည်းရိုးကာရံ၍ မရနိုင်အောင် ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅၊ ၁၈၆၊ ၄၂၇ တို့ဖြင့် တောင်သူ ဦးလှသောင်းပါ ခုနစ်ဦးတို့ကို အမှုဖွင့်တရားစွဲဆိုထားသဖြင့် ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေ ရဲစခန်း၏ ဆင့်ခေါ်ထားသည့်စာအရ သိရသည်။ ယင်းသို့ ခြံစည်းရိုးကာရံနေမှုကို ဟန့်တားနှောင့်ယှက်ခဲ့သည်ဟုဆိုကာ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မန္တလေး (နန်းတွင်း) မှ တရားလို ဗိုလ်ကြီးဇော်ဝင်းနိုင်နှင့် တပ်ကြပ်ကြီးခင်မောင်ကျော်တို့က ဒေသခံတောင်သူ ၁၀ ဦးတို့ကို အမှုနှစ်မှု စုစုပေါင်း ပုဒ်မငါးခုဖြင့် သီးခြားစီ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့တောင်သူတွေက ဒီယာမြေတွေအပေါ်မှာ ဘိုးဘွားအစဉ်အဆက် ခုတ်ထွင်ရှင်းလင်းပြီးတော့ လုပ်ကိုင်စားသောက်လာတာပါ။ ဒါကို အမှတ် (၁၂၁) ထောက်ပို့တပ်က သူတို့ပိုင်ဆိုင်တဲ့ယာမြေဆိုပြီး ခြံစည်းရိုးကာရံတာတွေ လုပ်ပါတယ်။ သူတို့ခြံစည်းရိုး ကာရံလိုက်တဲ့အထဲမှာ ကျွန်မတို့တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေရှိနေတယ်။ ဒါတွေပါ ခြံစည်းရိုးကာရံတဲ့အထဲမှာ ပါသွားပါတယ်။ ဒီယာမြေတွေအပေါ်မှာ လုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်း ၅၀ ကျော်လောက် ရှိနေပါပြီ။ မြေယာပိုင်ဆိုင်မှု အထောက်အထားတွေ အပြည့်အစုံရှိပါတယ်။ သူတို့က ဘယ်လိုပိုင်ဆိုင်တယ်ဆိုတဲ့ အထောက်အထားနဲ့ ဒီမြေတွေကို သိမ်းသွားတာလဲဆိုတာ တောင်သူတွေမသိရဘူး။ အခုကတော့ တောင်သူတွေက မြေလည်းအသိမ်းခံထားရတယ်။ တရားလည်း အစွဲခံထားရတော့ အခက်အခဲတွေ ဖြစ်နေကြတယ်။ တောင်သူတွေကတော့ ကိုယ့်မြေကို ပြန်လိုချင်တယ်။ မတရားအမှုဖွင့်ထားတဲ့ အမှုတွေကို ပိတ်သိမ်းပေးစေချင်ပါတယ်” ဟု အမှုဖွင့်တရားစွဲဆိုခံထားရသည့် တောင်သူများက ပြောကြားသည်။

ထိုသို့ ဒေသခံတောင်သူ ၁၀ ဦးတို့ကို အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ် မန္တလေး (နန်းတွင်း) မှ ပုဒ်မငါးခုဖြင့် ပြင်ဦးလွင်မြို့နယ်တရားရုံး၌ အမှုဖွင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဒေသခံတောင်သူများက ဒီဇင်ဘာ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးထံသို့ ပြင်ဦးလွင်မြို့နယ် ဥပဒေရုံး၏အကြံပြုချက်အား ပြန်လည်စိစစ်ပေးရန် အသနားခံတင်ပြထားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။