ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 5 December 2019
အောင်မင်းသိန်း

 

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်- ၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော့်အနေနဲ့ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးရေးနဲ့ ပတ်သက်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများက စိတ်ပါဝင်စားစွာ ထောက်ခံဆွေးနွေးကြတဲ့အတွက် အထူးပဲကျေးဇူးတင်ပါကြောင်း ပဏာမပြောကြားလိုပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်၌ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏ ပြောကြားချက်တွင်ပါသည့် အကြံပြုချက်များကိုလည်း မှတ်သားထားပြီး လိုအပ်သည်များကို လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်၌ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီအငယ်ဆုံးအသက် ပြဋ္ဌာန်းချက်ကို အခြေအနေရော အချိန်အခါပါ ကိုက်ညီနေတာဖြစ်ပါတယ်။ တခြားသော အာဆီယံနိုင်ငံများနည်းတူ လက်ခံကျင့်သုံးနိုင်ရေးအတွက် လွှတ်တော်ကိုယ် စားလှယ်ကြီးများအားလုံးကလည်း ထောက်ခံကြတဲ့အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ် ၁၃၈ (၁၉၇၃)ခုကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်” ဟု ပြောကြားသည်။

အထက်ပါကိစ္စရပ်နှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်းကြောင့် အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ်- ၁၃၈ (၁၉၇၃)ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေးကိစ္စကို လွှတ်တော်ကအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်

 

 

Most Read

Most Recent