ကစားသမားဘဝမှ အနားယူမည့်အချိန် နီးကပ်လာပြီဟု မက်ဆီ ဝန်ခံ

ကစားသမားဘဝမှ အနားယူမည့်အချိန် နီးကပ်လာပြီဟု မက်ဆီ ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 3 December 2019

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူမည့်အချိန် နီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူမည့်အချိန် နီးကပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် တနင်္လာနေ့က Ballon d’Or ဆုကို စံချိန်တင် (၆)ကြိမ်မြောက် ရရှိခဲ့ပြီး မိမိအနေဖြင့် အသက်ရလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မက်ဆီက "ကျွန်တော် အသက် ဘယ်လောက်ရှိပြီဆိုတာကို သတိထားမိပါတယ်။ အချိန်တွေက အကုန်မြန်ပြီး အနားယူရမယ့်အချိန် နီးကပ်လာပြီဆိုတာကို သိနေတာကြောင့် လက်ရှိအချိန်ကို ကျွန်တော် အကောင်းဆုံးဖြတ်သန်းနေပါတယ်"ဟု Ballon d’Or ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ 

သို့သော် မက်ဆီက မိမိအနေဖြင့် ချက်ချင်းအနားယူဦးမည်မဟုတ်ဘဲ ဘောလုံးလောကတွင် ကျင်လည်နိုင်ဦးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

"နောက်နှစ်ပေါင်း အတော်ကြာအောင် ဘောလုံးကစားနိုင်ဖို့အတွက် ဘုရားသခင်က ကျွန်တော့်ကို ခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ အခု ကျွန်တော့်အသက်က (၃၂)နှစ် ရှိပါပြီ။ ဒီရာသီကုန်ရင် ကျွန်တော် (၃၃) နှစ်ပြည့်တော့မှာပါ။ ဒါကြောင့် ကျွန်တော် ဘောလုံးသမားဘဝဟာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ်မှာ မူတည်နေတယ်လို့ ကျွန်တော် ပြောတာပါ။ လောလောဆယ်မှာတော့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုကို အားရပါတယ်။ ကျွန်တော့်အနေနဲ့ နောက်ထပ် နှစ်အနည်းငယ်လောက် ဘောလုံးကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု မက်ဆီက ပြောကြားခဲ့သည်။ 

ထို့ပြင် မက်ဆီက မိမိအနေဖြင့် ဘာစီလိုနာအသင်းနှင့် ဆက်ဆံရေးမှာ အလွန်ခိုင်မြဲကြောင်းနှင့် စာချုပ်ကိစ္စနှင့်ပတ်သက်ပြီးလည်း ပြဿနာတစ်စုံတစ်ရာ မရှိကြောင်း ပြောကြားခဲ့သည်။