အမေဇုန်တောကို မီးရှို့ရန် သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက ငွေကြေးထောက်ပံ့ပေးခဲ့ဟု ဘရာဇီးသမ္မတ ဘော်ဆိုနာရို စွပ်စွဲ

အမေဇုန်တောကို မီးရှို့ရန် သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက ငွေကြေးထောက်ပံ့ပေးခဲ့ဟု ဘရာဇီးသမ္မတ ဘော်ဆိုနာရို စွပ်စွဲ
Published 1 December 2019

ဟောလိဝုဒ်သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက အမေဇုန် မိုးသစ်တောကို မီးရှို့ရန် ပြည်တွင်းရှိ အင်န်ဂျီအိုအဖွဲ့များကို ငွေကြေးထောက်ပံ့ပေးခဲ့သည်ဟု ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက သက်သေအထောက်အထား မပြဘဲ နိုဝင်ဘာ ၂၉ ရက်တွင် စွပ်စွဲခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ World Wildlife Fund (WWF) က စေတနာ့ဝန်ထမ်း မီးသတ်သမားများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများအတွက် ငွေကြေးပေးခဲ့ကြောင်း၊ ယင်းဓာတ်ပုံများကို ဒီကာပရီယိုထံမှ လှူဒါန်းငွေ ဒေါ်လာ ၅၀၀,၀၀၀ အပါအဝင် အလှူငွေများတောင်းခံရန် အသုံးပြုခဲ့ပုံ ရသည်ဟုဆိုသော လူမှုမီဒီယာတွင် ရေးသားသည့် Post များနှင့်ပတ်သက်ပြီး ဘော်ဆိုနာရိုက မှတ်ချက်ပေးခဲ့သည်ဟု ထင်မှတ်ရသည်။

ဒီကာပရီယိုထံမှ အလှူငွေ လက်ခံခဲ့ခြင်း မရှိသလို မီးသတ်သမားများထံမှ ဓာတ်ပုံများလည်း ရရှိခဲ့ခြင်းမရှိဟု WWF က ငြင်းဆိုခဲ့ သည်။

“ လီယိုနာဒိုက အေးဆေးတဲ့ လူတစ်ယောက် ဟုတ်လား။ အမေဇုန်ကို မီးရှို့ဖို့ ငွေတွေပေးခဲ့တယ်လေ” ဟု ဘော်ဆိုနာရိုက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ဒီကာပရီယိုကလည်း WWF သို့ ငွေကြေးလှူဒါန်းခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။  ကြေညာချက်တစ်ခုတွင် လီယိုနာဒိုက သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ကို ကာကွယ်ရန်အတွက် ဘရာဇီးပြည်သူများ၏ လုပ်ဆောင်ချက်ကို ချီးကျူးခဲ့သည်။  သင့်လျော်သော ကူညီမှုများပေးခဲ့သော်လည်း အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒီကာပရီယိုသည် အမေဇုန်သစ်တော မီးလောင်မှုများ အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို မကြာခဏ ပြောကြားခဲ့သည်။ မျိုးသုဉ်းပျောက်ကွယ်တော့မည့် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်သည့် စီမံကိန်းများကို အဓိကထားလုပ်ဆောင်သည့် ၎င်း၏ လီယိုနာဒိုဒီကာပရီယိုဖောင်ဒေးရှင်းသည် Earth Alliance အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး အပူပိုင်းဒေသမိုးသစ်တော ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်မှုမြင့်တက်လာစဉ် အမေဇုန်တွင် လတ်တလောဖြစ်ပွားနေသည့် တောမီးလောင်မှုနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်မိသည်ဟု လီယိုနာဒိုဒီကာပရီယိုက သြဂုတ်တွင် ပြောကြားခဲ့သည်။ အမေဇုန်တွင် ဧရာမတောမီးလောင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မိုးသစ်တောများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဒီကာပရီယို ပူးတွဲတည် ထောင်ထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း Earth Alliance က ဒေါ်လာ ငါးသန်း လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။

အင်န်ဂျီအိုအဖွဲ့အစည်း Alter do Chao Fire Brigade ၏ အဖွဲ့ဝင်လေးဦးသည် အထောက်အထားများ ရရှိရန်နှင့် အလှူငွေများ ပိုမိုရရှိရန် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် နိုဝင်ဘာ ၂၈ ရက်တွင် တရားသူကြီး၏ အမိန့်အရ ပြန်လည်လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် အခြားအင်န်ဂျီအိုအဖွဲ့အစည်းများက ယင်းဖမ်းဆီးမှုကို ဝေဖန်ခဲ့ပြီး ယင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများကို တိုက်ခိုက်ရန်အတွက် ဘော်ဆိုနာရိုအစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပါရာပြည်နယ်ရှိ အင်န်ဂျီအိုအဖွဲ့နှစ်ခု၏ ရုံးချုပ်များကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘော်ဆိုနာရို၏ ယင်းမှတ်ချက် ထွက်ရှိခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၂၁ ရက်တွင် Facebook Live ထုတ်လွှင့်မှု၌ ဘော်ဆိုနာရိုက “ အင်န်ဂျီအိုတွေက အမေဇုန်သစ်တောကို မီးရှို့ဖို့ လုပ်ခဲ့တယ်ဆိုတာကို အရာရာတိုင်းက ညွှန်ပြနေတယ်” ဟု ပြောကြားခဲ့သည်။

၎င်း၏ အခိုင်အမာပြောကြားချက်ကို မှန်ကန်ကြောင်းပြသရန် သက်သေအထောက်အထား ရှိ၊ မရှိ မေးမြန်းခဲ့မှုကို ဘော်ဆိုနာရိုက ၎င်းတွင် အသေးစိတ်မှတ်တမ်းများ မရှိဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent