ဂျန်ဂျီဟွန်းက Netflix ၏ Kingdom ဇာတ်လမ်းတွဲတွင် ပါဝင်မည်ဟု သတင်းထွက်ရှိ

ဂျန်ဂျီဟွန်းက Netflix ၏ Kingdom ဇာတ်လမ်းတွဲတွင် ပါဝင်မည်ဟု သတင်းထွက်ရှိ
Published 29 November 2019

 

My Sassy Girl ဇာတ်ကားဖြင့် ကျော်ကြားခဲ့သည့် ကိုရီးယားသရုပ်ဆောင် ဂျန်ဂျီဟွန်းသည် Netflix ဇာတ်လမ်းတွဲ Kingdom ၏ Season 2 နှင့် 3 ၌ ပါဝင်မည်ဟု ကိုရီးယားမီဒီယာများက နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

ဂျန်သည် Kingdom Season 2 ၏အဆုံးတွင် အရေးပါသည့် ဇာတ်ကောင်အဖြစ် ပါဝင်မည်ဖြစ်ပြီး Season 3 တွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

ယင်းဇာတ်လမ်းတွဲ၏ Season 2 ကို ယခုနှစ် နွေရာသီတွင် စတင်ရိုက်ကူးပြီး ၂၀၂၀ ပြည့်နှစ် မတ်တွင် ထုတ်လွှင့်မည်ဖြစ်သည်။

ကိုရီးယားဝက်ဘ်ဆိုက်တွင် ဖြန့်ချိသည့် နာမည်ကျော် အခန်းဆက်ရုပ်ပြစာအုပ်တွဲ The Kingdom of the Gods ကို အခြေပြုရိုက်ကူးထားသည့် Kingdom ဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် စတင်ထုတ်လွှင့်ခဲ့သည်။ ယင်းဇာတ်လမ်းတွဲတွင် ဂျန်ဂျီဟွန်း၊ ဘေဒိုးနာ၊ Ryu Seung Ryong နှင့် Heo Jun Ho က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည်။ Kingdom ဇာတ်လမ်းတွဲသည် Rotten Tomatoes တွင် Rating ၈၉ ရာခိုင်နှုန်း ရရှိခဲ့သည်။

Kingdom ဇာတ်လမ်းတွဲ၏ Season 2 သည် ဂျန်ဂျီဟွန်းအတွက် သုံးနှစ်နီးပါးအတွင်း ပထမဆုံးရိုက်ကူးမည့် ဇာတ်လမ်းတွဲဖြစ်လာမည်ဖြစ်သည်။ အသက် ၃၈ နှစ်အရွယ်ရှိ ဂျန်သည် ၂၀၁၆ ခုနှစ်တွင် Legend of the Blue Sea ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပြီးနောက် ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုခဲ့ပြီး ဇာတ်လမ်းတွဲနှင့် ဇာတ်ကားရိုက်ကူးမှုများကို ရပ်နားခဲ့သည်။

 ဂျန်သည် II Mare၊ Windstuck၊ The Thieves၊ The Berlin File၊ Assassination စသည့် ဇာတ်ကားများနှင့် My Love From the star နှင့် Legend of the Blue Sea ဇာတ်လမ်းတွဲတို့တွင်လည်း ပါဝင်ခဲ့သည်။ ဂျန်၏ ဇာတ်ကားများနှင့် ရုပ်သံဇာတ်လမ်းတွဲများသည် ကမ္ဘာတစ်ဝန်းအောင်မြင်ခဲ့မှုကြောင့် ကိုရီးယားထိပ်တန်း အမျိုးသမီးသရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ ဂျန်သည် ၂၀၁၂ ခုနှစ်တွင် ဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ၂၀၁၆ ခု နှစ်တွင် ပထမသားနှင့် ၂၀၁၈ ခုနှစ်တွင် ဒုတိယမြောက်သားကို မွေးဖွားခဲ့သည်။

ဂျန်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် Forbes မဂ္ဂဇင်း၏ ထင်ရှားကျော်ကြားသည့် ကိုရီးယားအနုပညာရှင် စာရင်းတွင် နံပါတ် (၄) နေရာ၌ နံပါတ် (၈) နေရာတို့တွင် ဖော်ပြခံခဲ့ရသည်။

 

Most Read

Most Recent