ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါ၀ါထွန်းအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်သဘောတူအတည်ပြု

ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါ၀ါထွန်းအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်သဘောတူအတည်ပြု
Published 28 November 2019
သန်းလှိုင် (စစ်တွေ)

ဒေါ်ဝါ၀ါထွန်းအား ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးမှ အမည်စာရင်းပေးပို့ခဲ့သဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၁၉) ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူခဲ့ရာ ကန့်ကွက်မည့်မရှိသဖြင့် ယခုကဲ့သို့ ခန့်အပ်ရန်အတည်ပြုခဲ့ ခြင်းဖြစ်ကြောင်းသည်။

ဒေါ်ဝါ၀ါထွန်းသည် ရခိုင်ပြည်နယ် သံတွဲမြို့ဇာတိဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့်(၄)မှ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယင်းမှတစ်ဆင့် ရာထူးတာဝန်အဆင့်ဆင့် တိုးမြှင့်ခြင်းခံရကာ စစ်တွေခရိုင်တရားရုံး ခရိုင်တရားသူကြီးအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီး လက်ရှိတွင် တရားလွှတ်တော် တရားသူကြီးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်းလည်း သိရသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး (၃/၂၀၁၉)မှ သဘောတူညီချက်အား ရခိုင်ပြည်နယ် လွှတ်တော်က နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးမှ ပြန်လည်အကြောင်းကြားလာပါက ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ကတိသစ္စာပြုရန် လွှတ်တော်အစည်းအဝေး တတိယနေ့ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပသော အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးရှိသည့် အနက် ၃၅ ဦး တက်ရောက်ခဲ့ပြီး ခွင့်တိုင်ကြားသူ ၁၁ ဦး၊ ခွင့်မဲ့ပျက်ကွက်သူ တစ်ဦးရှိခဲ့ကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent