ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းလုပ်ငန်း ယနေ့စတင်မည်ဟု တပ်မတော်ကြေညာ

ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းလုပ်ငန်း ယနေ့စတင်မည်ဟု တပ်မတော်ကြေညာ
  နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်၌ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်၌ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 26 November 2019
                   မင်းနိုင်စိုး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညွှန်ကြားချက်များ လိုက်နာရန် အားနည်းချက်ရှိခဲ့သဖြင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းလုပ်ငန်းကို ယနေ့ (နိုဝင်ဘာ ၂၆ ရက်) စတင်မည်ဟု တပ်တော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် သြဂုတ်အတွင်းက ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးတွင် ဘင်္ဂါလီအများအပြားအား သတ်ဖြတ်ပြီး နေရာငါးခုတွင်ခွဲ၍ မြေမြှုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။

လူသေအလောင်းများကို မြှုပ်နှံထားသော ကျင်းငါးကျင်းအနက် သုံးကျင်းသည် ဂူတာပြင်ရွာ၏ မြောက်ဘက်အဝင် လမ်းမကြီး၏ အနီးတွင်ရှိပြီး ကျန်ကျင်းနှစ်ကျင်းသည် ရွာ၏ သုသာန်နားတွင် မြှုပ်နှံထားခြင်းဖြစ်ကာ သေဆုံးသူများ၏မျက်နှာကို အက်စစ်များဖြင့် ဖျက်ဆီးခဲ့သော လက္ခဏာများ တွေ့ရကြောင်း ပြည်ပသတင်းဌာနအချို့က ရေးသားဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးရေးခုံရုံး၏ ထင်မြင်ယူဆချက်အရ ယင်းဖြစ်စဉ်အပေါ် စစ်ဘက်တရား စီရင်ရေးလုပ်ငန်းစဉ်များ (Process of Military Justice) အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦး တွေ့ရှိရသူများအပေါ် အကျဉ်းစစ်တရားရုံးချုပ် (Summary General Court Martial) ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ဘူးသီးတောင်မြို့နယ် မြေခံတပ်၌ စတင်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ နိုဝင်ဘာ ၂၅ ရက် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိသူအရေအတွက် မည်မျှရှိသည်ကို လက်ရှိအချိန်တွင် မပြောနိုင်သေးသော်လည်း အဆိုပါ ကနဦးတွေ့ရှိသူများစာရင်းတွင် အရာရှိအဆင့်နှင့် အခြားအဆင့်များလည်း ပါဝင်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အရေအတွက်ကိုတော့ ကျွန်တော်တို့မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ ပြစ်မှုကျူးလွန်သူလို့ ကနဦးတွေ့ရှိသူများအပေါ်မှာ အကျဉ်းစစ်တရားရုံးနဲ့ ရုံးထိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ကနဦးတွေ့ရှိသူများထဲမှာတော့ အရာရှိအဆင့်ရော၊ အခြားအဆင့်ရော ပါပါတယ်။ ဒါကတော့ သူကတော့ ကျွန်တော်တို့ ပြောရမယ်ဆိုရင်တော့ တရားလို တရားခံဆိုတဲ့ အသုံးအနှုန်း သုံးနှုန်းလို့ မရသေးပါဘူး။ နယ်ဘက်တရားရုံးတွေမှာ စစ်ဆေးစီရင်သလိုပဲ သူကတော့ စွပ်စွဲခံရသူပေါ့။ သူ့ကို စွပ်စွဲခံရသူလို့ပဲ သုံးလို့ရပါမယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry - ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း အစီရင်ခံစာ၌ တပ်မတော်သားများက ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက်စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိသည်ဟုလည်း တပ်မတော်၏ နိုဝင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ICOE အစီရင်ခံစာအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်မှုရှိပါက စုံစမ်းစစ်ဆေးအရေးယူမည်ဟု နားလည်နိုင်သော်လည်း ထိုသို့မဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။ 

“မဖြစ်ပါဘူး။ ကျွန်တော်တို့က မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း စစ်ဘက်တရားစီရင်ရေးလုပ်ငန်းစဉ်တွေ ရှင်းလင်းတဲ့အခါမှာ ကျွန်တော်တို့သည် တပ်မတော်အနေနဲ့ကတော့ တပ်မတော်ရဲ့စစ်ဘက်တရားစီရင်ရေး လုပ်ငန်းတွေအတိုင်းပဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ခြွင်းချက်ကတော့ တပ်မတော်သားတစ်ဦးက နယ်ဘက်ပြစ်မှုတွေကို တပ်မတော်အက်ဥပဒေပုဒ်မ (၇၁) အရ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပါတယ်။ ဒါပေမဲ့ ပုဒ်မ (၇၂) အရ ကျွန်တော်တို့ကခြွင်းချက်ပေါ့။ တပ်မတော်သားတစ်ဦးက စစ်ဘက်ဥပဒေ မလိုက်နာလို့ အရပ်သားတစ်ဦးအပေါ်မှာ လူသတ်မှု၊ လူသတ်မှုမမြောက်တဲ့ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်တဲ့ လူသေမှုပေါ့။ မုဒိမ်းမှုပေါ့။ ပြောရရင်တော့ လူသတ်၊ လူသေ၊ မုဒိမ်းမှုကို ကျွန်တော်တို့ တားမြစ်စစ်မှုထမ်းချိန်တို့၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြင်ပနေရာတစ်ခုခု ရောက်ရှိနေချိန်တို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကြေညာစာနဲ့ သီးခြားဖော်ပြထားတဲ့ နယ်စပ်စခန်းတွေမှာ ကျူးလွန်ခြင်းမဟုတ်ဘူးဆိုရင်တော့ စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပိုင်ခွင့်မရှိဘူး။ အဲဒါတွေကတော့ ကျွန်တော်တို့ နယ်ဘက်ကို လွှဲပေးမှာဖြစ်ပါတယ်။ အဲဒီအခြေအနေတွေမှအပ ကျန်တဲ့ဟာတွေကိုတော့ ကျွန်တော်တို့ စစ်တရားရုံးနဲ့ပဲ စစ်ဆေးစီရင်ရမှာဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတကာမှာလည်း ဒီအတိုင်းပါပဲ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စစ်ဘက်တရားစီရင်ရေးတွင် စစ်တရားရုံးအမျိုးအစား လေးမျိုးရှိပြီး ၎င်းတို့မှာ စစ်တရားရုံးချုပ်၊ အကျဉ်းစစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံးနှင့် တပ်တွင်းစစ်တရားရုံးတို့ဖြစ်ကာ ဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိဖွဲ့စည်းလိုက်သော စစ်ဘက်တရားစီရင်ရေးမှာ အကျဉ်းစစ်တရားရုံးချုပ် (Summary General Court-Martial) ဖြစ်ပြီး ၎င်း၏ လုပ်ပိုင်ခွင့်မှာ သေဒဏ်အထိ ချမှတ်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

“အခုဖွဲ့စည်းလိုက်တာကတော့ အကျဉ်းစစ်တရားရုံးချုပ် (Summary General Court-Martial) ပဲ ဖြစ်ပါတယ်။ သူကတော့ သူသည် စစ်တရားရုံး ဥက္ကဋ္ဌအပါအဝင် သုံးဦးထက်မနည်းတဲ့ အရာရှိတွေကနေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်ကတော့ သူက သေဒဏ်အထိ ချမှတ်နိုင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စစ်ဘက် တရားစီရင်ရေးသည် တိကျပြင်းထန်သည့်အပြင် နယ်ဘက်တရားစီရင်ရေးထက် လျော့ကျမှုမရှိကြောင်းနှင့် စစ်ဆေးရာတွင် နယ်ဘက်တရားရုံးများကဲ့သို့ပင် စွပ်စွဲခံရမှုအပေါ်တွင် ခုခံချေပပိုင်ခွင့်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ဆိုသည်။      

Most Read

Most Recent