မြန်မာကို တရားစွဲဆိုမှု၌ ခိုင်မာသည့်အထောက်အထားများ ပေါများစွာရှိသောကြောင့် ဂမ်ဘီယာ အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ရှေ့နေ ပြောကြား

မြန်မာကို တရားစွဲဆိုမှု၌ ခိုင်မာသည့်အထောက်အထားများ ပေါများစွာရှိသောကြောင့် ဂမ်ဘီယာ အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ရှေ့နေ ပြောကြား
Published 23 November 2019
Ref: RFA

ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး၌ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုရာတွင် ဂမ်ဘီယာနိုင်ငံအား ကူညီနေသည့် ရှေ့နေတစ်ဦးက ဘင်္ဂါလီမွတ်စလင်များအပေါ် တပ်မတော်က ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့မှုနှင့်ပတ်သက်၍ ခိုင်မာသည့်အထောက်အထားများ ပေါများစွာရှိသောကြောင့် ဂမ်ဘီယာနိုင်ငံ အနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။

“သက်သေအထောက်အထားတွေက အများကြီးပါပဲ” ဟု ၀ါရှင်တန်ရှိ Foley Hoag LLC ကုမ္ပဏီမှရှေ့နေ ပေါလ်ရစ်ချ်လာက ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ မြန်မာနိုင်ငံကို ကာကွယ်ရန်အဖွဲ့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဖြစ်ကြောင်း မြန်မာအစိုးရက ကြေညာခဲ့ပြီး နောက်တစ်ရက်တွင် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုလသမဂ္ဂမစ်ရှင်တွေက၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေက အစီရင်ခံထားတဲ့၊ ရှာဖွေထားတဲ့ အချက်အလက်တွေ အများကြီးမှ အများကြီးပါပဲ” ဟု ရစ်ချ်လာက ပြောကြားခဲ့သည်။

“ဂြိုဟ်တုဓာတ်ပုံတွေရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံက စစ်ဘက်ပုဂ္ဂိုလ်တွေ၊ အရာရှိတွေရဲ့ထုတ်ပြန်ချက်တွေ အများကြီးရှိတယ်။ ဒါတွေအားလုံးက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို တစ်အုပ်လုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးဖို့ လုပ်ခဲ့တဲ့အကြောင်း ပြသနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“နောက်ဆုံးတစ်နေ့မှာ သက်သေအထောက်အထားတွေက အရမ်းခိုင်လုံနေတာမို့ တရားရုံးဟာ ဂမ်ဘီယာနိုင်ငံကို သဘောတူလိမ့်မယ်လို့ ကျွန်တော်တို့ သိပ်ကိုယုံကြည်ချက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၁၀ ရက်က စွဲဆိုခဲ့သည့်အမှုတွင် မွတ်စလင်အများစုနေထိုင်သော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ၂၀၁၇ ခုနှစ်၌ တပ်မတော်က ဦးဆောင်သည့် စစ်ဆင်ရေးအတွက် ၁၉၄၈ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ပဋိညာဉ်ကို ချိုးဖောက်ကြောင်း စွပ်စွဲထားသည်။

အနောက်အာဖရိကရှိ နိုင်ငံငယ်တစ်ခုဖြစ်သော ဂမ်ဘီယာက နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC ၏ ကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအဖြစ် လူသိရှင်ကြား စစ်ဆေးကြားနာမှုကို ICJ ၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း ပြုလုပ်မည်ဖြစ်သည်။

ဥပဒေပသတ်ဖြတ်ခြင်းများ၊ အုပ်ဖွဲ့မုဒိမ်းကျင့်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရွာမီးရှို့မှုများအပါအဝင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသည်ဆိုခြင်းကို မြန်မာတပ်မတော်က ငြင်းဆိုထားပြီး ၎င်းတို့သည် မွတ်စလင် အကြမ်းဖက်အဖွဲ့အပေါ် တန်ပြန်စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။