တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်

တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
Published 22 November 2019

 

တစ်ရှိန်ထိုး ထိုးဖောက်အောင်မြင်မှုရရှိလာသည့် ရက်ပ်အဆိုတော် လစ်ဇိုသည် (၆၂) ကြိမ်မြောက် ဂရမ်မီဆုဆန်ခါတင်စာရင်းတွင် ဆုအများဆုံးအတွက် ဦးဆောင်ခဲ့ပြီး တက်သစ်စအဆိုတော်ဆု၊ တစ်နှစ်တာအကောင်း ဆုံးအယ်လ်ဘမ်ဆု၊ တစ်နှစ်တာအကောင်း ဆုံးသီချင်းဆုအပါအဝင် ဆုရှစ်ဆုအတွက် လျာထားခံခဲ့ရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ လစ်ဇိုသည် ၂၀၁၃ ခုနှစ်တွင် ပွဲဦးထွက်အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သော်လည်း ယခုနှစ်တွင် ဖြန့်ချိခဲ့သည့် တတိယမြောက်အယ်လ်ဘမ် Cuz I love You ဖြင့် ရုတ်တရက် အောင်မြင်မှုရရှိခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် ဂရမ်မီဆုဆန်ခါတင်စာရင်း၏ ထိပ်တန်းဆု ကဏ္ဍများတွင် ဘီလီအိုင်းလစ်ရှ်၊ Lil Nas X တို့ပါဝင်သည့် တက်သစ်စအဆိုတော်များက ဦးဆောင်နေသည်။ အမေရိကန်ရက်ပ် အဆိုတော် Lil Nas X သည် တစ်နှစ်တာအကောင်းဆုံး အဆိုတော်ဆု၊ တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုအပါအဝင် ဆုခြောက်ဆုအတွက် လျာထားခံခဲ့ရသည်။

Lil Nas X သည် ကန်းထရီးရက်ပ်သီချင်း Old Town Road သီချင်းဖြင့် TikTok တွင် ရေပန်းစားခဲ့ပြီး အောင်မြင်မှု ရရှိလာခဲ့သည်။ Old Town Road သီချင်းသည် Billborad Hot 100 စာရင်း၏ ထိပ်တန်းနေရာတွင် ဖော်ပြခံခဲ့ရသည်။

ဘီလီအိုင်းလစ်ရှ်သည် ပွဲဦးထွက်အယ်လ်ဘမ် When We All Fall Asleep, Where Do We Go? ဖြင့် အကောင်းဆုံး အယ်လ်ဘမ်ဆုအပါအဝင် ဆုခြောက်ဆုအတွက် လျာထားခံခဲ့ရသည်။ အသက် ၁၇ နှစ်အရွယ်ရှိ အိုင်းလစ်ရှ်သည် ထိပ်တန်းဆုကဏ္ဍလေးခုအတွက် လျာထားခံခဲ့ရသည့် အသက်အငယ်ဆုံး အဆိုတော်လည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် thank u, next အယ်လ်ဘမ်ဖြန့်ချိခဲ့သော်လည်း ဆန်ခါတင်စာရင်း ထုတ်ပြန်မည့် သတ်မှတ်ကာလကိုမမီခဲ့သဖြင့် ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့သည့် အရီယာနာဂရန်ဒီသည် ၂၀၂၀ ပြည့်နှစ် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဆုငါးဆုအတွက် လျာထားခံခဲ့ရသည်။ ဘီယွန်းစေးသည် ဆုလေးဆုအတွက် လျာထားခံခဲ့ရသည်။ R & B အဆိုတော် H. E. R သည် တစ်နှစ်တာ အကောင်းဆုံးအယ်လ်ဘမ်ဆုအပါအဝင် ဆုငါးဆုအတွက် လျာထားခံခဲ့ရသည်။

ဂရမ်မီဆု ၁၀ ဆု ရရှိထားသည့် ပေါ့ပ်အဆိုတော် တေလာဆွစ်သည် ယခုနှစ်တွင် ဖြန့်ချိခဲ့သည့် Lover အယ်လ်ဘမ်ဖြင့် အကောင်းဆုံး ပေါ့ပ်အယ်လ်ဘမ်ဆုအပါအဝင် ဆုသုံးဆုအတွက် လျာထားခံခဲ့ရသည်။ ယခုနှစ် ဂရမ်မီဆုဆန်ခါတင်စာရင်းတွင် အမေရိကန်သမ္မတကတော်ဟောင်း မီရှဲအိုဘားမားလည်း ပါဝင်ခဲ့သည်။ ၂၀၂၀ ဂရမ်မီဆန် ခါတင်စာရင်းတွင် ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ BTS ပါဝင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း ပါဝင်ခဲ့ခြင်းမရှိပေ။

(၆၂) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အလီရှာကီးစ်က အစီအစဉ်တင် ဆက်မည်ဖြစ်သည်။

Most Read

Most Recent