ဖွဲ့စည်းပုံပြင်ဆင်ရေး တစ်နှစ်အတွင်းမပြီးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည့်အတွက် တင်သွင်းလာသည့် ဥပဒေကြမ်းများအား လက်ခံဆွေးနွေး ဆုံးဖြတ်သင့်ပြီး နောက်ကိုဆွဲဆန့်နေခြင်း မပြုလုပ်သင့်ဟု ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံပြင်ဆင်ရေး တစ်နှစ်အတွင်းမပြီးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည့်အတွက် တင်သွင်းလာသည့် ဥပဒေကြမ်းများအား လက်ခံဆွေးနွေး ဆုံးဖြတ်သင့်ပြီး နောက်ကိုဆွဲဆန့်နေခြင်း မပြုလုပ်သင့်ဟု ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 20 November 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တစ်နှစ်အတွင်းမပြီးနိုင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည့်အတွက် တင်သွင်းလာသည့် ဥပဒေကြမ်းများအား လက်ခံဆွေးနွေးဆုံးဖြတ်သင့်ပြီး နောက်ကို ဆွဲဆန့်နေခြင်းမပြုလုပ်သင့်ဟု ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။

နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုအားဖြေကြားစဉ် ၎င်းက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခုဖြစ်နေတာက ဖွဲ့စည်းပုံပြင်ဖို့တင်လာတဲ့ ဥပဒေကြမ်းမှန်သမျှက ဆိုင်းငံ့ခံထားရသလိုဖြစ်နေတယ်။ Package တစ်ခုထဲကို သွတ်သွင်းလိုက်သလိုဖြစ်နေတယ်။ ဥပဒေကြမ်းတစ်ခုကိုတင်တယ်။ အဲဒီဥပဒေကြမ်းတင်တာက ဘောင်ဝင်တယ်ဆိုရင် ဆွေးနွေးရမယ်။ ဒါဆိုရင်ပြတ်ပြီ။ ကန့်ကွက်တာပဲဖြစ်ဖြစ်၊ ပယ်ချတာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ဦးသိန်းထွန်းတင်ထားတဲ့ အဆိုဆိုရင် ဒီနှစ် နှစ်လပိုင်းကတည်းက တင်ထားခဲ့တာ။ ကိုးလလောက်ရှိပြီ။ ဘယ်အချိန်လာမလဲ မသိသေးဘူး။ အဲဒီတော့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမှာ ပြောထားတာရှိတယ်။ ဂျပန်သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးက တစ်နှစ်အတွင်း ပြီးမြောက်စရာမရှိဘူး။ မဖြစ်နိုင်ဘူးလို့ ပြောထားတယ်။ အဲဒီတော့ လုပ်သင့်တာကိုလုပ်တာ အကောင်းဆုံးပဲ။ နောက်ကိုဆွဲမယ်ဆိုရင် သူက တစ်နှစ်ပဲကျန်တော့တယ်။ အဲဒီတစ်နှစ်မှာမှ လွှတ်တော်တက်ရမှာက ခြောက်လ။ အဲဒီ ခြောက်လမှာတောင် ပြည်ထောင်စုလွှတ်တော်က တစ်ဝက်၊ ပြည်သူ၊ အမျိုးသားလွှတ်တော်က တစ်ဝက်။ နေ့တိုင်းလည်းလုပ်နိုင်မှာ မဟုတ်ဘူး။ တစ်နှစ်နဲ့ သေချာတယ်မပြီးဘူး။ အဲဒီတော့ မပြီးမယ့်အတူ လွယ်တာကိုလုပ်လိုက်။ တင်လာတာကိုလည်း မလုပ်ဘူး။ လွယ်တာလည်း မလုပ်ဘူး။ ဟိုလုပ်မယ်၊ ဒီလုပ်မယ်ဆိုပြီး နောက်ဆွဲတယ်ဆိုတာက ဘယ်လိုနားလည်ရမလဲ” ဟု ဦးဦးလှစောက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ ပုဒ်မ ၂၆၁ လို ဟာမျိုးဆိုရင် အင်မတန်အရေးကြီးတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာအတွက် အရေးကြီးတယ်။ ကြုံတုန်းပြောလိုက်ဦးမယ်။ ပုဒ်မ ၂၆၁ လို ဥပဒေတစ်ခုကို မပြင်ဘဲနဲ့ ဘယ်သူပုန်ကမှ လက်နက်မချဘူး။ မချဘူးလေ။ ပြိုင်ရင်လည်း ရွေးကောက်ပွဲမှာ ရှုံးချင် ရှုံးမယ်။ နိုင်ရင်လည်း ဝန်ကြီးချုပ်ဖြစ်ချင်မှဖြစ်မယ်။ အဲဒီတော့ ပုဒ်မ ၂၆၁ ကို ပြင်ဖို့ ဆိုတာ နောက်ကိုဆုတ်စရာကို မလိုတာ။ ပြင်လိုက်။ ပြင်လို့နိုင်ရင် ဖွဲ့စည်းပုံထဲကိုထည့်လိုက်။ ဖွဲ့စည်းပုံပြင်လိုက်ပြီလို့ ပြောလိုက်။ အခုက ပြင်မှာလိုလို၊ မပြင်မှာလိုလိုနဲ့နောက် ဆွဲဆန့်နေတော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အဲဒီတော့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောသလို ရွေးကောက်ပွဲမဲဆွယ်ဖို့ ယောင်ပြ လုပ်နေတာလား” ဟု ပြောကြားသည်။

ထို့ပြင်  ဦးဦးလှစောက “ ဖွဲ့စည်းပုံ တစ်ခုလုံးပြင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပြီးပြီ။ အဲဒီတော့ မဖြစ်နိုင်ဘူးဆိုရင် ကျန်ခဲ့ရင် သမိုင်းတရားခံ ဖြစ်သွားလိမ့်မယ်။ ပုဒ်မ ၂၆၁ ဆိုတာက ကာချုပ်ပြောတဲ့အထဲမှာလည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာလည်း ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ရမယ်။ ကာချုပ်ကလည်း တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အလေးထားရမယ်လို့လည်း ပြောထားတယ်။ အဲဒါမလုပ်ဘဲ တစ်ခုလုံးကို ပြင်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ခေါင်းဆောင်က ပြောပြီးသား။ ဘယ်သူ တာဝန်ယူမလဲ။ အဲဒီပူးပေါင်းကော်မတီက တာဝန်ယူမှာလား။ မဖြစ်နိုင်ဘူးဆိုရင် တရားခံ ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ တင်သင့်တာကို တင်လိုက်။ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ မှာ ပြဋ္ဌာန်းထားပြီးသား။ လွှတ်တော်တင်ရင် ဆွေးနွေးရမယ်လို့ ပါပြီးသား။ Fair မဖြစ်ဘူး” ဟု မီဒီယာများကို ပြောကြားသည်။

လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံပြင်ဆင်ရန် တင်ပြထားသကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်များကလည်း ဖွဲ့စည်းပုံပြင်ဆင်ရန် တင်ပြထားသည့် ဥပဒေမူကြမ်းများက ရှိနေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ပြင်ဆင်ရေးအတွက် အရေးကြီးအဆိုတင်ထားပြီး ဆောင်ရွက်လျက်ရှိသည်။

 

 

Most Read

Most Recent