သရုပ်ဆောင် နေထူးနိုင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် နေထူးနိုင်နှင့် တွေ့ဆုံခြင်း
Published 20 November 2019
စုမှူးနိုင်

အနုပညာလောကမှာ ခိုင်မာတဲ့ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးကတော့ နေထူးနိုင်ပါ။ လက်ရှိမှာ ရုံတင်ပြသနေတဲ့ ‘ ရပ်ကျော်ရွာကျော်’ ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ မှတ်တိုင်တစ်ခုလို့ပြောရမယ့် ‘ကွီးနေထူးနိုင်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒါရိုက်တာကိုပေါက်နဲ့အတူ ရိုက်ကူးနေပြီဖြစ်တာကြောင့် ‘ကွီးနေထူးနိုင်’ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ သူရဲ့ကြိုးစားအားထုတ်မှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- ရပ်ကျော်ရွာကျော် ဇာတ်ကားလေး ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်း အရင်သိပါရစေ။

ဖြေ- ဒီဇာတ်ကားမှာ ကျွန်တော့်ကို လှတောသားနေရာကနေ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တာကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ လှတောကနေ မြို့တက်လာပြီး မြို့က ကောင်မလေးကို လွှမ်းပိုင်နဲ့အပြိုင် ကြိုက်ပြီးပိုးရတဲ့ ဇာတ်ကောင်မျိုး ပါဝင်ထားပါတယ်။

မေး- ရပ်ကျော်ရွာကျော် ဇာတ်ကားရိုက်ကူးတုန်းက အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ- ဒီဇာတ်ကားလေးကို လွန်ခဲ့တဲ့သုံးနှစ်လောက်က ရိုက်ကူးခဲ့တာပါ။ အမှတ်တရတွေအနေနဲ့ကတော့ အများကြီးပါပဲ။ ကိုယ့်ရဲ့ စီနီယာတွေနဲ့လည်း အတူသရုပ်ဆောင်ခွင့် ရတာဆိုတော့။

မေး- ရပ်ကျော်ရွာကျော် ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုပြောချင်တဲ့ စကားရှိရင်။

ဖြေ- ရိုက်ကူးထားတာ နည်းနည်းကြာသွားပြီ ဆိုပေမယ့်လည်း ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေး တစ်ကားဖြစ်မှာပါ။ ရယ်စရာဇာတ်ဝင်ခန်းတွေကလည်း ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရစေမယ့် ဇာတ်ကားလေးပါ။ ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

မေး- အခုချိန်မှာ ဗီယိုစျေးကွက် အနေအထားကရော ဘယ်လိုတွေဖြစ်နေပြီလဲ။

ဖြေ- အဓိကကတော့ ကျွန်တော်တို့တိုင်းပြည်မှာ လျှပ်စစ်မီးမရသေးတဲ့ ရွာတွေအများကြီး ကျန်ပါသေးတယ်။ အဲဒီရွာတွေမှာ တစ်နေကုန်ဆိုလာလေးနဲ့ အားသွင်းပြီး ညကျမှ ဗီဒီယိုဇာတ်ကားတွေကြည့်ကြတဲ့ ပရိသတ်တွေဆိုတာလည်း ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီလို ပရိသတ်တွေအတွက် ဗီဒီယိုဇာတ်ကားလေးတွေကို ရိုက်ကူးနေရဦးမှာပါ။ ပရိသတ်တွေ ဆိုတာကလည်း အကြိုက်အမျိုးမျိုးရှိတဲ့အတွက် ကိုယ်နဲ့အဆင်ပြေမယ့် ပရိသတ်၊ ကိုယ့်ကိုအားပေးမယ့် ပရိသတ်တွေအတွက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးနေရဦးမှာပါပဲ။

မေး- ပရိသတ်တွေရဲ့အားပေးမှုက အခုချိန်မှာ ဘာတွေပြောင်းလဲသွားတယ်လို့ ထင်လဲ။

ဖြေ- ပရိသတ်တွေက အရင်ကထက်စာရင် အခုချိန်မှာ စိတ်ဝင်စားမှုပိုများသလို ကျွန်တော်တို့တွေထက် ပိုပြီးသိတဲ့ နားလည်တဲ့သူတွေလည်း များလာပါတယ်။ အဲဒီအတွက် ကျွန်တော့်တို့က အစစအရာရာမှာ အရင်ကထက်ပိုပြီး ဂရုစိုက်ပြီး အရင်ကထက်ကောင်းတဲ့ ဇာတ်ကားတွေ၊ ဇာတ်လမ်းတွေဖြစ်အောင်တော့ ကြိုးစားပြီး ရိုက်ကူးနေပါတယ်။

မေး- ကွီးနေထူးနိုင် ဇာတ်ကားရိုုက်ကူးဖို့ ဖြစ်လာတာလေးကို သိပါရစေ။

ဖြေ- ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခံရကတည်းက အရမ်းဝမ်းသာရပါတယ်။ ‘ကွီးနေထူးနိုင်’ ဆိုတဲ့ ဇာတ်ကားနာမည်ကလည်း ထုတ်လုပ်သူဘက်ပဲ ရွေးချယ်တဲ့နာမည်ပါ။ ‘ကွီးနေထူးနိုင်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကွီးနေထူးနိုင်က ရိုက်ရမယ်ဆိုတော့ အရမ်းကို ပျော်ရွှင်ဝမ်းသာရပါတယ်။

မေး- ကွီးနေထူးနိုင် ဇာတ်ကားက အစ်ကို့အတွက် ဘယ်လိုထူးခြားမှုတွေရှိတဲ့ ဇာတ်ကားမျိုးဖြစ်မလဲ။

ဖြေ- ‘ကွီးနေထူးနိုင်’ ဇာတ်ကားက ကျွန်တော့်အတွက်တော့ တော်တော်ကြီးကို ထူးခြားမှုတွေရှိတဲ့ ဇာတ်ကားကြီးပါ။ ခံစားချက်တွေလည်း အများကြီးရှိသလို ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ဖြစ်ပါတယ်။

မေး- ကွီးနေထူးနိုင် ဇာတ်ကားရိုုက်ကူးဖို့အတွက် ဘယ်လိုအရာတွေကို အဓိကပြင်ဆင်ဖြစ်လဲ။

ဖြေ- ‘ကွီးနေထူးနိုင်’ ဇာတ်ကားအတွက် အဓိက ပြင်ဆင်ဖြစ်တာတွေကတော့  ဗီဒီယိုဇာတ်ကားတွေနဲ့ မတူတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ဖြစ်အောင်တော့ သေချာပြင်ဆင်ရပါတယ်။ ဒီဇာတ်ကားအတွက် တစ်နှစ်နီးပါးလောက်ကို ပြင်ဆင်မှုတွေလုပ်ဖြစ်ခဲ့ပါတယ်။ အခြားအဝတ်အစားပိုင်းတွေကတော့ ထုတ်လုပ်သူဘက်ကနေ ဒီဇိုင်နာနဲ့ ပြင်ဆင်ပေးထားပါတယ်။ အက်ရှင်ပိုင်းတွေအတွက်ပဲ ဒါရိုက်တာလိုချင်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် ကျွန်တော့်ဘက်က ကျွန်တော့်ရဲ့ ဆရာတွေ၊ အဖွဲ့တွေနဲ့အတူ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ထားပါတယ်။

မေး- ကွီးနေထူးနိုင် ဇာတ်ကားရိုုက်ကူးမှုနဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေကို စိုးရိမ်မိတာရှိလဲ။

ဖြေ- ကျွန်တော့်အနေနဲ့ကတော့ ဘယ်အပိုင်းကိုမှ စိုးရိမ်တယ်ရယ်လို့ မရှိပါဘူး။ ပရိသတ်တွေဆိုတာကလည်း ကြိုက်တဲ့ ပရိသတ်တွေရှိမယ်။ မကြိုက်တဲ့ပရိသတ်တွေလည်း ရှိမှာပဲလေ။ ဆဲတဲ့ပရိသတ်တွေ ရှိသလို အကောင်းပြောတဲ့ ပရိသတ်တွေလည်းရှိတယ်။ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် ကျွန်တော့်ကတော့ ပရိသတ်တွေကြိုက်အောင် ကြိုးစားပါတယ်။ ဒီဇာတ်ကားအတွက်ဆိုရင်လည်း ကိုယ့်ဘက်ကတော့ လုပ်ရမယ့် အရာအားလုံးအပေါ်မှာ အကောင်းဆုံး ကြိုးစားပြင်ဆင်ထားသလို အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားရိုက်ကူးသွားမှာပါ။ ကျန်တာကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်က ကျေကျေနပ်နပ်ကြီး ခံယူမှာပါ။

မေး- ကွီးနေထူးနိုင် ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ- ‘ကွီးနေထူးနိုင်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်က ပရိသတ်တွေကြည့်တဲ့အခါမှာ အကောင်းဆုံးဖြစ်အောင်လို့ အများကြီးစိတ်နှစ်ပြီး ကြိုးစားထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း တစ်နှစ်ကျော်လောက်နီးပါးမှာ ဒီဇာတ်ကားအပေါ်မှာ စိတ်နှစ်ထားခဲ့တာပါ။ ဒီဇာတ်ကားက ကျွန်တော့်ရဲ့ အနုပညာအတွက်ရော ကျွန်တော့်ဘဝအတွက်ပါ မှတ်တိုင်တစ်ခုပါ။ ဒီဇာတ်ကားအတွက် ကျွန်တော့်မှာ စွမ်းအားရှိသလောက် အကောင်းဆုံးကြိုးစားထားပါတယ်။ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေအတွက်လည်း ထုတ်လုပ်သူရော၊ ဒါရိုက်တာရော ကျွန်တော်တို့ရော အားလုံးတိုင်ပင်ပြီး သေချာစီစဉ်ထားပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပရိသတ်တွ နှစ်သက်မယ့်ဇာတ်ကားမျိုး ဖြစ်အောင်ကြိုးစားထားပါတယ်။ အဲဒီအတွက် ဒီဇာတ်ကားလေး ရုံတင်တဲ့အခါ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကြည့်ပေးပါလို့ ပြောချင်ပါတယ်။

မေး- အားပေးကြတဲ့ ပရိသတ်တွေအတွက် အမှတ်တရ စကားလေးပြောပေးပါဦး။

ဖြေ- ပရိသတ်တွေအနေနဲ့ ကိုယ်နှစ်သက်တဲ့အနုပညာရှင်တွေကို အားပေးသလို အခြားသောအနုပညာရှင်တွေကိုလည်း သူ့နေရာနဲ့သူ တော်ရင်တော်သလို ချီးမြှောက်အားပေးစေချင်ပါတယ်။ အနုပညာရှင်တွေအများကြီး ပေါ်ထွက်လာပြီး ဇာတ်ကားတွေအများကြီး ရိုက်ကူးနိုင်အောင်အားပေးကြပါလို့ ပြောချင်ပါတယ်။

 

 

Most Read

Most Recent