ပြင်ဦးလွင်မြို့ ဒီဇင်ဘာဥယျာဉ်တွင် ပန်းအလှဆင်ပွဲတော်ကို တစ်လတိတိ ကျင်းပမည်

ပြင်ဦးလွင်မြို့ ဒီဇင်ဘာဥယျာဉ်တွင် ပန်းအလှဆင်ပွဲတော်ကို တစ်လတိတိ ကျင်းပမည်
Published 16 November 2019
ယဉ်မျိုးသွယ်

ပြင်ဦးလွင်မြို့ မန္တလေး- လားရှိုးလမ်းအနီးရှိ ဒီဇင်ဘာဥယျာဉ်တွင် ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၁၈ ရက်အထိ တစ်လကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သဘာဝပတ်ဝန်းကျင်ကို လူအများ ထိန်းသိမ်းစေရန် ရည်ရွယ်ပြီး ဒီဇင်ဘာခြံကို တည်ထောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ဒီဇင်ဘာလတွင် အမှတ်တရအနေဖြင့် ပန်းအလှဆင်ပွဲတော်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ပန်းအလှဆင်ပွဲတော်ကို အခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပန်းဖြေစရာနေရာအဖြစ် ရွေးချယ်နိုင်စေရန်အတွက် ဒီဇင်ဘာခြံဖွင့်ပွဲနှင့် ပန်းအလှဆင်ပွဲတော်ကို ကျင်းပရခြင်းဖြစ်သည်ဟု ဒီဇင်ဘာခြံ တည်ထောင်သူ ဦးစံလှက ပြောကြားသည်။

ပြင်ဦးလွင်မြို့အထွက် မန္တလေး-လားရှိုး လမ်းမပေါ်တွင် တည်ရှိသည့် ဒီဇင်ဘာဥယျာဉ်တွင် ပြုလုပ်မည့် ပန်းအလှဆင်ပွဲတော်တွင် ပန်းမျိုးပေါင်း ၆၀ ကျော်ကို ပန်းအစစ်များဖြင့် ပန်းရေတံခွန်၊ ပန်းတံတား၊ ပန်းတံတိုင်းတို့ဖြင့် ပုံဖော်မည်ဖြစ်ကာ အပင်ရေ လေးသိန်းနီးပါး ပုံဖော်ပြသမည်ဖြစ်ကြောင်း၊  ဓာတ်ပုံပြိုင်ပွဲအပါအဝင် အခြားဖျော်ဖြေရေးပွဲတော်များလည်း ပါဝင်ကြောင်း သိရသည်။

အကျယ်အဝန်း ၁၃၈ ဧကရှိသည့် ဒီဇင်ဘာခြံအတွင်း ရေတံခွန်၊ စမ်းချောင်း၊ ပန်းအလှပင်များ၊ ပန်းခင်းများ၊ ရေကစားရန်နေရာများ၊ ကြိုးတံတားများ၊ ကလေးကစားကွင်းနှင့် စားသောက်ဆိုင်များပါဝင်ပြီး လှေစီးခြင်း၊ မြင်းစီးခြင်းနှင့် စက်ဘီးစီးခြင်းများအတွက် စီစဉ်ထားကာ ဝင်ကြေးတစ်ဦးလျှင် ၁၀၀၀ ကျပ်ဖြစ်ကာ နံနက် ၆ နာရီမှ ညနေ ၅ နာရီထိ ဖွင့်ကြောင်းသိရသည်။

ဒီဇင်ဘာခြံကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်ကမှ အပန်းဖြေဥယျာဉ်အဖြစ် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent