မြန်မာနို်င်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းသည့်အတိုင်း မရရှိခြင်းမှာ အခြေခံ အဆောက်အအုံ မပြည့်စုံမှု၊ စီးပွားရေးကဏ္ဍတွင် နှေးကွေးမှု၊ မြေယာနှင့် အလုပ်သမား ပြဿနာများကြောင့်ဖြစ်ပြီး ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြည်ပလုပ်ငန်းရှင်များ ထောက်ပြ

မြန်မာနို်င်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းသည့်အတိုင်း မရရှိခြင်းမှာ အခြေခံ အဆောက်အအုံ မပြည့်စုံမှု၊ စီးပွားရေးကဏ္ဍတွင် နှေးကွေးမှု၊ မြေယာနှင့် အလုပ်သမား ပြဿနာများကြောင့်ဖြစ်ပြီး ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြည်ပလုပ်ငန်းရှင်များ ထောက်ပြ
သီလဝါစက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါစက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 3 November 2019
ဖြိုးဝေ

မြန်မာနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းထားသည့်အတိုင်း ဝင်ရောက်မြှုပ်နှံမှု မရရှိခြင်းနှင့် ပတ်သက်ပြီး နိုင်ငံအတွင်း ဝင်ရောက်မြှုပ်နှံလိုသည့် ပြည်ပလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ မပြည့်စုံမှု၊ စီးပွားရေးကဏ္ဍတွင် နှေးကွေးမှု၊ မြေယာနှင့် အလုပ်သမား ပြဿနာများ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ထောက်ပြပြောကြားသည်ဟု ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“လက်ရှိအနေအထားကို ပြန်ကြည့်ရင် ရင်းနှီးမြှုပ်နှံမှုတွေက မှန်းထားသလောက်မလာဘူး။ ပြန်ကြည့်မယ်ဆိုရင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံလောက်ပဲ လာတယ်။ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံလောက် မှန်းထားပေမဲ့ မရဘူး။ မရတဲ့ အကြောင်းရင်းကို ပြန်ပြီးသုံးသပ်ကြည့်တဲ့ အခါကျတော့ နံပါတ် (၁) ကျွန်တော်တို့ဆီမှာလည်း အများကြီးလာပြီး ဆွေးနွေးနေကြတယ်။ အဓိက ဘာပြဿနာလဲဆိုရင် အခြေခံ အဆောက်အအုံနဲ့ အခြားစီးပွားရေးမှာ လုပ်နေတာ နှေးကွေးတာတွေ ဖြစ်နေတာရယ်၊ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကတော့ တော်တော်လေးကို ဝန်ကြီးဌာနတွေက ပြုပြင်ပြောင်းလဲမှု လုပ်ထားတော့ သိပ်တော့ မခက်တော့ဘူး။ သို့သော်လည်း မြေယာကိစ္စမှာတော့ လာပြီးမြှုပ်နှံမယ်ဆိုရင် မြေယာသိမ်းဆည်းမှု ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စတွေကို ပြောတာရှိပါတယ်။ အဓိက ပြဿနာက ဘာကိုသွားတွေ့ရသလဲဆို အလုပ်သမားအရေး ကိစ္စတွေပါ” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

ထို့ပြင် တရုတ်၊ လာအို၊ မြန် မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ ပါဝင်ဆွေးနွေးခဲ့သော ပြီးခဲ့သည့် Lancome Mekong အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်မြှုပ်နှံလိုကြောင်း ဆွေးနွေးခဲ့ကြသော်လည်း အလုပ်သမားအရေးများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြသည်ဟု အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဒေါ်ခိုင်ခိုင်နွယ်ကိုယ်စား ဦးဇော်မင်းဝင်းက ပြန်လည်ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ချင်တယ်လို့ တော်တော်များများက ဆွေးနွေးပါတယ်။ ဒီနေရာမှာ ဘာအခက်အခဲ ဖြစ်သလဲဆို အလုပ်သမား ကိစ္စတွေပါ။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေကို လေးစားလိုက်နာမှုမှာ ဥပဒေကို အရေးတယူလိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးတာရှိပါတယ်။ ဒါကြောင့်မို့လို့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အကြံပြုလိုတာက ဝန်ကြီးဌာနများ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ဌာန၊ စီးပွားကူးသန်း၊ ပြည်ထဲရေး၊ လဝက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရ အဖွဲ့နဲ့ လုပ်ငန်းရှင်တွေပါပြီးတော့ Task Force တစ်ခုဖွဲ့ပြီး ဒီအလုပ်သမားအရေးတွေကို ဖြေရှင်းရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။

ထိုသို့ Task Force တစ်ခုဖွဲ့ပြီး အလုပ်သမားအရေးများကို ဖြေရှင်းနိုင်မှသာ မြန်မာနိုင်ငံအတွင်း ဝင်ရောက် မြှုပ်နှံလိုသည့် လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်မည် ဖြစ်သည့်အပြင် ပြည်တွင်း၌ အလုပ်သမားအရေးများကို လက်တွေ့ရင်ဆိုင်နေရသည့် အထည်ချုပ်လုပ်ငန်းများနှင့် ဖိနပ်ချုပ်လုပ်ငန်းများ အနေဖြင့် အဆင်ပြေလာမည် ဖြစ်ကြောင်း ဦးဇော်မင်းဝင်းက ပြောကြားသည်။

“အထူးသဖြင့် အထည်ချုပ်နဲ့ ဖိနပ်ချုပ်လုပ်ငန်းတွေဆို တော်တော်လေး အခြေအနေဆိုးပါတယ်။ စက်ရုံပိတ်တာတို့၊ နိုင်ငံခြားသား ဝန်ထမ်းတွေ စက်ရုံက တခြားဝန်ထမ်းတွေကိုပါ ခေါ်ယူပြီးတော့ ထိန်းသိမ်းထားတာတို့အထိ ဖြစ်ခဲ့ပါတယ်။ ဒါကို တရုတ်သံရုံးက သံမှူးနဲ့တွေ့တဲ့ အချိန်မှာလည်း သူတို့က ပြောပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ သူတို့ရဲ့ Buyer တွေကလည်း လှမ်းလှမ်းပြီးမေးနေတယ်။ သူတို့က ဥရောပကိုပို့တာ။ ဥရောပ နိုင်ငံတွေကလည်း မေးလာတယ်။ မင်းတို့နိုင်ငံမှာ ဒါတွေကြားနေရတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင် ငါတို့က မင်းတို့ဆီကနေ Order လုပ်ဖို့ ခက်တယ်လို့ ပြောတဲ့အထိကို ပြောလာတာ ရှိပါတယ်။ ဒီ Labour Issue ကတော့ အရေးတယူ လုပ်ကိုင်ဖို့ လိုမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် မျှော်လင့်ခဲ့သော်လည်း ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ ခန့်သာ ဝင်ရောက်ခဲ့သည်။

လက်ရှိတွင် နိုင်ငံတကာ၌ ဖြစ်ပေါ်နေသည့် စီးပွားရေး စိန်ခေါ်မှုများကြောင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို မထိခိုက်နိုင်သော်လည်း အခြေခံ အဆောက် အအုံ၊ ဘဏ်စနစ်နှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်မှု အားကောင်းလာရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဘောဂဗေဒပညာရှင် အကြီးအကဲ Andrew D.Mason က သုံးသပ်ပြောကြားသည်။

“အဓိက,ကတော့ ဒီနှစ်မှာ နိုင်ငံရေး အခြေအနေအရ ကျွန်တော်တို့ကို အမြင်မကြည်မှု အပိုင်းတွေ ရှိနေသလို ဒီဟာကို မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ နှောင့်နှေးနေတာ ရှိပါတယ်။ သို့သော် Death Line မှာ အဆိုပြုထားမှုတွေကို ကြည့်မယ်ဆိုရင် လာမယ့်နှစ်မှာ စံချိန်တင်လောက်နိုင်တဲ့ အခြေအနေရမယ်လို့ မျှော်မှန်းထားပါတယ်။ အထူးသဖြင့် ကမ်းလွန်ရေနံလုပ်ကွက်နဲ့ ပြည်တွင်းမှာ ဓာတ်သတ္တု ရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို ကျွန်တော်တို့ စိစစ်ပြီးတော့ ခွင့်ပြုမယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ မကြုံစဖူး FDI ကြီးကြီးမားမားရရှိဖို့ အလားအလာကောင်းရှိကြောင်း သတင်းကောင်း ပါးလိုပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

Most Read

Most Recent