တောင်ကြီးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စစ်တမ်းကောက်ယူခြင်း၊ မြေအောက်ရေစနစ်နှင့် အနာဂတ်လူနေမှုပုံစံနှင့် ကိုက်ညီမှု ရှိ မရှိ ဆိုသော အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားရန် ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်း အကြံပြုတင်ပြထား

တောင်ကြီးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စစ်တမ်းကောက်ယူခြင်း၊ မြေအောက်ရေစနစ်နှင့် အနာဂတ်လူနေမှုပုံစံနှင့် ကိုက်ညီမှု ရှိ မရှိ ဆိုသော အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားရန် ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်း အကြံပြုတင်ပြထား
Published 25 October 2019
စည်သာ(တောင်ကြီး)

တောင်ကြီးမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စစ်တမ်းများကောက်ယူခြင်း၊ မြေအောက်ရေစနစ်နှင့် အနာဂတ် လူနေမှုပုံစံနှင့် ကိုက်ညီမှု ရှိ မရှိ ဆိုသော အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားရန် ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်းက အကြံပြုတင်ပြခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တောင်ကြီးမြို့ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် အောက်တိုဘာ ၂၃ ရက်မွန်းလွဲ ၂နာရီတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အင်ဂျင်နီယာ ပညာရှင်များအသင်းနှင့် တောင်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“တောင်ကြီးမှာ လတ်တလောဖြစ်တာက ဝင်တဲ့ရေထုနဲ့ ထွက်သွားနိုင်တဲ့ ရေမြောင်းထုထည်မမျှတာ ဖြေရှင်းရမယ့် အချက်ပေါ့လေ။ ရေရှည်သွားမယ်ဆိုရင် ရေကြီးမှုတင် မဟုတ်ပါဘူး။ မြေအောက်ရေ ရှားပါးမှုတွေ၊ လူတွေနေထိုင်မှုစနစ်အရ ကွန်ကရစ်များလာတဲ့အတွက် မြေအောက်ရေစိမ့်နိုင်တဲ့ ဧရိယာတွေ နည်းလာတယ်။ အဲဒီအတွက် မြေအောက်ရေအဖြစ် ရေမြောင်းထဲစီးဆင်းတာကြောင့်၊ အမှိုက်ပြဿနာကလည်း ပါသလို ပင်မရေထွက်မြောင်း လက်ခံနိုင်တဲ့ ဧရိယာပမာဏထက် ပိုလျှံတဲ့ရေတွေ ရုတ်တရက် ရောက်ချိန်မှာ ဖြစ်တာပေ့ါ။ နှစ်ရှည်ပလန်နဲ့ စနစ်တကျ ဆောင်ရွက်သွားမှသာ ရေရှည်အဆင်ပြေမယ့် အနေအထားဖြစ်တယ်။ နောက်တစ်ခုက နောက်ပိုင်းတိုးတက်လာမယ့် လူဦးရေ အနေအထားနဲ့ လိုက်လျောညီထွေမှုရှိတဲ့ အမှိုက်စွန့်ပစ်စနစ်၊ ရေမြောင်းစနစ် လူထုဆန္ဒနဲ့ကိုက်ညီတဲ့ ရေရှည်သွားရမယ့် ရေရှည်သွားရမယ့် လုပ်ငန်းစဉ်ဖြစ်မြောက်ဖို့ဆိုတာ စနစ်တကျ စစ်တမ်းကောက်ယူပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်တာတော့ အဆင်ပြေဆုံး ဖြစ်လိမ့်မယ်ထင်တယ်” ဟု ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးစိုးလင်းဦးက ပြောကြားသည်။

တောင်ကြီးမြို့တွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လုံးဝရေကြီးခြင်း မဖြစ်ပွားစေရန်အထိ ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကတိပေးပြောကြားခဲ့သည်။

တောင်ကြီးမြို့ ရေဘေးသင့်ပြဿနာရပ်များနှင့် ရေရရှိရေးကိစ္စအတွက် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ၊ တတ်သိပညာရှင်၊ မြို့မိမြို့ဖများ တွေ့ဆုံဆွေးနွေးခဲ့သော ပထမအကြိမ် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကာ၊ ၂၀၁၈-၂၀၁၉ မီနီဘတ်ဂျက်မှ စတင်ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ လူသုံးဦးအထိ သေဆုံးမှုဖြစ်ပွားခဲ့ရကြောင်း၊ ယခုနှစ်အတွင်း ခုနစ်ကြိမ်အထိ ရေကြီးရေလျှံခဲ့ကာ အိမ်ခြေ ၁၀၀၀ ကျော် ရေဘေးသင့်ခဲ့ရခြင်း၊ ထိုသို့ နောက်မဖြစ်ပွားစေရန် အဖြေရှာဆွေးနွေးခြင်း ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

တောင်ကြီးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားရခြင်းသည် မြေအောက်သို့ ရေစိမ့်ဝင်မှု အားနည်းခြင်း၊ ရေမြောင်းစနစ် ကျဉ်းမြောင်းလာခြင်း၊ ရေမြောင်းသည် မြို့တောင်မြောက် ဆင်းရသဖြင့် ရေမြောင်းရှည်လျားခြင်း ပြဿနာ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ အမှိုက်ပိတ်ဆို့မှုများ၊ အပေါ်ပိုင်းဒေသမှ စီးဆင်းလာသော မြောင်းများပြုပြင်လိုက်ခြင်းကြောင့် ရေတစ်ရှိန်ထိုး စီးဆင်းလာပြီး၊ ရေဝပ်ဧရိယာ နည်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ပြောကြားသည်။

Most Read

Most Recent