နိုင်ငံတကာဆန်စျေးကွက် ရှာဖွေရေးအတွက် တရုတ်၊ ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများသို့ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စျေးကွက်ရှာဖွေရေးအဖွဲ့များ သွားရောက်ရန်စီစဉ်

နိုင်ငံတကာဆန်စျေးကွက် ရှာဖွေရေးအတွက် တရုတ်၊ ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများသို့ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စျေးကွက်ရှာဖွေရေးအဖွဲ့များ သွားရောက်ရန်စီစဉ်
  ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်တွင် ဆန်အရောင်းအဝယ်ပြုလုပ်နေမှုကို ဧပြီလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်တွင် ဆန်အရောင်းအဝယ်ပြုလုပ်နေမှုကို ဧပြီလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 24 October 2019
ဇေယျာငြိမ်း

နိုင်ငံတကာဆန်စျေးကွက် ရှာဖွေရေးအတွက် တရုတ်၊ ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများသို့ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း စျေးကွက်ရှာဖွေရေးအဖွဲ့များ သွားရောက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

အောက်တိုဘာ ၂၂ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲမှုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့၏ ပူးတွဲအစည်းအဝေးတွင် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ပနိုင်ငံများသို့ International Marketing ဆန်စျေးကွက် ရှာဖွေရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ အာဖရိကနိုင်ငံများသို့ လည်းကောင်း နိုဝင်ဘာ၊ ဒီဇင်ဘာများအတွင်း အဖွဲ့များခွဲ၍ သွားရောက်ရေးကို စီစဉ်ဆောင်ရွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တင်ပို့ခဲ့ရာတွင် နိုင်ငံပေါင်း ၆၅ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၈၃၆ သန်း ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၅၇၀ ကျော်ရရှိခဲ့သည်။ နိုင်ငံပေါင်း ၄၁ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ၂၀၁၇ -၂၀၁၈ ခုနှစ်နှိုင်းယှဉ်ပါက တင်ပို့မှု တန်ချိန် ၁ ဒသမ ၂ သန်းကျော်အထိ လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အဓိက ဆန်တင်ပို့မှုစျေးကွက်ဖြစ်သည့် တရုတ်နှင့် အီးယူနိုင်ငံတို့မှ ဝယ်ယူမှုကျဆင်းခဲ့သဖြင့် ယခင်နှစ်များထက် ဆန်တင်ပို့မှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့် စပါးများ အခြောက်ခံ ရန်အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးယာဉ် အခက်အခဲများရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ဆန်စပါးကဏ္ဍသည် နယ်စပ်မှ အရောင်းအဝယ်အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှု ကျဆင်းနေကြောင်း၊ ယခု အခြေအနေသည် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။                            

Most Read

Most Recent