ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အာမခံရန် ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆို

ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အာမခံရန် ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆို
Published 22 October 2019
Ref: Japan Today

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်ဆလင်ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာနိုင်ရေးကို ခွင့်ပြုမည့် ဝန်းကျင်တစ်ရပ်အား မြန်မာနိုင်ငံ၌ ဖန်တီးပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အောက်တိုဘာ ၂၁ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဟာ သင့်တော်တဲ့နည်းလမ်းတွေနဲ့ အလျင်အမြန်ဆောင်ရွက် ပေးရမယ်ဆိုတာ ရှောင်လွဲလို့မရပါဘူး” ဟု တိုကျိုမြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် အာဘေးက ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးကို မှန်ကန်စွာကိုင်တွယ်ရန်နှင့် လိုအပ်သည့် အဆင့်များကို ဆောင်ရွက်ရန် သူ၏ရည်ရွယ်ချက်အား ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အာဘေးကလည်း ဂျပန်နိုင်ငံမှ ထောက်ပံ့ကူညီမှုများပြုလုပ်ရန် ကတိပေးခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ဂျပန်ဧကရာဇ် နာရူဟီတို၏ နန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသည့် နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများကို အာဘေးက ဆက််တိုက်ပြုလုပ်ခဲ့သည်။

ဂျပန်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသော နိုင်ငံပေါင်း ၁၈၀ မှ ဂုဏ်သရေရှိ ဧည့်သည် တော်များထဲ၌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၁ ရက်က အာဘေးတွေ့ဆုံခဲ့သည့် ခေါင်းဆောင် ၂၃ ဦးထဲတွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘားလည်း ပါဝင်ခဲ့ပြီး အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို ဖြေရှင်းရန် ပါလက်စတိုင်းအနေဖြင့် အစ္စရေး၊ အမေရိကန်တို့နှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

အောက်တိုဘာ ၂၅ ရက်အထိ ငါးရက်အတွင်း အာဘေးသည် တရုတ်ဒုတိယသမ္မတ ဝမ်ကီရှန်းအား အောက်တိုဘာ ၂၃ ရက်၌ တွေ့ဆုံရန်နှင့် တောင်ကိုရီးယားဝန်ကြီးချုပ် လီနက်ယွန်အား အောက်တိုဘာ ၂၄ ရက်၌ တွေ့ဆုံရန်တို့အပါအဝင် ခေါင်းဆောင်ပေါင်း ၅၀ ခန့်ကို တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရသည်။

စစ်ပွဲကာလသမိုင်းနှင့်ပတ်သက်၍လည်းကောင်း၊ ကုန်သွယ်ရေးမူဝါဒနှင့်ပတ် သက်၍လည်းကောင်း သဘောမတူနိုင်မှုများကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ဆက်ဆံရေးသည် နှစ်အတန်ကြာအတွင်း အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိနေချိန်၌ လီနက်ယွန်နှင့် အာဘေးတို့ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးရန် အကြောင်းဖန်လာခြင်းဖြစ် သည်။

ယင်းတွေ့ဆုံမှုများသည် အာဘေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ရှာဖွေရန်နှင့် မြောက်ကိုရီးယားဒုံးကျည်နှင့် နျူကလီးယားခြိမ်းခြောက်မှုများမှသည် တရုတ်၏လွှမ်းမိုးမှု ကြီးထွားလာနေချိန် လွတ်လပ်၍ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ဆက်လက်ထိန်းသိမ်းထားရေးအထိ အတိုင်းအတာကျယ်ပြောသော ဒေသတွင်း စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးရန် အခွင့်အရေးရရှိခြင်းလည်းဖြစ်သည်။

မော်လ်ဒိုက်သမ္မတ အီဘရာဟင်မိုဟာ မက်ဆိုလီနှင့် တွေ့ဆုံရာတွင် အာဘေးက အရေးပါသည့် ပင်လယ်လမ်းကြောင်းများအနီး၌ တည်ရှိသောကြောင့် အရေးကြီးသည်ဟု သတ်မှတ်ခံရသည့် အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်လိုသည့် ဂျပန်နိုင်ငံ၏ မျှော် မှန်းချက်ကို အာဘေးက ပြသခဲ့သည်။

ဆိုလီက အင်ဒို-ပစိဖိတ်ဒေသအတွင်း  ရေကြောင်းသွားလာမှု လွတ်လပ်ရေးသည် အရေးကြီးကြောင်းကို ၎င်းအနေဖြင့် အသိအမှတ်ပြုကြောင်း အာဘေးအား ပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အာဘေးသည် ဖင်လန်၊ ဆလိုဗက်ကီးယားနှင့် နီပေါနိုင်ငံတို့မှ သမ္မတများနှင့် အတူ ထိုင်နေစဉ်အတွင်း ၁၉၇၀ ပြည့်လွန်နှစ်များ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုံယမ်း ၌ ပြန်ပေးစွဲခံခဲ့ရသည့် ဂျပန်နိုင်ငံသားများ၏ အရေးကို ဖြေရှင်းရန်အတွက် ဂျပန်နိုင်ငံ၏ အားထုတ်မှုများကို ထောက်ခံပေးရန်ကိစ္စအား  ဆွေးနွေးခဲ့သည်။

အာဘေးသည် မြောက်ကိုရီးယားနှင့် အနီးကပ်ဆက်ဆံရေးရှိသော မွန်ဂိုလီးယားနိုင်ငံ၏ ဝန်ကြီးချုပ် အူခနာခူရီဆက်နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent