ပြည်သူ့စားဝတ်နေရေးကို ခြိမ်းခြောက်နေသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း

ပြည်သူ့စားဝတ်နေရေးကို ခြိမ်းခြောက်နေသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း
ရန်ကုန်မြို့ရှိ စူပါမားကက်တစ်ခုတွင် ရောင်းချနေသော စားသောက်ကုန်များကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စူပါမားကက်တစ်ခုတွင် ရောင်းချနေသော စားသောက်ကုန်များကို တွေ့ရစဉ်
Published 21 October 2019
စည်သူအောင်

ငွေကြေးဖောင်းပွမှုကို ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဟု စီးပွားရေးနယ်ပယ်တွင် အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ လူအများ စားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက် မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ  တူညီသော ငွေကြေးယူနစ် ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏ တန်ဖိုးကို လျော့ကျစေခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ် ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI-Consumer Price Index) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ် ဖြစ်စေနိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှုအမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည် မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၇ လဆက်တိုက် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်း မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ခြိမ်းခြောက်လျက် ရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ၁၇ လဆက်တိုက် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီမှစ၍ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၇ လဆက်တိုက် မြင့်တက်ခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် သြဂုတ်တွင် တစ်နှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် ဇူလိုင်ရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၇ လဆက်တိုက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်း ပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် သြဂုတ်အထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၀ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၀ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့ကာ ချင်းပြည်နယ်တွင် ၁၀ ဒသမ ၀၇ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်အထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၂ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့်   ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ်  သြဂုတ်အထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါ က သုည ဒသမ ၁၈ ရာခိုင်နှုန်း ပိုလာကြောင်း  သိရသည်။ ၂၀၁၈ ခုနှစ် မေမှ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါ က ၂၀၁၈ ခုနှစ် မေတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် သြဂုတ်တွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ၂၀၁၉ ခုနှစ် သြဂုတ်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၉ ဒသမ ၁၂ ရှိ ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၀ ဒသမ ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် သြဂုတ်အတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၅၃၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၄၀ ဒသမ ၂၅ နှင့် အုပ်စုအားလုံးအတွက် ၁၅၉ ဒသမ ၁၂ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်တွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ် ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၁၉ ခုနှစ် သြဂုတ်အထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ၁၄၈ ဒသမ ၉၅ အထိ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ် တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်း၊ ဟင်းသီးဟင်းရွက်စျေးနှုန်းနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်း ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူ စျေးဆနှုန်းမှာ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက် ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်း မြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်း မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ သြဂုတ်အထိ ဆက်လက် မြင့်တက်နေသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

၂၀၁၉ ခုနှစ် သြဂုတ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မြင့်တက်ခဲ့ပြီး  လအလိုက် ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် အများဆုံး မြင့်တက်ကာ ကချင်ပြည်နယ်တွင် သုည ဒသမ ၇၆ ရာခိုင်နှုန်း ပြန်လည် ကျဆင်းခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စု ဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်း ကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးကို တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည် မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာမူ ၀ါဒမှားယွင်းမှု၊ ငွေကြေး ရိုက်ထုတ်မှု များပြားမှု၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုး ကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံး လုပ်ခလစာနှုန်း၊ စားနပ်ရိက္ခာ စျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများ မြင့်တက်မှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ အရင်းအနှီးစျေးကွက်၊ စတော့စျေးကွက်များ က မောက်ကမဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်း ပြောင်းလဲမှု၊ အစိုးရ အသုံးစရိတ် များပြားမှု၊ ကောလာဟလ သတင်းများဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ် ပျောက်ဆုံးမှု စသည့်အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။

၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ကထက် မြန်မာ့စီးပွားရေး ကျဆင်းခဲ့ပြီး စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိကာ ငွေကြေးဖောင်းပွမှုနှုန်း ၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB)  က ထုတ်ပြန်သည့် Asian Development Outlook 2019 Update အစီရင်ခံစာ၌ ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈ ခုနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားခြင်း ဖြစ်သည်။ စီးပွားရေး တိုးတက်မှုနှုန်းသည် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဒုတိယအမြင့်ဆုံး (ပထမ-ဗီယက်နမ်  ၆ ဒသမ ၈ ရာခိုင်နှုန်း) ဖြစ်သည်။

ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင်  ရှစ်ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်ဟု ပြင်ဆင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်နေသည်။

မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၉ ခုနှစ်အတွက် နှစ်စတွင် ခန့်မှန်းထားသည့်အတိုင်း ၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဧပြီတွင် မျှော်မှန်းခဲ့သည်ထက် မြင့်တက်လာကာ နိုင်ငံခြားသုံးငွေ စာရင်းရှင်ငွေစာရင်း လိုငွေမှာ မျှော်မှန်းထားသည်ထက် ကျဆင်းလာသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အားကောင်းလျက် ရှိသော်လည်း ကျပ်ငွေတန်ဖိုးမှာ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက အားပျော့လျက်ရှိပြီး နိုင်ငံ၏ စီးပွားရေးအပေါ် ငွေကြေးဖောင်းပွမှု ဖိအားကျရောက်လျက် ရှိသည်။ ၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိရာမှ ကိုးလအတွင်း ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ စားသောက်ကုန် စျေးနှုန်းများသည် ကိုးရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စားသောက်ကုန် ထုတ်လုပ်မှု ကျဆင်းခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်နှင့်  စားသောက်ကုန် ပို့ဆောင်ရေးစနစ် အားနည်း မှုတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထား သည်။

၂၀၁၉ ခုနှစ် သြဂုတ်အတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၈ ခုနှစ် သြဂုတ်ထက် အစားအစာ အုပ်စု ၉ ဒသမ  ၉၈ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၄ ဒသမ ၈၇ ရာ ခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၃၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင် စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စု ၇ ဒသမ ၆၃ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၈ ဒသမ ၄၁ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး အုပ်စု ၁ ဒသမ ၅၆ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၃ ဒသမ ၉၆ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက် အုပ်စု ၄ ဒသမ ၅၈ ရာခိုင်နှုန်း၊ အထွေထွေ ကုန်ပစ္စည်း အုပ်စု ၁၃ ဒသမ ၅၄ ရာခိုင်နှုန်း၊ အစားအစာ မဟုတ်သော အုပ်စု ၁၁ ဒသမ ၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်နည်းအားဖြင့် ပြည်သူ လူထု၏ နေ့စဉ်စားဝတ်နေရေးအတွက် ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် နှစ်ရာခိုင် နှုန်းနီးပါးမှ ရာခိုင်နှုန်း ၃၀ ကျော်အထိ ပိုမို များပြားလာခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုသည် ဆင်းရဲသော  ပြည်သူလူထုကို အထိနာစေသကဲ့သို့ ပို၍လည်း ဆင်းရဲမွဲတေစေသည်။ ထို့အတူ ဆင်းရဲ သောနိုင်ငံများသည် ငွေကြေးဖောင်းပွမှုဒဏ်ကို ချမ်းသာသောနိုင်ငံများထက် ပိုခံရသည်။ နိုင်ငံလည်း မချမ်းသာ၊ ဆင်းရဲသော ပြည်သူလူထုလည်း များပြားသော မြန်မာနိုင်ငံအနေ ဖြင့် တစ်ရှိန်ထိုး ဆက်တိုက်မြင့်တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်းကို လျှော့ချနိုင်မည့် လက်တွေ့ကျသည့် မူဝါဒကို ချမှတ်နိုင်ရန် လိုနေပြီဖြစ်သည်။

ယခင် ဦးသိန်းစိန်အစိုးရလက်က ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ထည့်သွင်းရေး ဆွဲခဲ့သည်။ ထိုအချိန်က ငွေကြေးဖောင်းပွမှုနှုန်းသည် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု  ပထမငါးနှစ် စီမံကိန်းဖြစ်သော ၂၀၁၁-၂၀၁၂ ဘ ဏ္ဍာနှစ်မှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ် စီမံကိန်းတွင် ပြန်လည်လျှော့ချနိုင်ရန် မူဝါဒချမှတ်ခဲ့ခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေး မူဝါဒ၊  ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူ ၀ါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒများ အပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ် ရေးကိစ္စရပ်များကိုမဖြစ်မနေ ဆောင်ရွက်သွား မည်ဟု မူဝါဒချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ် ဧပြီတွင် NLD အစိုးရ တက်ရောက်ခဲ့ပြီး ယင်းအချိန်က ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၆၆ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ငွေကြေးဖောင်းပွမှုနှုန်း တဖြည်းဖြည်းပြန် လည်ကျဆင်းခဲ့ရာ ၂၀၁၈ ခုနှစ် မတ်တွင် ၄ ဒသမ ၀၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ နိုင်ငံခြား ငွေလဲနှုန်းများ စံချိန်တင် မြင့်တက်မှုနှင့်အတူ  အထွေထွေစျေးနှုန်းများနှင့် ငွေကြေးဖောင်း ပွမှုနှုန်းများနှင့် လိုက်ပါမြင့်တက်ခဲ့သည်။ ထို့ နောက် ၂၀၁၉ ခုနှစ် ဇူလိုင်မှစ၍ လျှပ်စစ် ဓာတ်အားခများကို တိုးမြှင့်ကောက်ခံခဲ့ပြီး  အစိုးရတာဝန်ရှိသူအချို့က ယင်းကြောင့် ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတိုး မြင့်မှုမရှိနိုင်ဟု ပြောကြားခဲ့သော်လည်း လျှပ်စစ်ဓာတ်အားခစျေးနှုန်းများ တိုးမြှင့်ကောက်ခံမှုကြောင့် ယင်းနှင့် ဆက်စပ်ကုန်ပစ္စည်းအုပ်စုများ စျေးနှုန်းသိသိသာသာ မြင့်တက်ခဲ့သည် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုနှင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုကြောင့် ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် သြဂုတ်အထိ ၁၇ လဆက်တိုက် ငွေကြေး ဖောင်းပွမှုနှုန်းနှင့် စားသုံးသူစျေးဆနှုန်းများ မြင့်တက်ခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်အစိုးရ လက်ထက်ကကဲ့သို့ ဂဏန်းနှစ်လုံးသို့ မရောက်သေးသော်လည်း လက်ရှိ ရှစ်ရာခိုင်နှုန်း ကျော်ပြီဖြစ်ခြင်းကြောင့် ဂဏန်း နှစ်လုံးနှုန်းဖြစ်ရန် နီးကပ်နေပြီဖြစ်ရာ အစိုးရအနေဖြင့် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်သင့်ပြီ ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန်ရည်ရွယ်သည့် မူဝါဒသည် ငွေကြေးဖောင်းပွမှု ဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်ခြင်းကြောင့် အနာနှင့် ဆေးတည့်ရန်  လိုအပ်သည်။ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းသည် ဘဏ်တိုးနှုန်းထက်ပင် ကျော်လွန်နေပြီဖြစ်ရာ ငွေကြေးစျေးကွက်၊ အရင်းအနှီးစျေးကွက်နှင့် နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက် စိုးရိမ်ရမည့်အနေအထား ဖြစ်လာပြီး ပြည်သူ့စားဝတ်နေရေးကိုလည်း ခြိမ်းခြောက်လာခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ဗဟိုဘဏ်တို့ အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။

 

Most Read

Most Recent