ကျိုက်ထီးရိုးဒေသနှင့် အမှိုက်ပြဿနာ

ကျိုက်ထီးရိုးဒေသနှင့် အမှိုက်ပြဿနာ
ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းအနီးရှိ အမှိုက်ဖျက်ဆီးစက်တွင် အမှိုက်များကို ခွဲခြားဖျက်ဆီးနေစဉ်
ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းအနီးရှိ အမှိုက်ဖျက်ဆီးစက်တွင် အမှိုက်များကို ခွဲခြားဖျက်ဆီးနေစဉ်
Published 20 October 2019
ဘိုဘိုမြင့်

၀ါလကင်းလွတ်  သီတင်းကျွတ် အချိန်ကာလ ရောက်လာပြီးနောက်မှာ မြန်မာနိုင်ငံအနှံ့ ခရီးသွားရာသီလည်း  ပြန်လည်စတင်လာပြီး ဖြစ်ပါတယ်။ ရာသီဥတုပွင့်လင်းလာပြီ ဖြစ်တဲ့အတွက် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေ ဆုံတဲ့အချိန်ကာလတွေမှာ ဘုရားဖူးခရီးထွက်သူ၊ အပန်းဖြေခရီးထွက်သူ စသည်ဖြင့် အကြောင်းအရာပေါင်းစုံနဲ့ နေရာဒေသပေါင်းစုံကို ခရီးထွက်ကြသူမျိုးစုံ ရှိနေတတ်ကြပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာပါ လူသိများ ထင်ရှားတဲ့ စေတီတော်တစ်ဆူ ဖြစ်ပါတယ်။ နှစ်စဉ် ဗုဒ္ဒပူဇနိယ ပွဲတော်ကိုလည်း သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည်နေ့အထိ ခုနစ်လတိုင်တိုင် ပြုလုပ်လေ့ရှိတဲ့ အတွက်ကို မြန်မာနိုင်ငံမှာ အရှည်လျားဆုံးသော ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးလည်း ဖြစ်ပါတယ်။

အဲဒီအပြင်ကို ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို နှစ်စဉ် ဘုရားဖူး သုံးသန်းခန့် လာရောက် ဖူးမြော်ကြတယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ဒီပမာဏဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ် အတွင်းမှာ နေထိုင်ကြတဲ့ နှစ်သန်းကျော်သော လူဦးရေထက် ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား ဘုရားဖူး ခရီးသွားတွေကလည်း နှစ်စဉ်တစ်သိန်းကျော် ပုံမှန်လာရောက်လေ့ ရှိတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ကျိုက်ထီးရိုးတောင်ပေါ် ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန် နိုင်ငံခြားသား ဇုန်ဝင်ကြေးကောက်ခံရေးရုံးရဲ့ စာရင်းများအရ သိရပါတယ်။

ဒီလို နှစ်စဉ် လူဦးရေ သုံးသန်းခန့် လာရောက်ကြလေ့ရှိတဲ့ ကျိုက်ထီးရိုးဒေသမှာ နေထိုင်တည်းခိုမှုအစ၊ အစားအသောက်အလယ်၊ မိလ္လာစနစ်အဆုံး ကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက်ရတာတွေကလည်း တကယ့်ကို လွယ်ကူတဲ့အလုပ် တစ်ခုတော့ မဟုတ်လောက်ပါဘူး။ အဲဒီအပြင်ကိုနေ့စဉ် လာရောက်သမျှ လူတွေရဲ ့စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ၊ စျေးဆိုင်ခန်း၊ စားသောက်ဆိုင်ခန်း၊ ဟိုတည်နဲ့ တည်းခိုခန်း အစရှိတဲ့ ဒီကျိုက်ထီးရိုးဒေသ အတွင်းမှာ ရှိနေတဲ့ လုပ်ငန်းပေါင်းများစွာက စွန့်ပစ်၊ စွန့်ထုတ်လိုက်တဲ့ အမှိုက်တွေကို သက်ဆိုင်ရာ ဂေါပကအဖွဲ့က စီမံခန့်ခွဲရတာကလည်း တကယ့်ကို ကြီးမားတဲ့ တာဝန်ကြီး တစ်ရပ်လို ဖြစ်နေမှာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုးဒေသက ထွက်ရှိနေတဲ့ အမှိုက်တွေကို လက်ရှိအစိုးရ လက်ထက်မှာ နည်းမျိုးစုံနဲ့ စွန့်ပစ်ဆောင်ရွက် နေတာကို လေ့လာတွေ့ရှိ ရပါတယ်။ ယခင်က ကျိုက်ထီးရိုး တောင်ပေါ်က ထွက်ရှိတဲ့ အမှိုက်တွေကို ရင်ပြင်တော်ပေါ်က ဂေါပကရုံး အနောက်ဘက်မှာ တစ်နေရာ၊ နောက်ပြီး ရင်ပြင်တော်စခန်း ကားဂိတ်အနီးမှာ တစ်နေရာနဲ့ ကျိုက်ထီးရိုး ရင်ပြင်တော်ကနေ မုဆိုးတောင်ဘက် သွားတဲ့လမ်းမှာ တစ်နေရာ၊ အဲဒီသုံးနေရာစလုံးမှာ ချောက်ထဲကို ပစ်ချနေကြတာပါ။

တောင်စောင်း ချောက်အတွင်း စွန့်ပစ်နေကြတဲ့အတွက် အနံ့အသက် မကောင်းတာ၊ ကြွက်၊ ခြင်၊ ယင် စသည်ဖြင့် အကောင်တွေ ပေါများလာတဲ့အတွက် ၂၀၁၆ ခုနှစ်လောက် ကစပြီးတော့ ကျိုက်ထီးရိုးတောင် ဝန်းကျင်က ထွက်ရှိတဲ့ အမှိုက်တွေကို တောင်စောင်းချောက်အတွင်း စွန့်ပစ်ခြင်း မပြုလုပ်တော့ဘဲ အမှိုက်အစို၊ အမှိုက်အခြောက် ခွဲခြားပြီးတော့ တောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းကျေးရွာကို ပို့ဆောင်စွန့်ပစ်ဖို့ လုပ်ဆောင်လာကြပါတယ်။ ဒါပေမဲ့ အမှိုက်စွန့်ပစ်မယ့် မြေနေရာ အခက်အခဲကြောင့် အခက်အခဲရှိတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားပါတယ်။    

အဲဒီအပြင် တောင်ပေါ်ကနေ တောင်အောက်ကို အမှိုက်သယ်ယူရာ လမ်းကြောင်းကလည်း လက်ရှိ ကျိုက်ထီးရိုး တောင်တက်ကားလမ်းကိုသာ အသုံးပြုရမယ် ဆိုတဲ့အတွက် ဘုရားဖူးတွေကြား အမှိုက်သယ်ယာဉ်တွေ သွားလာဖို့က အဆင်မပြေနိုင်တဲ့အတွက် အဲဒီနည်းလမ်းဟာ မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာပါ။

၂၀၁၇ ခုနှစ်လောက်မှာ ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ကျိုက်ထီးရိုးတောင် ရင်ပြင်တော်စခန်းမှာ အမှိုက်ဖျက်ဆီးစက်တစ်လုံး တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအမှိုက်ဖျက်ဆီးစက် (အမှိုက်ခွဲစက်) နဲ့ ဆက်စပ်လုပ်ငန်းတွေကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလ (ဧပြီ-စက်တင်ဘာ) မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၂ သန်းနဲ့ ဆံတော် ရှင်ကျိုက်ထီးရိုး စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ရန်ပုံငွေ ကျပ် ၂၄၂ သန်း၊ စုစုပေါင်းကျပ် ၄၈၄ သန်းနဲ့ တင်ဒါခေါ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အမှိုက်ဖျက်ဆီးစက် (အမှိုက်ခွဲစက်) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ စမ်းသတ်လည်ပတ်ခဲ့ပြီးတဲ့ နောက်မှာ ၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက်မှာ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်းကို မွန်ပြည်နယ် စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရပါတယ်။

အမှိုက်ဖျက်ဆီးစက် (အမှိုက်ခွဲစက်) နဲ့ ပတ်သက်လို့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် နာယက အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျိုက်ထီးရိုးတောင်ကို အမှိုက်သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်အောင် ယခင်ကထက် ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၇၅ ရာခိုင်နှုန်းခန့် သန့်ရှင်းလာအောင် ကြိုးစားနေပါကြောင်း၊ ကျိုက်ထီးရိုး တောင်ပေါ်၌ အမှိုက်သန့်ရှင်းရေးနှင့် ပတ်သက်ပြီး အမှိုက်ခွဲစက် ထားရှိထားပါကြောင်း၊ အမှိုက်ခွဲစက်ဟု ဆိုသော်လည်း အမှန်တကယ် အမှိုက်ဖျက်ဆီးစက်သာ ဖြစ်ကြောင်း၊ အမှိုက်ဖျက်ဆီးစက်တွင် စွန့်ပစ်အမှိုက်များမှ မြေသြဇာပြုလုပ်ခြင်း၊ ပလတ်စတစ်ခွဲခြားခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းဆိုပြီး သုံးပိုင်းခွဲခြားထားကြောင်း၊ မီးရှို့ဖျက်ဆီး အမှိုက်မှာ ၁၀ ရာခိုင်နှုန်းခန့်သာ ထွက်ရှိပြီး မြေသြဇာအဖြစ် ရာခိုင်နှုန်း ၇၀၊ ပလတ်စတစ် ရာခိုင်နှုန်း ၂၀ ထွက် ရှိကြောင်း၊ ရေသန့်ဘူး၊ ကြွတ်ကြွတ်အိတ် အစရှိသည့် ပလတ်စတစ်ကိုဖိပြီး တောင်အောက်သို့ ပြန်ချပြီး ရောင်းကြောင်း၊ လောလောဆယ် မြေသြဇာ အိတ်ပေါင်း ၃၀၀၀ ခန့်ရှိပြီး အဓိကအားဖြင့် တောင်ပေါ်မှာ ရှိနေသော သစ်ပင်၊ ပန်းမန်များ အတွက်သာ အသုံးပြုနေပါကြောင်း အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအပြီး သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“အခု သီတင်းကျွတ်ပွဲတော်ကာလ အချိန်မှာဆိုရင် တစ်ရက်ကို အမှိုက် ၁၀ တန်ကျော်ထွက်တော့ တော်တော်ကြီးကို လုပ်ကိုင်ရပါတယ်။ ဒါပေမဲ့ ဒီရင်ပြင်တော်ပေါ်မှာ အမှိုက်ကိစ္စနဲ့ ပတ်သက်လို့ ဘုရားဖူးတွေကို လိုက်မေးကြည့်တော့ အရင့်အရင် နှစ်တွေထက်စာရင် တောင်ပေါ်မှာ အမှိုက်တွေဟာ တော်တော်လေးကို ကင်းကင်းရှင်းရှင်း ဖြစ်သွားတယ်။ နောက်ပြီး တောင်ပေါ်မှာ ရှိနေကြတဲ့ စျေးသည်တွေကို မေးကြည့်တော့လည်း ကြွက်တွေဟာ အရင်ကထက် တော်တော်ကြီးကို ရှားသွားတယ်။ ကြွက်တွေ ရှားသွားတော့ တောင်နံရံတွေကို ကြွက်တွေဖောက်တာတွေ မရှိတော့ဘူး။ ဒါဟာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်” လို့ ဒေါက်တာအေးဇံက ပြောကြားပါတယ်။

“အဓိက,ကတော့ ကျွန်တော်တို့က ဒါ့ထက်ပိုပြီးတော့ ဝန်ဆောင်မှု ကောင်းရအောင် ဘာတွေဆောင်ရွက်ရမလဲ ကြည့်ပါတယ်။ အဓိကက တခြားထက် သဘာဝပတ်ဝန်းကျင် မပျက်ဆီးဖို့အတွက် ဘယ်လိုဆောင်ရွက်ရမလဲ။ ဒါပေမဲ့ ကျွန်တော်တို့ အစိုးရအနေနဲ့ စီမံကိန်းတွေချ၊ စည်းမျဉ်း ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုပဲလုပ်တယ် ဆိုပေမယ့်လည်း တကယ် ဘုရားဖူးလာကြတဲ့ ပြည်သူလူထုက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဘုရားဖူးလာ ပြည်သူလူထု အနေနဲ့လည်း အရင်ကထက်စာရင် အမှိုက်ရှိရင် အမှိုက်ပုံမှာ အမှိုက်ပစ်ပေးကြပေမယ့် အမှိုက်ပုံးမရှိရင် အမှိုက်ကိုဟိုပစ်၊ ဒီပစ် ပစ်ကျတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူမျိုးတွေက စည်းကမ်းချမှတ်ပြီးရင် လိုက်နာတတ်တဲ့ လူမျိုးတွေပါ” လို့ ဒေါက်တာအေးဇံက ဆက်လက်ပြောကြားပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးကျော်ဝင်းလှိုင်ကလည်း “တောင်ပေါ်မှာ အမှိုက်မီးရှို့စက်တစ်လုံး မုဆိုးတောင်ဘက်မှာ ရှိပါတယ်။ နောက်ဒီရင်ပြင်တော် စခန်းနားက အမှိုက်ခွဲစက်၊ အမှိုက်မီးရှို့စက်ကတော့ တောင်ပေါ်က နေ့စဉ်ထွက်တဲ့ ၁၀ တန် ဝန်းကျင်လောက်ရှိတဲ့ အမှိုက်တွေကို ဖျက်ဆီးနေပါတယ်။ အဲဒီအပြင်ကို ရင်ပြင်တော်ပေါ်မှာ အမှိုက်ကင်းစင်ရေးနဲ့ ပတ်သက်လို့ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိကို ဂေါပကအဖွဲ့ လက်အောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ တပ်မတော်သားတွေ၊ စျေးသူစျေးသားတွေက အလှည့်ကျ သန့်ရှင်းရေး ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောကြားပါတယ်။

ယခုနှစ်တွင် ရင်ပြင်တော်ပေါ်၌ အမှိုက်များ ယခင်ကလောက် မများသည်ကို သတိထားမိပါကြောင်း၊ ဒါကလည်း ဘုရားဖူးလာရောက်သူ အနည်းအများနှင့် ဆိုင်ကြောင်း၊ ယမန်နှစ် သီတင်းကျွတ်ကာလက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု အများအပြား တွေ့ရကြောင်း မော်လမြိုင်မြို့မှ ဘုရားဖူးလာရောက်သည့် ကိုကျော်စွာက ပြောကြားပါတယ်။

“အမှိုက်ကိစ္စနဲ့ ပတ်သက်လို့ နှစ်ပိုင်းရှိတယ်လို့ မြင်တယ်။ ပထမတစ်ပိုင်းက ကင်မွန်းစခန်း အပါအဝင်  ကျိုက်ထီးရိုးဒေသ အတွင်းမှာ နေထိုင်ကြတဲ့သူတွေ၊ စီးပွားရှာကြတဲ့သူတွေ၊ နောက်စျေးဆိုင်တွေ စသည်ဖြင့်ပေါ့လေ။ သူတို့ဆီက ထွက်လာတဲ့ အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ရမယ်။ ဒါကတစ်ပိုင်း။ နောက်ပိုင်းက ဘုရားဖူးတွေ ကိုယ်တိုင်ကလည်း စည်းကမ်းရှိမယ်။ သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ အမှိုက်စွန့်ပစ်မယ်ဆိုရင် ဒီပြဿနာက ဖြေရှင်းနိုင်လောက်ပါတယ်။ အဓိကက အားလုံးပူးပေါင်း ဆောင်ရွက်မှုတွေ ရှိရင်တော့ ဒီပြဿနာ ဖြေရှင်းနိုင်ပါတယ်” လို့ကို ကျော်စွာက သုံးသပ်ပြောကြားပါတယ်။

“လူတွေကတော့ အမှိုက်ကို အလွယ်တကူ ပစ်နေကြတာပဲ။ ကွမ်းတံတွေးဆိုလည်း ထွေးလိုက်တာပဲ။ ဘုရားလာဖူးကြတာ နယ်စုံက လူပေါင်းစုံဆိုတော့ စည်းကမ်းရှိတဲ့သူလည်း ရှိသလို၊ မရှိတဲ့သူတွေလည်း ပါနိုင်တယ်လေ။ အားလုံးက သတ်မှတ်ထားတဲ့အတိုင်း စည်းကမ်းတကျလေး ဖြစ်သွားမယ် ဆိုရင်တော့ အမှိုက်ကင်းရှင်းတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။ ဘုရားပေါ်မှာဆိုရင် အရင်ကထက် အမှိုက်ကို နည်းလာတယ်လို့ ခံစားရတယ်။ ဒါကကောင်းမွန်လာတဲ့ တစ်ချက်ပေါ့” လို့ ရန်ကုန်မြို့မှ ဘုရားလာဖူးတဲ့ ဒေါ်ဥမ္မာလှိုင်က သူ့အမြင်ကို ပြောကြားပါတယ်။

ကျိုက်ထီးရိုးဒေသမှာ အမှိုက်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရေးနဲ့ ပတ်သက်ပြီးတော့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် နာယက အဖွဲ့ဝင်လည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကလည်း “ကျိုက်ထီးရိုးတောင်ပေါ်မှာ ကျွန်တော်တို့ ကနဦး လေ့လာခဲ့တဲ့ အချက်တွေအရ ကျိုက်ထီးရိုးမှာ ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်နေတာတွေရှိတယ်။ အဲဒါတွေဟာ လတ်တလောလုပ်လို့ရတဲ့ အပိုင်းတွေရှိတယ်။ နောက်တစ်ချက်က ရေရှည်သွားရမယ့် အပိုင်းတွေလည်း တွေ့ရတယ်။ လတ်တလော လုပ်ဆောင်သင့်တဲ့ တစ်ချက်က မှန်ကန်တဲ့ အချက်အလက်တွေကို ကောက်ယူရပါမယ်။ ငြင်းလို့မရတဲ့၊  ပကတိမြေပြင်မှာ ဖြစ်နေတာတွေကို အမှန်အတိုင်း အချက်အလက် ကောက်ယူဖို့ လိုပါမယ်။ ဥပမာ မြေပြင်မှာဆိုင်ခန်း ၁၀ ခန်းရှိရင် ဆိုင်ခန်း ၁၀ ခန်း၊ နောက် မိလ္လာစနစ်က ဘယ်လိုလုပ်ထားတယ်။ လက်ရှိရဲ့ အခြေအနေ အကုန်လုံးက အချက်အလက်ရရှိဖို့ အရင်ဆုံး စုဆောင်းရပါမယ်။ ပြီးသွားမှ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို သုံးသပ်လို့ရပါမယ်” လို့ သုံးသပ်ပြောကြားပါတယ်။         

“ကျိုက်ထီးရိုးဒေသဟာ မြို့ငယ်တစ်မြို့လို လုပ်ဆောင်စရာတွေက အများကြီးကို ရှိနေပါတယ်။ လုပ်ရမယ့် အပိုင်းတွေလည်း အများကြီးရှိတယ်။ အားနည်းချက်က နာယကအဖွဲ့ရဲ့ လမ်းညွှန်မှုတွေကို ဂေါပကအဖွဲ ့ရဲ ့အောက်မှာရှိတဲ့ လူတွေက အကောင်အထည် မဖော်နိုင်ဘူး။ ဥပမာ အမှိုက်သန့်ရှင်းရေး ကိစ္စကို အကောင်အထည် ဖော်နေသူတွေ အများစုက Volunteer တွေနဲ့ လုပ်နေတယ်။ ဒါဟာလက်တွေ့မကျဘူး။  အဲဒီအခြေအနေတွေကို အချက်အလက်တွေ သေချာပြုစုပြီးရင် ကျွန်တော်တို့ ပြင်ချင်တဲ့၊ ဘုရားဖူး ပြည်သူတွေ စိတ်အေးချမ်းသာစွာ၊ ကောင်းမွန်စွာ ဘုရားဖူးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို ့ စတဲ့အချက်တွေကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အချက်အလက် စုဆောင်းခြင်းကို အသေအချာ လုပ်ဆောင်ရပါမယ်။ ပြီးသွားရင်တော့ ပြင်ဆင်ရမယ့်အပိုင်းတွေ၊ ဆောင်ရွက်ရမယ့် အပိုင်းတွေ ဆက်လက် အကောင်အထည် ဖော်သွားရမှာ ဖြစ်ပါတယ်။ လုပ်ဖြစ်အောင်လုပ်ဖို့ လိုသလို၊ လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ဒေါက်တာခင်နိုင်ဦးက ဆက်လက်ပြောကြားပါတယ်။

ကျိုက်ထီးရိုးဒေသမှာ အမှိုက်လျော့နည်း ကင်းစင်ရေးအတွက် မည်သို့သော နည်းလမ်းတွေနဲ့ ဆောင်ရွက်စေကာမူ အဓိက ကျိုက်ထီးရိုးဒေသ အတွင်းမှာ နေထိုင်ကြသူတွေ၊ စီးပွားရှာနေကြတဲ့သူတွေ၊ ဘုရားဖူး ပြည်သူတွေကိုယ်တိုင် အသိတရားနဲ့ ယှဉ်ပြီးတော့ စနစ်တကျနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် အမှိုက်ပြဿနာဟာ ရေရှည်မှာ ပြေလည်နိုင်လောက်ပါတယ်။

မြန်မာသာမက ကမ္ဘာကပါသိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး တည်ရှိရာ ကျိုက်ထီးရိုးဒေသ ဝန်းကျင်ကို အများအမြင် ရှက်ရွံ့ဖွယ်၊ နိုင်ငံခြားသား ဘုရားဖူး ခရီးသွားများ အမြင်မှာ အထင်သေးဖွယ် မဖြစ်ရလေအောင် ဗုဒ္ဓဘာသာဝင် ဘုရားဖူး ပြည်သူတွေအနေနဲ့ ကျိုက်ထီးရိုးဒေသ အမှိုက်သန့်ရှင်းသော ပတ်ဝန်းကျင် ဖြစ်စေရေး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Most Read

Most Recent