စပါးကြမ်းခင်းစျေး ငါးသိန်းဟာ တောင်သူတွေ တကယ်ပြေလည်စေမှာလား

စပါးကြမ်းခင်းစျေး ငါးသိန်းဟာ တောင်သူတွေ တကယ်ပြေလည်စေမှာလား
ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် တောင်သူများ စပါးခြွေလှေ့စက် အသုံးပြုနေစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် တောင်သူများ စပါးခြွေလှေ့စက် အသုံးပြုနေစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 20 October 2019
မင်းသူဝင်းထွဋ်

စပါးအသစ်များ ထွက်ပေါ်ချိန်တွင် စျေးနှုန်းကျဆင်းလျက်ရှိပြီး စျေးကွက်ပျောက်ဆုံးနေသော စပါးစျေးနှုန်းကို တည်ငြိမ်စေရန်အတွက် နိုင်ငံတော်က စပါးတင်း ၁၀၀ လျှင် အခြေခံစျေးနှုန်း ကျပ်ငါးသိန်းဖြင့် သတ်မှတ်ဝယ်ယူရန် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၅ ရက်က ကြေညာချက်အမှတ် (၁/၂၀၁၉) အဖြစ် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ယခင်ထုတ်ပြန်ထားသည့် စပါးစျေးနှုန်းနှင့် တူညီမှုရှိသော်လည်း အရည်အသွေး သတ်မှတ်ချက်များပါ ပါဝင်လာခဲ့ပါတယ်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းအထိ အခြောက်ခံပြီးသော အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ၄၆ ပေါင် စပါးတစ်တင်းကို စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းဖြင့် နိုင်ငံတော်အစိုးရက ငွေစိုက်ထုတ်၍ လုပ်ငန်းရှင်များ၊ စပါးဝယ်ယူရေး အဖွဲ့များနှင့် ပူးပေါင်းပြီးတော့ ဝယ်ယူမယ်လို့ အဆိုပါ ကြေညာချက်မှာ ပါဝင်ခဲ့ပါတယ်။

မြန်မာ့ဆန်စပါးဟာ တရုတ်နိုင်ငံက တစ်နှစ်ခန့် ဝယ်ယူမှုရပ်ဆိုင်းခဲ့ပြီး အာဖရိကနိုင်ငံများသို့ တင်ပို့ရာမှာ အခက်အခဲများ ကြုံတွေ့ခဲ့ရခြင်းများကြောင့် စပါးစျေးနှုန်းဟာ ယခင်ပထမအကြိမ် နိုင်ငံတော်က သတ်မှတ်ခဲ့တဲ့ စပါးကြမ်းခင်းစျေး ငါးသိန်းအောက် နိမ့်ကျကာ တောင်သူအချို့ ဆန္ဒထုတ်ဖော်မှုများ ရှိလာခဲ့ပါတယ်။

ကြေညာချက် ၁/၂၀၁၉ ဟာ တောင်သူအတွက် အကျိုးရှိပါ့မလား

စပါးကြမ်းခင်းစျေး သတ်မှတ်ချက်ဖြစ်တဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ကြေညာထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၁/၂၀၁၉ ဟာ တောင်သူများအတွက် တကယ်ကို အကျိုးရှိစေမှာလား ဆိုတာကလည်း စောဒကတက်စရာ ရှိနေပါတယ်။ ကြေညာချက်ပါ အပိုဒ် (၃) တွင် စျေးကွက်ပေါက်စျေးသည် အခြေခံ ရည်ညွှန်းစပါးစျေးနှုန်းပေါ်တွင် ဖြစ်ပါက စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံ ရည်ညွှန်းစျေးနှုန်းအောက် ဖြစ်ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရမည်ဟု ဖော်ပြပါရှိထားပါတယ်။ သီးနှံမျိုးကွဲများစွာ ရှိနေတဲ့ မြန်မာ့လယ်ယာမြေ လည်ပတ်ပုံအရ ခြုံငုံမိရုံသာ ရှိနေတဲ့ ကြမ်းခင်းစျေးနှုန်း တစ်ခုပါ။

ဒါ့အပြင် ကြေညာချက်မှာ သတ်မှတ်ဖော်ပြထားတဲ့ အရည်အသွေး သတ်မှတ်ချက်တွေဟာ ယနေ့အချိန်အထိ စက်မှုလယ်ယာ ဆိုသည်ကို ပြည့်စုံစွာ မရှိသေးတဲ့ တောင်သူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေမှာ အသေအချာပါပဲ။ စပါးတစ်တင်းကို ၄၆ ပေါင်ကိုက် စံနှုန်းသတ်မှတ်ချက်ဟာတော့ ကြိုဆိုစရာကောင်းတဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ ပုံမှန် ကုန်သည်စက်ပိုင်များ ဝယ်ယူလေ့ရှိတာဟာ စပါးတစ်တင်းကို ၄၈ ပေါင်၊ ၅၀ ပေါင်ပါ။ နိုင်ငံတော်က ၄၆ ပေါင် တစ်တင်းနှုန်းဖြင့် သတ်မှတ်ချက်ဟာ တောင်သူများအတွက် အဆင်ပြေစေ ပါလိမ့်မယ်။ သို့သော်ငြားလည်း စပါးဆိုသည်မှာ ပျက်စီးလွယ်သော၊ အလျော့အတွက် ဖြစ်နိုင်သော သီးနှံကုန်စည် ဖြစ်တာကြောင့် ၄၆ ပေါင်အတိနှင့်တော့ တောင်သူများကို ဝယ်ယူပေးမယ်လို့ မထင်ပါဘူး။ အလျော့တွက်အဖြစ် စပါးတစ်တင်းကို တစ်ပေါင်နှုန်း တိုးမြှင့်ဝယ်ယူကြတာက ယခင်ကတည်းက လုပ်ဆောင်ခဲ့ကြတဲ့ လုပ်ငန်းစဉ် တစ်ရပ်လိုပါပဲ။

တောင်သူများဟာ စပါးသစ်ပေါ်ချိန်မှာ စပါးရောင်းချပုံဟာ ရိုးရှင်းလှပါတယ်။ ကိုယ့်လယ်ယာမြေက ထွက်တဲ့စပါးကို ရိတ်သိမ်းခြွေလှေ့ပြီး အခြောက်လှမ်းကာ အိတ်သွတ်နေချိန်မှာ ကုန်သည်၊ စက်ပိုင်များက စေလွှတ်တဲ့ စပါးအဝယ်တော်လို့ခေါ်တဲ့ ပွဲစားတွေဟာ ကွင်းထဲကို ရောက်ရှိလာကြပါတယ်။ ပွဲစားများကနေတစ်ဆင့် ရောင်းချပြီးတော့ ကွင်းထဲမှာတင် စပါးကိုချိန်၊ ကွင်းထဲမှာတင် စပါးကို စက်လှေပေါ်သယ်ယူ၊ ကားပေါ်သယ်ယူပြီးတော့ စက်လှေပေါ်မှာ စပါးပြည့်မီပြီဆိုမှ ဆန်စက်များကို ပွဲစားများက သွားရောက် ပို့ဆောင်လေ့ ရှိပါတယ်။ မြို့ပေါ်စျေးနဲ့ ကွင်းတိုက်စျေး ဆိုတာမျိုး ကွာခြားချက်တချို့ ရှိပါတယ်။ ခရီးစရိတ်၊ သယ်ယူစရိတ် ကြီးမားချိန်မှာ တောင်သူများဟာ ကွင်းတိုက်စျေးနှုန်းဖြင့်သာ ရောင်းချမှု များပါတယ်။ လယ်ဧကများသူတွေသာ မိမိစပါးအားလုံး ရိတ်သိမ်းပြီးချိန်မှာ စက်လှေများငှားရမ်းပြီး ရင်းနှီးပြီးဖြစ်တဲ့ ဆန်စက်များဆီကို သွားရောက် ရောင်းချခြင်းပါပဲ။

အခုနှစ်လို စျေးကွက်ပျောက် စျေးနှုန်းကျဆင်း နေချိန်မှာတော့ တောင်သူများအတွက် အဝယ်တော်ဆိုတာ မလွယ်ကူတဲ့ အနေအထားပါ။ ဒီနေရာမှာ အစိုးရပိုင်းက စပါးဝယ်ယူရေးကို လုပ်ဆောင်ပေးမယ် ဆိုတာဟာ တောင်သူများအတွက် သတင်းကောင်းပေမဲ့ နိုင်ငံတော်က သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း တောင်သူအားလုံးရရှိဖို့ မလွယ်ကူပါဘူး။ စပါးဝယ်ယူရေးအဖွဲ့ဟာ တောင်သူများထံ လာရောက်ဝယ်ယူနိုင်မှာ မဟုတ်ဘဲ သိုလှောင်ရုံရှိတဲ့ နေရာများမှာသာ ဒိုင်ဖွင့်ဝယ်ယူမှာ ဖြစ်တာကြောင့် ဒိုင်များထံ သွားရောက် ရောင်းချရာမှာ ကုန်ကျစရိတ်များစွာ ရှိနေပါတယ်။ လက်ဝယ်ကို တင်း ၁၀၀ ငါးသိန်းစျေးနှုန်းနဲ့ ရရှိနိုင်ပေမဲ့ ကုန်ကျစရိတ်များစွာကို ပြန်လည်နုတ်ယူလိုက်ပါက မထူးခြားတဲ့ စျေးနှုန်းတစ်ခုပဲ ပြန်လည်ရရှိလာနိုင်ပါတယ်။

ဒါ့အပြင် စပါးအရည်အသွေး သတ်မှတ်ချက်ဟာ တောင်သူများအတွက် အခက်အခဲပါပဲ။ အစိုအမှတ် ၁၄ ဆိုတာဟာ မြေပြင်စျေးကွက်မှာ ယခင်ကတည်းက ကုန်သည်စက်ပိုင်များက သတ်မှတ်ပြီး ဝယ်ယူနေလေ့ရှိတဲ့ အစိုမှတ် မဟုတ်ပါဘူး။ အစိုအမှတ် ၁၄ ကနေ ၁၆၊ ၁၇ အတွင်းကို စက်ပိုင်များက ဝယ်ယူကြပါတယ်။ အစိုအမှတ်အလိုက် စျေးနှုန်းကလည်း အပြောင်းအလဲ ရှိပါတယ်။ တောင်သူများထံမှာ စပါးအစိုမှတ် တိုင်းတာစက်များ မရှိကြပါဘူး။ အစိုမှတ် ၁၄ ရအောင်ဆိုပြီး စပါးကို ပိုလှန်းမိပါကလည်း စပါးနမူနာ ကြိတ်ခွဲရာမှာ အကျိုးအကြေတွေ များလာရင် စျေးအနှိမ်ခံရပြန်ပါတယ်။

အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ရမယ် ဆိုတာကတော့ တောင်သူများအတွက် ပိုအခက်အခဲပါပဲ။ အသန့်ရှင်းဆုံး ထားရှိလုပ်ဆောင်တယ် ဆိုရင်တောင်မှ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ လုံးဝကင်းစင်ဖို့ မလွယ်ကူ လှပါဘူး။ တောင်သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ စနစ်တကျ လယ်ယာမြေပေါ်မှာ စက်ကိရိယာများ အသုံးပြုပြီး စိုက်ပျိုးနေရတဲ့ တောင်သူများ မဟုတ်ကြပါဘူး။ စတင်ရိတ်သိမ်းကတည်းက ရွှံ့နွံများ အနည်းနဲ့ အများဆိုသလို ကပ်ပါလာကြပါတယ်။ ရိတ်သိမ်းပြီးသား စပါးများကို ချက်ချင်းဆိုသလို ခြွေလှေ့စက်ထဲထည့်ပြီး ခြွေလှေ့ကြရပြီး ခြွေလှေ့လို့ရလာတဲ့ စပါးအစိုတွေကိုမှ ကားလမ်း ရွာလမ်း ကျေးရွာ နီးစပ်ရာ ကွင်းပြင်များမှာ အခြောက်ခံ နေလှန်းကြရတာပါ။ ဒါကို သန့်စင်ဖို့ဆိုတာ သူတို့မှာ နည်းလမ်းမရှိပါဘူး။ ဒီလိုမျိုး လိုအပ်ချက်တွေ ရှိတာကြောင့်ဆိုပြီး စျေးနှုန်းထပ်မံ အနှိမ်ခံရရင်တော့ ကြမ်းခင်းစျေးဆိုတာ ဘာမှမဟုတ်သလိုပါပဲ။

“ကျွန်တော်တို့ အနေနဲ့ကတော့ စပါးစျေး ငါးသိန်းစျေး ဆိုတာက နည်းတာပေါ့ဗျာ။ ပြီးတော့ အဲဒီ ငါးသိန်းဆိုတဲ့ အနေအထားမှာ ကျွန်တော်တို့ကို တကယ် ၄၆ ပေါင်ကိုက်နဲ့ ဝယ်ပေးမှာလား။ အဲဒါမျိုးလည်း သိချင်တယ်။ ဒါပေမဲ့လည်း စက်ပိုင် ဘာညာက အကုန်ထိန်းချုပ်ပြီးတော့ ဒီစျေးမျိုးနဲ့ မထိန်းပေးဘူး ဆိုရင်ရော ဘယ်လိုနေရာမျိုးမှာ ရောင်းချရမလဲ ဆိုတာ အဲဒီလိုမျိုး ကျွန်တော်တို့ လယ်သမားက သိချင်တယ်။ စပါးငါးသိန်းဟာ အဆင်ပြေပြီလားဆိုရင် မပြေဘူးညီလေးရဲ့ နည်းလွန်းတယ်။ လုပ်အားခတွေ တိုးမြှင့်၊ စျေးတန်းတွေ တအားတက်လာတဲ့ အချိန်မှာ အခုငါးသိန်းစျေးက နည်းလွန်းတယ်။ အစိုမှတ်ကတော့ ၁၄ က နည်းတာပေါ့။ ဥပမာ ၁၅၊ ၁၆ ပေါ့ နော်။ ၁၆ လောက်အထိတော့ ဖြစ်သင့်တယ်။ အစ်ကိုတို့ ရောင်းစဉ်အချိန်မှာ ၁၄၊ ၁၅ လောက်အထိ လုပ်လိုက်တဲ့ အချိန်မှာ ၁၆ လောက်ဖြစ်သွားရင် အဲဒီတစ်မှတ်အတွက် သူတို့က တစ်မှတ်လျှော့ပြီး ဝယ်သွားတာ။ အဲဒီစျေးတန်းကို အခု ငါးသိန်းပေးမယ်ဆိုရင် ၄၈ လောက်ပဲ သူတို့ပေးတော့တယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အတွက် အနည်းဆုံး အကြမ်းဖျင်းကတော့ ၁၅ ပတ်လောက်ပဲ ဖြစ်တယ်။ သူက ၁၄ ယူမယ်ဆိုရင် အစ်ကိုတို့ တောင်သူလယ်သမားက ၁၄ လှမ်းပေးလို့ အစ်ကိုတို့မှာ တိုင်းတဲ့စက်ကိရိယာလည်း မရှိဘူးလေ။ ၁၄ ဝင်အောင် လှမ်းရတဲ့အတွက် ဥပမာ ၁၁-၁၂ ဖြစ်သွားမယ်ဆိုရင် ဆန်သားက ကြေသွားရော။ အဲဒီအခါကျ ဆန်သားမတင်လို့ဆိုပြီး အစ်ကိုတို့ကို စျေးကနှိမ်ပြန်ရော။ ကျွန်တော်တို့ တောင်သူလယ်သမားကို နှိမ်တယ်လို့ပဲ ထင်တယ်ပေါ့။ စပါးကိုရိတ်မယ်။ ကျွန်တော်တို့က အနိမ့်ကွင်းတွေ ခြောက်နေတဲ့အရာ မဟုတ်တော့ ကျွန်တော်တို့က ရိတ်ပြီး လယ်ထဲကို ချလိုက်မယ်။ ရွှံ့နှစ်က စပါးကိုပေမယ်။ အဲဒါက ခြောက်သွားတဲ့ အခါကျတော့ ခြွေလှေ့လည်းထိုးရော နွံကပ်တဲ့ပုံစံမျိုး ဖြစ်လာမယ်။ နွံတော့ပြောင်နေပေမဲ့ ဖုန်သလဲတော့ ပါလာမယ်။ နည်းနည်းလေး ပါသွားခဲ့မယ်ဆိုရင် သူတို့က နွံကပ်တယ် ဆိုပြီးတော့ ငြင်းမယ်။ စက်ကို သွားရောင်းတဲ့ အခါကျတော့ သူတို့သတ်မှတ်ထားတဲ့ပုံစံ မဟုတ်ဘူးလို့ငြင်းရင် သူတို့ပေးတဲ့စျေးနဲ့ ရောင်းခဲ့ရမှာပဲ။ ပြန်ယူပြန်ရင်လည်း ဘယ်သူ့စက် သွားရောင်းရမယ်မှန်း မသိဘူး။ စရိတ်တွေက ထပ်ကုန်ဦးမယ်။ သူတို့ပေးတဲ့စျေးပဲ ရောက်တာနဲ့ ချဉ်ချဉ်တူးတူး မူးရင်ပြီးရောပဲ ဆိုတာမျိုး လုပ်ရတော့တာပဲ” ဟု မြောင်းမြမြို့နယ် သာယာကုန်းကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးအေးထွန်းက ပြောပါတယ်။

စပါး ဘယ်လောက်အထိ ဝယ်ယူပေးမှာလဲ

ကြေညာချက်အရ နိုင်ငံတော်က ငွေကြေးစိုက်ထုတ်ပြီး စပါးဝယ်ယူရေး အဖွဲ့များနဲ့ ပူးပေါင်းကာ စပါးဝယ်ယူမယ် ဆိုပေမဲ့ ဘယ်လောက်အထိ ငွေကြေးစိုက်ထုတ်ပြီး ဝယ်ယူပေးမယ်ဆိုတာ တိတိကျကျ ထုတ်ပြန်မထားပါဘူး။ အောက်တိုဘာ ၁၈ ရက် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ရုံးခန်းမှာ ကျင်းပခဲ့တဲ့ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်ပြီးတော့ တိုင်းဒေသကြီးအတွင်း စပါးဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို တံခါးပိတ် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာတော့ ဧရာဝတီတိုင်း ဒေသကြီး တစ်ခုလုံးမှာ လိုအပ်တဲ့နေရာတွေကို စပါးဝယ်ယူဖို့အတွက် နိုင်ငံတော်ကနေ ကနဦး ငါးဘီလျံကို ထုတ်ပေးမယ်လို့ အသိပေးခဲ့ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ ငါးဘီလျံဖြင့် မလုံလောက်ပါက ထပ်မံထုတ်ပေးဖို့ တင်ပြပေးမယ်ဆိုတဲ့ အကြောင်းပါ ဝန်ကြီးက တစ်ပါတည်း ပြောကြားသွားတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးလို နိုင်ငံစပါးကျီလည်းဖြစ်၊ စပါးအထွက်ဆုံး ဒေသလည်းဖြစ်တဲ့ တိုင်းဒေသကြီးအတွက် ငါးဘီလျံဆိုတာ မြောင်းမြမြို့လို ဆန်စပါးစျေးကွက်တစ်ခု တည်ရှိနေတဲ့ မြို့တစ်မြို့ရဲ့ ဝယ်ယူမှုနှုန်းထားတောင်မှ မရှိပါဘူး။ ဧရာဝတီတိုင်းဒေသကြီးမှာ စက်တင်ဘာလကုန်အထိ စာရင်းများအရ စပါးအဟောင်းများဟာ တင်းသန်းပေါင်း ၅၀ ကျော် ကျန်ရှိနေပါတယ်။

အစိုးရပိုင်ဆိုင်တဲ့ ကုန်သိုလှောင်ရုံများစွာက ယခုအချိန်မှာ အသုံးပြု၍ မရရှိတော့ပါဘူး။ ဒါ့ကြောင့် စပါးဝယ်ယူရေး အစီအစဉ်အရ အသုံးပြု သိုလှောင်ရမှာက ကုန်သည်စက်ပိုင်များရဲ့ သိုလှောင်ရုံများမှာပါပဲ။   

“ဦးတို့လည်း စိုးရိမ်တယ်။ အခုလက်ရှိ ကိုးလပိုင်းအထိဆိုရင် တို့ဧရာဝတီတိုင်းမှာတင် စပါးက တင်း သန်း ၅၀ လောက်ကျန်နေတာ။ ကျန်နေတာကို ဦးတို့ UMFCCI အသင်းကလည်း စိုးရိမ်တယ်ပေါ့။ စိုးရိမ်တဲ့အတွက် တို့ဒီမှာ နှစ်ကြိမ်လောက် ဆန်စက်ပိုင်ရှင်အသင်းရော၊ ဆန်ကုန်သည်အသင်းရော၊ စိုက်ပျိုးထုတ်လုပ်မှု အသင်းရော၊ တောင်သူလယ်သမား အသင်းရော ဆွေးနွေးပြီးတော့ ဒါကိုသက်ဆိုင်ရာ ဝန်ကြီးချုပ် စီမံဘဏ္ဍာဝန်ကြီး ဧရာဝတီတိုင်းဒေသကြီး၊ နောက်စိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီး၊ နောက်စီးပွားကူးသန်း ဝန်ကြီးတို့၊ နောက် UMFCCI တို့ဆီ စာတွေတင်လိုက်တာပေါ့နော်။ တင်ပြီးတော့ ဒီဟာက စိုးရိမ်စရာရှိတယ်။ မနှစ်ကလည်း ၁၇-၁၈ မှာဆိုရင် စပါးစျေးက ငါးသိန်းစျေး သတ်မှတ်တယ်။ သတ်မှတ်ပေမဲ့ အဲဒီနှစ်မှာတော့ စပါးက စျေးကောင်းတယ်။ ပြည်ပပို့တာလည်း ကောင်းတယ်။ တရုတ်က လမ်းကြောင်းကလည်း ပွင့်နေတဲ့ အချိန်တုန်းကတော့ စပါးစျေးက ငါးသိန်းအောက်ကို မကျဘူးပေါ့နော်။ မကျပေမဲ့လည်း ၁၇-၁၈ ဆိုတော့ ၁၈-၁၉ မှာလည်းကျရော တရုတ်က အဝယ်ရပ်ပစ်လိုက်တယ်။ အဝယ်ရပ်ပစ်လိုက်တဲ့ အခါကျတော့ ပြည်ပပို့တဲ့ သူတွေကလည်း စျေးကွက်မရှိလားဆိုတော့ စျေးကွက်တော့ရှိတာပေါ့။ ပြောရမယ်ဆိုရင် သူတို့ပြည်ပကိုပို့ဖို့မှာ ကြန့်ကြာမှုတွေ ဖြစ်နေတာ။ ရောင်းလို့တော့ရတယ်။ တင်တဲ့အခါမှာ အရမ်းကြာနေတာ။ အရမ်းကြာနေတော့ လက်ကျန်တွေက တအားများသွားတယ်။ အဲဒီအချိန်မှာ စပါးစျေးက ငါးသိန်းအောက်ကို ဆိုးဆိုးရွားရွားပဲ။ ပဲခူးတိုင်းတို့ ဘာတို့မှာတော့ ဆန္ဒပြတာတွေဘာတွေ ဖြစ်တယ်ပေါ့။ တို့ ဧရာဝတီတိုင်းမှာလည်း ဖြစ်တဲ့နေရာ ဖြစ်တာပေါ့ အဲဒီလိုမျိုး” ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

စပါးတင်း ၁၀၀ ငါးသိန်းစျေးဟာ တောင်သူအဆင်ပြေပါ့မလား

ဒါ့အပြင် စပါးကြမ်းခင်းစျေးဟာ သွင်းအားစုစရိတ် ကြီးမားနေပြီး အထွေထွေ ကုန်စျေးနှုန်း မြင့်တက်နေချိန်မှာ တောင်သူများအတွက် စားဝတ်နေရေး အဆင်ပြေရုံသာ ရှိစေမယ့် စျေးနှုန်းတစ်ခုလည်း ဖြစ်နေပါသေးတယ်။ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် စျေးနှုန်းတစ်ခု မဟုတ်သေးပါဘူး။

“စပါးစျေးကို ငါးသိန်းစျေး သတ်မှတ်တာ အဆင်ပြေမလားဆိုတာ အဲဒီမှာ နှစ်ပိုင်းရှိတယ်။ တောင်သူလယ်သမားတွေရဲ့ အပိုင်းပေါ့နော်။ တောင်သူလယ်သမားက ဘာလဲဆိုရင် သူတို့တွေက နံပါတ် (၁) အရည်အသွေးပိုင်းပေါ့။ ထုတ်လုပ်တဲ့အခါမှာ သမားရိုးကျအတိုင်း ထုတ်လုပ်တဲ့အတွက် စပါးက အရည်အသွေး မမီဘူး။ ဒီအတွက်ကြောင့် သူတို့ရဲ့စပါးစျေးက နိုင်ငံတော်က ငါးသိန်းသတ်မှတ်တောင်မှ သူတို့မှာ ငါးသိန်းပေးတဲ့စံနှုန်း ရှိနေရင် ငါးသိန်းဆိုတာက အခုနေ ကုန်သည် စက်ပိုင်တွေက ကောင်းတဲ့ဟာကိုတော့ ငါးသိန်းပေးပြီးတော့ ကြေတဲ့ဟာ ကျရင်တော့ လျှော့ပေးရင် ဘယ်လိုလုပ်မလဲပေါ့။ နွားထီး ငါးကျပ် နွားမ ငါးကျပ် ပေးမလားပေါ့။ ဒီလိုကျတော့ ကုန်သည်စက်ပိုင်တွေက ပေးမှာမဟုတ်ဘူးပေါ့။ နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကလည်း ဒါကအရည်အသွေး ကောင်းမွန်ပြီးတော့ ဖုန်သလဲ ကင်းစင်သောစပါးကို ပေးမယ်လို့ ပြောထားတာပေါ့နော်။ လယ်သမားတွေက အရည်အသွေးမမီတဲ့ စပါးတွေ ထုတ်လုပ်တာဆိုးတယ်။ နောက်အခုလိုပေါ့ စနစ်တကျထုတ်ပြီးတော့ ကွာလတီကောင်းအောင် ထုတ်ပြီးတော့ ငါးသိန်းစျေးရမယ် စပါးအထွက်လည်းကောင်းမယ် ဆိုရင်တောင်မှ ငါးသိန်းစျေး ဆိုတာက စားဝတ်နေရေး ဖူလုံလောက်တာပဲ ရှိပါတယ်။ ပြောရမယ်ဆိုရင် ဧကနည်း လယ်သမားတွေအတွက် ဆိုပိုဆိုးတာပေါ့၊ ကျန်တဲ့လယ်သမား တွေဆိုရင် ဥပမာ မိသားစုက သုံးလေးငါးယောက်ရှိမယ်၊ လယ်ငါးဧကကို မှီခိုပြီး လုပ်မယ်ဆို ငါးသိန်းစျေးဆိုတာ သူတို့အတွက် ဝမ်းဝရုံပဲပေါ့။ လူမှုအဆင့်အတန်းလေး ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းတော့ မရှိနိုင်ဘူး။ ငါးသိန်းစျေး အခြေခံက လယ်သမားတွေ လယ်ယာလုပ်ငန်းကို စိတ်မကုန်သွားရုံပဲ အခြေအနေရှိတယ်” ဟု ဦးဝင်းမြင့်လှိုင်က ဆိုပါတယ်။

စပါးတင်း ၁၀၀ လျှင် ငါးသိန်းအဖြစ် သတ်မှတ်ချက်ဟာ ပြည်တွင်းစားဆန်ကို အဓိကထား စိုက်ပျိုးတဲ့ တောင်သူများ အတွက်တော့ အကျိုးမရှိခဲ့ပါဘူး။ ဥပမာ ပေါ်ဆန်းစပါး စိုက်ပျိုးထားတဲ့ တောင်သူများဟာ ပေါ်ဆန်းစပါးဟာ တင်း ၁၀၀ လျှင် ရှစ်သိန်းခွဲ၊ ကိုးသိန်းခန့်ရှိမှသာ တောင်သူများဟာ အကျိုးဖြစ်ထွန်းပါတယ်။ အခုလက်ရှိ စျေးကွက်အရတော့ ပေါ်ဆန်းစပါး အဟောင်းတောင်မှ တင်း ၁၀၀ ကို ရှစ်သိန်းကျပ်အောက်မှာပဲ ရှိနေပါတယ်။ နေရာတိုင်းမှာ သက်လျင်စပါးများကိုသာ စိုက်ပျိုးကြတာ မဟုတ်ပါဘူး။ တစ်သီးစားသာ စိုက်ပျိုးရသေးတဲ့ နေရာဒေသများစွာ ရှိနေပါတယ်။ ဥပမာ ရေငန်အမြဲဝင်ရောက်ပြီး ရေချိုမရရှိတဲ့ လပွတ္တာ၊ ပြင်စလူ၊ ငပုတောတို့လို မြို့များမှာဆိုရင် တစ်သီးစားအဖြစ် ပေါ်ဆန်းစပါးကိုသာ စိုက်ပျိုးမှုများပါတယ်။ တစ်သီးစား စိုက်ပျိုးမှုကိုသာ အားကိုးရတဲ့တောင်သူ အနေနဲ့ကတော့ ကျဆင်းနေတဲ့ စပါးစျေးနှုန်းမှာ ထိခိုက်မှု များလာနိုင်ပါတယ်။

မြန်မာ့ဆန်အရည်အသွေး ဘာ့ကြောင့် ကျဆင်းလာသလဲ

“လယ်သမားတွေ အားနည်းတာတွေလည်းပါတယ်။ ကုန်သည်တွေ၊ စက်ပိုင်တွေ၊ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေကလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ လယ်သမားတွေကို ဘယ်လိုဆွဲတင်မလဲ ညှိနှိုင်းဆောင်ရွက်တာလည်း အရမ်းအားနည်းတယ်။ ပြောရမယ်ဆိုရင် လယ်သမားစိုက်တဲ့ဟာကိုပဲ ထုတ်လုပ်ပြီးတော့ ရောင်းဖို့လောက်ပဲ စဉ်းစားတယ်။ လယ်သမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီးတော့ပေါ့နော်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ပြောချင်တာကတော့ လယ်သမားတွေကို ကိုယ်စိုက်ချင်တဲ့မျိုးကို သူတို့ကိုပေးပြီးတော့ အဲဒီမျိုးကို အခုလိုပေါ့။ အရည်အသွေးကောင်းအောင် လုပ်ပြီးတော့ ရောင်းမယ်ဆိုလို့ရှိရင် တဖြည်းဖြည်းနဲ့ပေါ့။ စျေးနှုန်းက အခုဆို ရွှေဘိုပေါ်ဆန်းဆို ၁၅ သိန်းလောက်ရတယ်။ တို့ဧရာဝတီပေါ်ဆန်းဆို ၁၀ သိန်းပဲရတယ်။ ဒါပေမဲ့ ရွှေဘိုပေါ်ဆန်းက ရောင်းလို့မလောက်ဘူး။ တို့ဧရာဝတီပေါ်ဆန်းက ရောင်းလို့မရသေးဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ဆိုပါတယ်။

ကုန်သည်၊ စက်ပိုင်၊ လုပ်ငန်းရှင်များဟာ တောင်သူများ စိုက်ပျိုးပြီးသားဖြစ်တဲ့ စပါးများကိုသာ ကုန်ကြမ်းအဖြစ် ဝယ်ယူပြီး ထုတ်လုပ်ရောင်းချနေတာဟာ အစဉ်အလာ တစ်ခုလို ဖြစ်နေပါတယ်။ ကိုယ်လိုချင်တဲ့ ကုန်ကြမ်းကို အရည်အသွေး ပြည့်မီစွာရရှိဖို့ တကယ်ကုန်ကြမ်း ထုတ်လုပ်နေတဲ့ တောင်သူတွေကို ဘယ်လိုစည်းရုံး ပြောဆိုရမယ်။ ဘယ်လိုနည်းလမ်း ပေးရမယ် ဆိုတာကို မေ့ထားကြတာများပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ကလည်း သီးနှံအရည်အသွေး မြင့်တက်ရေး၊ ဓာတုကင်းစင်ရေးတွေသာ လုပ်ဆောင်နေပေမဲ့ တောင်သူအပေါ် တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမယ့် အရာတွေ လုပ်ဆောင်မှု အားနည်းလျက်ပါပဲ။ ဥပမာ မြန်မာနိုင်ငံမှာ လယ်တစ်ဧကအတွက် သွင်းအားစု ကုန်ကျငွေဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ယှဉ်လိုက်ရင် များစွာမြင့်တက် နေပါတယ်။ မူလအရင်းကိုက မြင့်တက်နေမှတော့ အခြားသော နိုင်ငံများနှင့် စျေးနှုန်းယှဉ်ပြီး ရောင်းချဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ အရင်အစိုးရ လက်ထက်မှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့ကြီးများမှာ ဧက ၁၀၀ စံပြစနစ်တကျ လယ်ယာမြေများကို နိုင်ငံတော်ကနေ အကုန်ကျခံ ဖော်ထုတ်ပေးဖူးပါတယ်။ စနစ်ကျ လယ်ယာမြေဆိုတာ တကယ်ကို လိုအပ်ပါတယ်။ မြေသားများ ပြုပြင်ဖြစ်သလို စက်ကိရိယာများ အကူအညီဖြင့် ပျိုးထောင်ခြင်း၊ ဆေးဖျန်းခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ စပါးများ သယ်ယူပို့ဆောင်ခြင်းများကို လုပ်ဆောင်လို့ရပါတယ်။ လုပ်သားရှားပါးလာတဲ့ အချိန်မှာ ဒီလိုလယ်ယာမြေများဟာ ပိုမိုလိုအပ်လာပါတယ်။ စနစ်တကျ လယ်ယာမြေများမှ ထွက်ရှိလာတဲ့ စပါးများသာ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်နိုင်မှာပါ။ ဒါတွေကို နိုင်ငံတော်အနေနဲ့ အကုန်အကျခံ ဖော်ထုတ်ပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာနိုင်ပေမဲ့ မလုပ်ဆောင်နိုင်သေးခင်မှာ တောင်သူများအတွက် အကျိုးရှိစေမဲ့ ဆန်စပါး အထူးပြုကုမ္ပဏီ များစွာကို ခွင့်ပြုပေးပြီး တိကျသေချာသော ဥပဒေများနဲ့ တောင်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်ကာ အကျိုးတူ လယ်ယာမြေကို အသက်သွင်းပေးပါမှ စပါးအရည်အသွေး ပြန်လည်မြင့်တက်လာပြီး ယခုလို မြန်မာ့ဆန်စပါးရဲ့ အကျပ်အတည်းကို ကျော်လွန်နိုင်မှာပါ။

“လက်ရှိ ကျွန်တော်တို့ ဆန်လောကက နိမ့်သွားပြီလေ။ ပြည်ပပို့တော့လည်း အိုင်ဗရီကို့စ်နဲ့ ပြဿနာ တက်သွားတယ်။ နောက် EU ကလည်း ပိုလန်ကိုပို့လိုက်တဲ့ ပေါင်းဆန်လည်း ပြဿနာတက်တယ်။ ပေါင်းဆန်ကတော့ နည်းပါတယ်။ အဲဒီလိုမျိုး ဖြစ်တာသည် ဆန်စပါး အရည်အသွေးတွေ ကျသွားလို့ပဲ။ စပါးတွေက အစိုတွေရိတ်တယ်။ အစိုတွေလှန်းတယ်။ အစိုတွေကို အခြောက်ခံစက်ထဲ ထည့်တယ်။ အစိုဓာတ် မမှန်တာကို အခြောက်ခံစက်ထဲထည့်တော့ ထွက်လာတဲ့ဟာက ခြောက်တဲ့ဟာကခြောက်၊ စိုတာစို ဖြစ်ကုန်တာပေါ့။ အဲဒီတော့ ဆန်စပါးလောကကြီးက လုံးဝဒီမြန်မာဆန်က မကောင်းဘူး ပုံစံမျိုးတွေ ဖြစ်ကုန်တာပေါ့။ အခုအစိုးရက သတ်မှတ်လိုက်တယ်။ ဒီစံချိန်အတိုင်း၊ ဒီပုံစံအတိုင်း ဒီစျေးအတိုင်း ဝယ်ရမယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ ဥပဒေရှိဖို့လည်းလိုတယ်။ နံပါတ် (၁) ဥပဒေ တင်းကျပ်မှလည်းရမယ်။ ဒီပုံစံနဲ့ မဝယ်ဘူးဆိုရင် ဘယ်ဥပဒေနဲ့ တောင်သူလယ်သမား ကာကွယ်ရေး ဥပဒေနဲ့ ဆွဲမယ်ပေါ့ဗျာ။ နယ်တွေမှာ လုပ်မယ်ဆိုရင်တော့ စပါးဝယ်ယူရေး တစ်မျိုးပြောင်းသွား နိုင်တယ်ပေါ့” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းမှ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောပါတယ်။

စပါးကြမ်းခင်းစျေးဟာ တောင်သူတွေ တကယ်ပြေလည်စေမှာလား

စပါးကြမ်းခင်းစျေး ငါးသိန်းသတ်မှတ်ကာ နိုင်ငံတော်က ဝယ်ယူဖို့ လုပ်ဆောင်နေရာမှာ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမှာတော့ သေချာပါတယ်။ ကြေညာချက်ပါ အရည်အသွေး သတ်မှတ်ချက်တွေကတော့ တောင်သူများအတွက် များစွာခက်ခဲပြီး သတ်မှတ်တဲ့ ကြမ်းခင်းစျေးနှုန်း မရရှိဖို့က ပိုများပါတယ်။ ဒါ့အပြင် နိုင်ငံတော်က စိုက်ထုတ်ဝယ်ယူမယ့် ငွေကြေးဟာလည်း နည်းပါးလွန်းပါတယ်။ လက်ကျန်စပါး အဟောင်းများကိုသာ ပြည်ပနိုင်ငံများသို့ တစ်ရာသီစာ စပါးလိုက်ရောင်းချဖို့ကို ပိုမိုပြီးတော့ လုပ်ဆောင်သင့်ပါတယ်။ စပါးတန်ချိန် နှစ်သိန်းကို ပြည်ပကို တရားဝင်တင်ပို့ဖို့ ခွင့်ပြုချက် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာပင် စပါးအဟောင်း တင်းသန်းပေါင်း ၅၀ ကျော် ကျန်ရှိနေပါသေးတယ်။ စျေးကွက်ရှိလာမှသာ ကုန်သည်စက်ပိုင်များကနေ စပါးစျေးနှုန်းကို မြှင့်တင်ဝယ်ယူနိုင်မှာပါ။ စျေးကွက်အသစ် မပေါ်ပေါက်လာသရွှေ့တော့ မလွယ်ကူလှပါဘူး။ ဒါ့အပြင် နိုင်ငံတကာက လက်ခံနိုင်သော စပါးအရည်အသွေး ဖြစ်ဖို့ဆိုတာ တကယ်မြေပြင်မှာ ကုန်ကြမ်းထုတ်လုပ်နေတဲ့ တောင်သူလယ်သမားများက အရေးကြီးပုဂ္ဂိုလ်များပါ။ တကယ်ထုတ်လုပ် လုပ်ကိုင်နေတဲ့ တောင်သူလယ်သမားရဲ့ လယ်ယာမြေများကို ပြုပြင်ပေးရေး၊ စျေးကွက်ဝင် စပါးမျိုးသန့်များကို အမှန်တကယ် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူလယ်သမား တိုက်ရိုက်အခြေပြု ကုမ္ပဏီများက စီမံကိန်းများကို အသေအချာရေးဆွဲ လုပ်ဆောင်မှသာလျှင် မြန်မာ့ဆန်စပါးရဲ့ နေဝင်ချိန်ကို ကယ်တင်နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် စပါးစျေးနှုန်း ကြမ်းခင်းစျေး သတ်မှတ်ဝယ်ယူခြင်းဟာ တစ်ရာသီစာအတွက် ဆေးမြီးတိုသာ ဖြစ်သွားနိုင်ပါတယ်။

Most Read

Most Recent