မြစ်တွေကို လူတွေလိုသဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

မြစ်တွေကို လူတွေလိုသဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ
Published 17 October 2019
မင်းချစ်နိုင်

“မြစ်တွေမှာ အသက်ရှိတယ်။ ဒီရေ အတက်အကျလုပ်ရင်း သူတို့ အသက်ရှူနေကြရတယ်။ သူတို့ဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာစီးဆင်းရင်း လူတွေကို ပျော်ပျော်ရွှင်ရွှင် အထောက်အကူပြုနေကြတယ်။ အခုနောက်ပိုင်းလူတွေက မြစ်တွေညစ်ညမ်းအောင်၊ ရေစီးရေလာ ပျက်စီးအောင် လုပ်ကြတော့ မြစ်တွေခမျာ အသက်ကို ပုံမှန်မရှူနိုင်ကြတော့ဘူး။ အသက်ရှူကျပ်နေကြရတယ်။ ရှေ့ဆက်ရှင်သန်ဖို့ ခက်ခဲနေကြရတယ်။ အဲဒါကို အသိဉာဏ်ရှိသူတိုင်း စာနာနားလည်ဖို့ လိုပါတယ်” အတိအကျမဟုတ်ပေမယ့် အဲဒါနဲ့ အဓိပ္ပာယ်တူညီတဲ့ စကားတွေကို စာရေးသူသတင်းထောက်ဘဝက သစ်တောပညာရှင် ဦးအုန်းဆီက ကြားခဲ့ရတာပါ။ အခုသစ်တောပညာရှင် ဦးအုန်း (စာရေးသူကတော့ အဘတစ်ယောက်လို ချစ်ခင်လို့ အဘလို့ ခေါ်ပါတယ်) မရှိတော့ပေမဲ့ တိုက်ဆိုင်တိုင်း စာရေးသူ သတိရနေမိတယ်။ အခုလည်း တိုက်ဆိုင်လာလို့ အဘဦးအုန်းရဲ့စကားကို သတိရနေမိပြန်တယ်။ အကြောင်းကတော့ အောက်တိုဘာ ၁၁ ရက်က မြန်မာအစိမ်းရောင်ကွန်ရက်တာဝန်ခံ ဒေါ်ဒေဝီသန့်စင် (ဒေါ်လေး)နဲ့ ရောက်တတ်ရာရာ စကားပြောဖြစ်ရင်း မြစ်တွေအကြောင်း ရောက်သွားတာကနေ စတာပါ။ ဒေါ်လေးက နိုင်ငံတကာမှာ မြစ်တွေကို သက်ရှိတွေလို သဘောထားပြီး ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ကြတဲ့အကြောင်းတွေ ပြောပြတယ်။ စာရေးသူလည်း စိတ်ဝင်တစားနားထောင်ရင်း သစ်တောပညာရှင် အဘဦးအုန်းပြောတာလေးကို သတိရသွားမိတာပါ။

၂၀၁၉ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ စာရေးသူ ဖတ်ခဲ့ရတဲ့ သတင်းတစ်ပုဒ်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြစ်တွေကို သက်ရှိလူပုဂ္ဂိုလ်တွေရရှိထားတဲ့ အဆင့်အတန်းနဲ့ အခွင့်အရေးတွေအတိုင်း ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်သွားမယ်လို့ ဘင်္ဂလား ဒေ့ရှ်အထက်တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မြစ်၊ ချောင်း၊ မြစ်လက်တက်၊ ချောင်းလက်တက်တွေ ထောင်နှင့်ချီရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုလံဘီယာ၊ အိန္ဒိယ၊ နယူးဇီလန်နိုင်ငံတွေပြီးရင် နိုင်ငံတွင်းရှိ မြစ်တွေကို အထူးကာကွယ်စောင့်ရှောက်မှုပေးထားတဲ့ စတုတ္ထမြောက် နိုင်ငံဖြစ်လာပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထက်တရားရုံးက မြစ်တွေရဲ့ရေလမ်းကြောင်းအားလုံးကို တရားဝင်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ မြစ်ထိန်းသိမ်းမှုကော်မရှင်ကို တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။ ဒါဟာ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်နေတဲ့ အခြားနိုင်ငံတွေလည်း ရှိပါသေးတယ်။ အဲဒီနိုင်ငံတွေအကြောင်းလည်း လက်လှမ်းမီသလောက် အကျဉ်းချုပ်ဖော်ပြချင်ပါတယ်။ ပထမဆုံးအနေနဲ့ နယူးဇီလန်နိုင်ငံအကြောင်း ပြောချင်ပါတယ်။ နယူးဇီလန်ပါလီမန်ဟာ ၂၀၁၇ ခုနှစ် မတ် ၁၄ ရက်မှာ TeAwa Tupua (Whanganui River) ဆိုင်ရာ ဥပဒေအရ မြစ်တစ်စင်းကို ကာကွယ်ဖို့အတွက် မဲပေးခဲ့ကြတယ်။ အခုအချိန်မှာတော့ မြစ်တွေကို လူသားတွေကဲ့သို့ အသိအမှတ်ပြုထားပြီး လူသားတွေကဲ့သို့ အခွင့်အရေး၊ အာဏာ၊ တာဝန်နဲ့ဝတ္တရားတွေ ပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ ဒါကြောင့် မြစ်တွေကို အလွဲသုံးစားလုပ်ရင် လူတွေကို အလွဲသုံးစားလုပ်သလိုပဲ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ သဘောပါပဲ။ လူတွေကို သတ်မှမဟုတ်ပါဘူး၊ မြစ်တွေကိုသတ်ရင်လည်း လူသတ်မှုမြောက်တဲ့အဓိပ္ပာယ်ပါပဲ။ သူတို့ရဲ့ မြစ်တွေအပေါ် တန်ဖိုးထားမှုက ကြက်သီးထစရာ ကောင်းလှပါတယ်။

နောက်ပြီးတော့ အိန္ဒိယနိုင်ငံ။ သူလည်း နယူးဇီလန်နိုင်ငံလိုပါပဲ။ ဟိန္ဒူဘာသာအရ သန့်ရှင်းတယ်လို့ သတ်မှတ်ထားတဲ့ ဂင်္ဂါမြစ်၊ ယမုံနာမြစ်နဲ့ မြစ်လက်တက်တွေကို လူသားတစ်ဦးကဲ့သို့ တူညီတဲ့ တရားဝင်အခွင့်အရေးတွေရှိတယ်လို့  ဥတ္တရခန့်ပြည်နယ် အထက်လွှတ်တော်က ၂၀၁၇ ခုနှစ် မတ်လမှာ ကြေညာခဲ့ပါတယ်။ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ခဲ့ပါတယ်။ နောက် ကိုလံဘီယာနိုင်ငံမှာရော အဲဒီလိုပါပဲ။ ၂၀၁၇ ခုနှစ် မေလမှာ ကိုလံဘီယာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကနေ အာထရာတိုမြစ်ကို ကာကွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးနဲ့ ပြုပြင်ကုစားရေးဆိုင်ရာ အခွင့်အရေးတွေ ပေးအပ်ခဲ့ပြီး လူသားတွေနဲ့ တူညီစွာအသိ အမှတ်ပြုခဲ့ပါတယ်။ မြစ်တွေကို လူသားတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ခဲ့တယ်။ မြစ်ကို ထိခိုက်အောင် လုပ်တဲ့သူတွေကို ဥပဒေနဲ့အညီ တရားစွဲဆို အပြစ်ပေးခဲ့ကြတယ်။

ကမ္ဘာတစ်ဝန်းမှာ မြစ်တွေဟာ ရွှေ၊ ငွေ၊ သဲ၊ ကျောက်စရစ် တူးဖော်ခြင်း၊ စက်ရုံအလုပ်ရုံထွက် စွန့်ပစ်အညစ်အကြေးတွေ အဆမတန်များပြားလာခြင်းတွေအပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရပါတယ်။ အဲဒီဒဏ်တွေကြောင့် တချို့မြစ်တွေဆိုရင် လုံးဝပျောက်ကွယ်သွားကြပြီး တချို့မြစ်တွေဆိုရင် ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေပါတယ်။ မြစ်အများစုကတော့ သောင်တွေထွန်းပြီး ရေစီးရေလာမကောင်းတော့တာ၊ ရေထုညစ်ညမ်းတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအတွက်လည်း နယူးဇီလန်၊ ကိုလံဘီယာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ မြစ်ရေကို ညစ်ညမ်းအောင် လုပ်ဆောင်သူတွေ၊ ပျက်စီးအောင် လုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆောင်ရွက်ခဲ့ကြတာပါ။ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အတုယူဆောင်ရွက်သင့်ပါတယ်။ လူတွေကို ကာကွယ်စောင့်ရှောက်တဲ့အတိုင်း မြစ်တွေကိုလည်း ကာကွယ်စောင့်ရှောက်ကြစေချင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို မြစ်တွေအပေါ် အမှီပြုနေထိုင်ရတဲ့ နိုင်ငံတွေမှာ ပိုပြီးလုပ်ဆောင်သင့်ပါတယ်။

ကမ္ဘာပေါ်မှာ ရေချိုသတ္တဝါမျိုးစိတ်ပမာဏဟာ ၈၃ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး ကုန်းနေနဲ့ ပင်လယ်သတ္တဝါတွေရဲ့ လျော့ကျသွားမှုပမာဏက နှစ်ဆကျော်အထိ ရှိခဲ့ပါတယ်။ မြစ်တွေဟာ လူသားတွေအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စားနပ်ရိက္ခာဖူလုံမှုနဲ့ တခြားကောင်းကျိုးများစွာကို ပေးပါတယ်။ ကမ္ဘာတစ်ဝန်းက လူဦးရေ နှစ်ဘီလျံဟာ သောက်ရေအတွက် မြစ်တွေအပေါ် မှီခိုနေပြီး ကမ္ဘာ့အစားအစာ ထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းဟာလည်း မြစ်တွေဆီကနေ ဆည်မြောင်းသွယ်ယူပြီး စိုက်ပျိုးထုတ်လုပ်နေရတာပါ။ ဒါ့အပြင် မြစ်တွေထဲကနေ နှစ်စဉ်ဖမ်းမိတဲ့  တန်ချိန် ၁၂  သန်းလောက် အနည်းဆုံးရှိတဲ့ ရေချိုငါးတွေဟာ သန်းရာနဲ့ချီတဲ့ လူသားတွေအတွက် အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထောက်ပံ့ပေးနေပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့မြစ်တွေ၊ ကန်တွေကို ကာကွယ်ဖို့ လူသားတွေဟာ ဘာကြောင့် ပျက်ကွက်ခဲ့သလဲဆိုတာ အံ့သြစရာပါပဲ။

သိပ္ပံပညာရှင်တွေဟာ သူတို့လေ့လာတွေ့ရှိထားတဲ့ ကမ္ဘာ့မြစ်တွေရဲ့ အခြေအနေကို နိုင်ငံတကာ သိပ္ပံပညာဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်တဲ့ Nature ကနေတစ်ဆင့် အကျယ်တဝင့် နှိုင်းယှဉ်ပြသခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ ၁၀၀၀ ကီလိုမီတာထက် ပိုရှည်တဲ့ မြစ်တွေရဲ့ ၃၇ ရာခိုင်နှုန်းပဲ မြစ်ကြောင်းတစ်လျှောက် လွတ်လပ်စွာ စီးဆင်းနေနိုင်ပြီး ၂၃ ရာခိုင်နှုန်းပဲ ပင်လယ်ထဲကို အတားအဆီးမရှိဘဲ စီးဆင်းနေနိုင်ပါတော့တယ်။ အဲဒီမြစ်တွေထဲက အများစုကတော့ လူသူအရောက်အပေါက်နည်းသေးတဲ့ အာတိတ်၊ အမေဇုန်နဲ့ ကွန်ဂိုမြစ်ဝှမ်းတို့မှာ တည်ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့ တခြားဒေသတွေနဲ့ မတူတဲ့ အနေအထားအရ ဧရာဝတီနဲ့ သံလွင်မြစ်နှစ်စင်းကို ပိုင်ဆိုင်နေပါတယ်။ အဲဒီမြစ်နှစ်စင်းဟာ အပူပိုင်းအာရှဒေသရဲ့ နောက်ဆုံးကျန်ရှိတဲ့ အတားအဆီးမရှိဘဲ စီးဆင်းနေနိုင်ဆဲ မြစ်ကြီးတွေ ဖြစ်ကြပါတယ်။

ဧရာဝတီနဲ့ သံလွင်မြစ်ကြီးတွေဟာ နိုင်ငံသားတွေ နေ့စဉ်စားသောက်ဖို့လိုအပ်တဲ့ သောက်သုံးရေ၊ ဆန်စပါးနဲ့ ငါးပုစွန်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေရဲ့ ဘဝရှင်သန်မှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံရဲ့ အသက်သွေးကြောမြစ်တွေကို နိုင်ငံသားတွေက ဘာလို့ကာကွယ်ထိန်းသိမ်းဖို့ မလုပ်နိုင်ကြသေးတာလဲ ဆိုတာကတော့ အံ့သြစရာပါပဲ။ တကယ်တော့အခုအချိန်ဟာ အဲဒီ “အံသြစရာပါပဲ” ဆိုတဲ့ အခြေအနေကို ကျော်ဖြတ်ရမယ့် အချိန်ရောက်ပါပြီ။ တစ်နည်းဆိုရရင် ဧရာဝတီ၊ သံလွင်နဲ့ ကမ္ဘာအနှံ့ကမြစ်တွေရဲ့ ကံကြမ္မာကို သတ်မှတ်ဖို့အတွက်အရေးကြီးတဲ့ချိန်ကို ရောက်နေပါပြီ။ အရမ်းနောက်မကျသေးခင်မှာ စာရေးသူတို့ မြန်မာပြည်သူတွေအနေနဲ့ မြစ်တွေရဲ့တန်ဖိုးကို အပြည့်အဝနားလည်ဖို့နဲ့ အကာအကွယ်ပေးဖို့လိုပါတယ်။

အချုပ်ဆိုရရင် မြန်မာပြည်နဲ့ ပြည်သူပြည်သားတွေဟာ မြစ်တွေကိုအမှီပြုပြီး အသက်ရှင်သန် ရပ်တည်နေရတာပါ။ ထင်သာမြင်သာအောင် ပြောရရင် ဧရာဝတီမြစ်ကြီးရှိခဲ့လို့ မြန်မာပြည်ကြီးရှိခဲ့တယ်။ မြန်မာပြည်ကြီးရှိခဲ့လို့ မြန်မာပြည်သူတွေရှိခဲ့တယ်။ မြန်မာပြည်သူတွေဟာ ဧရာဝတီမြစ်ကြီးအပါအဝင် မြစ်တွေကြောင့် အသက်ရှင်ရပ်တည်ပြီး သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက်ကို ဖြတ်သန်းခဲ့ကြတယ်။ အဲဒီမြစ်တွေသာ မရှိခဲ့ရင်၊ မရှိတော့ရင် မြန်မာပြည်နဲ့ မြန်မာပြည်သူတွေလည်းရှိမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံတော်အစိုးရအပါအဝင် ပြည်သူတစ်ရပ်လုံးအနေနဲ့ မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။  

Most Read

Most Recent