နိမ့်ကျသောပညာရေးနှင့် ပြုပြင်ရန်လိုနေသည့်ကဏ္ဍ

နိမ့်ကျသောပညာရေးနှင့် ပြုပြင်ရန်လိုနေသည့်ကဏ္ဍ
Published 14 October 2019

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပဲခူးတိုင်းဝန်ကြီးချုပ်က ကျောင်းဆရာ ဆရာမများနှင့် ပတ်သက်၍ ပြောကြားမှု တစ်ခုကြောင့် ပညာရေး အသိုင်းအဝိုင်းတွင်သာမက လူအများကြားတွင် ဝေဖန်စရာဖြစ်ခဲ့ရသည်။ “ဝန်ထမ်းအိမ်ရာ မရှိတာ ကောင်းတယ်။ ဆရာဆရာမတွေ ရပ်ထဲရွာထဲ နေတဲ့အခါကျ ဒီက ရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ။ အဲဒါမှ ထွက်မသွားမှာလေ။ နယ်ပြောင်းသွားရင် လိုအပ်ချက်တွေ ဖြစ်သွားမယ်။ လူငယ်လေးတွေက လိုက်ပြီး ရည်းစားစကားပြော။ အဲဒါမှ မြဲမှာ”ဟု ၎င်း၏ ပြောကြားချက် ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီး ယင်းသို့ပြောကြားမှုအတွက် သက်ဆိုင်ရာ ဆရာမများအား လူသိရှင်ကြား ပြန်လည်တောင်းပန်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခက်အခဲများကို စိတ်ရင်းစေတနာဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်ကလည်း  ကြေညာချက်တစ်စောင် ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ်၏ ပြောကြားမှုနှင့် ပတ်သက်၍ ဝေဖန်စရာ အကြောင်းအရာများသည် ခေတ်အဆက်ဆက် နိုင်ငံ၏ ပညာရေးအခြေအနေနှင့် ပကတိပြုပြင်ပြောင်းလဲရန် လိုနေသည့် ကိစ္စရပ်များအပေါ် တာဝန်ရှိသူများ သတိပြုလုပ်ဆောင်နိုင်ရန် များစွာအရေးကြီးသည်။

ပညာရေးသည် ဆင်းရဲသော တိုင်းပြည်တစ်ခု နာလန်ပြန်လည်ထူနိုင်ရေးအတွက် အဓိက အရေးပါဆုံးသော ကဏ္ဍပင်ဖြစ်သည်။ ယခုအချိန်တွင် တိုင်းပြည် ဆင်းရဲနိမ့်ကျနေရခြင်းမှာ ပညာရေး နိမ့်ကျနေခြင်းကြောင့် ဖြစ်သည်ဟုဆိုလျှင် မငြင်းနိုင်ပါ။ ကျယ်ကျယ် ပြန့်ပြန့်ဆိုလျှင် နိုင်ငံရေးသည် ကျောင်းခန်းထဲမှလာ၍ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီး၍ မှန်ကန်သော ပြောင်းလဲမှုကို လုပ်ခဲ့ကြသည့် ခေါင်းဆောင်များသည် ပညာရေးတိုးတက်စေရန် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်ခွင် ့နိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာကြွယ်ဝမှုကို အတားအဆီး ဖြစ်စေနိုင်ကြောင်း စစ်တမ်းများကလည်း ဖော်ပြကြပြီး ပညာသင်ကြားနိုင်သော အခွင့်အလမ်းနည်းပါးလျှင် ဆင်းရဲမွဲတေမှု လျှော့ချရေးကို နှေးကွေးသွားစေနိုင်သည်။ လေ့လာချက်များတွင် အရွယ်ရောက်ပြီးသူ အားလုံး နောက်ထပ်နှစ်နှစ် ကျောင်းနေရပါက သို့မဟုတ် အထက်တန်းပညာရေးကို ပြီးဆုံးအောင် သင်ရပါက လူပေါင်း သန်း ၆၀ နီးပါးကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်သည်ဟု ဆိုကြသည်။ ယင်းသို့သော လေ့လာချက်၌ စီးပွားရေးကြီးထွားမှုသည် လူတစ်ဦးချင်းစီ၏ ဝင်ငွေများကို တိုးတက်စေကြောင်း ပါရှိသည်။ ပညာရေးသည် ဘဝ၏ အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်သောကြောင့် ဘဝအောင်မြင်ရေးအတွက် ပညာရေးက အရေးကြီးပြီး ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ပညာရေးသည် အမြဲတစေ အစမ်းသပ်ခံ ဖြစ်နေသည်ဟု လူထုကမြင်လျှင် မကောင်းနိုင်ပေ။ သို့ဖြစ်ရာ မြန်မာနိုင်ငံအတွက် အရေးကြီးသော ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရာတွင်  ယခင်ကကဲ့သို့ အစမ်းသပ်ခံ ကာလများအဖြစ်သာ လုံးချာလိုက်ပြီး ရလဒ်ကောင်း မရှိဟူသည့် အခြေအနေမျိုးကို အဆုံးသတ်ရန် လိုနေပေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အာဏာပိုင်တို့က ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ရာ၌  အပြောင်းအလဲမများသော တည်ငြိမ်၍ ခိုင်မာသင့်တော်သည့် မူဝါဒမျိုး ချမှတ်နိုင်ရန် အရေးကြီးမည် ဖြစ်သည်။

မြန်မာ့ပညာရေးသည် ၈၈ အရေးတော်ပုံ နောက်ပိုင်းတွင် ဆိုးရွားစွာ ကျဆင်းသွားခဲ့ရသည်။ ကျောင်းသား ဆန္ဒပြမှုများမှနေ၍ ၈၈၈၈ အရေးတော်ပုံ ပေါ်ပေါက်လာခြင်းကြောင့် တက္ကသိုလ်များအားလုံးကို နှစ်နှစ်အထိ ပိတ်ထားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပညာရေးစနစ် ချည့်နဲ့သွားစေရန် တမင်ရည်ရွယ်ပုံရသည့် ပုံစံသစ် တစ်ရပ်ကို မိတ်ဆက်ခဲ့ပြန်သည်။ အစိုးရသည် ကျောင်းသားဆန္ဒပြမှုများကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကို တုံ့ပြန်သောအားဖြင့် ပညာသင်နှစ် အသီးသီးအတွက် ခြောက်လသာ သင်ရသည့် စနစ်မျိုးကို မိတ်ဆက်ခဲ့ပြန်သည်။ တက္ကသိုလ်နှင့် ကောလိပ်များကို ပုံမှန်ဖွင့်သည့်၊ ပိတ်သည့်ရက်များ သတ်မှတ်ထားခြင်း မရှိတော့ပေ။ ၁၉၉၆ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့၌ ဖြစ်ပွားသည့် ကျောင်းသား ဆန္ဒပြမှုများကြောင့် တက္ကသိုလ်ကျောင်းများကို နောက်ထပ် သုံးနှစ် ပိတ်ခဲ့ပြန်သည်။ ၁၉၉၉ ခုနှစ်၌ တက္ကသိုလ်နှင့် ကောလိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အစိုးရသည် တက္ကသိုလ်ကျောင်းများကို နေရာပေါင်းများစွာ၌ တမင်ခွဲဖြန့်ကာ ချထားခဲ့သည်။ အချို့တက္ကသိုလ်များကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ အောက်သို့ ရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့ပညာရေးသည် နိုင်ငံတကာ အဆင့်အတန်းသို့ ရောက်ရှိနေကြောင်းနှင့် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၁၅၆ ခုကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ယနေ့ခေတ် မြန်မာ့ပညာရေးကို အမှန်အတိုင်း ကြည့်ပါက နိုင်ငံတကာ ပညာရေးစံနှုန်းများအရ များစွာ နောက်ကျကျန်နေပြီ ဖြစ်သည်။ အလွတ်ကျက်ပညာရေး၊ ကောင်းစွာ လေ့ကျင့်ပေးထားခြင်း မရှိသည့် ဆရာများ၊ ခေတ်မမီတော့သည့် ရင်းမြစ်များကိုသာ အသုံးပြုနေရခြင်းတို့ကိုသာ တွေ့ရှိရမည် ဖြစ်သည်။ ၎င်းအပြင် ကျောင်း၌ ပညာသင်ကြားရုံ သက်သက်က လုံလောက်ခြင်းမရှိဟု ယူဆလာကြသောကြောင့်  ကျောင်းချိန်ပြီးနောက် ကျူရှင်တက်ရခြင်း ဒုက္ခများကလည်း ကြောက်ခမန်းလိလိ ကြီးထွားလာခဲ့သည်။

မည်သို့ပင်ဆိုစေ နိုင်ငံတကာ အဆင့်အတန်းများ နောက်များစွာ ကျန်ခဲ့ပြီဖြစ်သည့် ယိုယွင်းနေသည့် မြန်မာ့ပညာရေး အဆောက်အအုံကို ကောင်းစွာပြုပြင်နိုင်ခြင်း မရှိပါက မြန်မာနိုင်ငံသည် ကဏ္ဍတိုင်း၌ များစွာ နောက်တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်သာ ဆက်လက်တည်ရှိနေဦးမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာ က ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာအာဘော်

 

Most Read

Most Recent