သဒ္ဓါတရား လွှမ်းခြုံထားတဲ့ အင်းဒေသရဲ့ ရှေးပွဲတော်

သဒ္ဓါတရား လွှမ်းခြုံထားတဲ့ အင်းဒေသရဲ့ ရှေးပွဲတော်
အင်းလေး ဖောင်တော်ဦးဘုရား အပူဇော်ခံပွဲ ၁၀ ရက်မြောက်နေ့တွင် ညောင်ရွှေကျောင်းတော်မှ မိုင်းသောက်ကျောင်းသို့ ကြွချီစဉ် (ဓာတ်ပုံ-စည်သာ)
အင်းလေး ဖောင်တော်ဦးဘုရား အပူဇော်ခံပွဲ ၁၀ ရက်မြောက်နေ့တွင် ညောင်ရွှေကျောင်းတော်မှ မိုင်းသောက်ကျောင်းသို့ ကြွချီစဉ် (ဓာတ်ပုံ-စည်သာ)
Published 13 October 2019
စည်သာ (တောင်ကြီး)

မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ကန်ကြီး တစ်ကန်ဖြစ်တဲ့ အင်းလေးကန်ဟာ ထူးခြားဆန်းပြားမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် နေ့စဉ်နဲ့အမျှ နိုင်ငံခြားသား ခရီးသည်များ အမြဲမပြတ် လာရောက်လည်ပတ် လေ့လာကြရတဲ့ ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ပြယုဂ်တစ်ခုလည်းဖြစ်ပြီး ပုဂံပြီးရင် ဒုတိယ လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ကာ မြန်မာနိုင်ငံရဲ့ မျက်နှာဖုံးတစ်ခု ဖြစ်သလို တစ်ဖက်ကကြည့်မယ်ဆိုရင် တည်နေရာဟာ အလယ်တည့်တည့် ရှိတာကြောင့် နိုင်ငံရဲ့ အသည်းနှလုံးလို့ တင်စားခေါ်ဝေါ်ကြတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ အထင်ရှားဆုံးနဲ့ ရက်အရှည်ဆုံး ပွဲတော်တစ်ခုဖြစ်တဲ့ အင်းလေးကန် ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကပင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ကာ ယနေ့အချိန်ထိ နှစ်စဉ်မပြတ်ကျင်းပခဲ့ပြီး ဘုရားရောက်ရှိတဲ့ ဌာနတစ်ခုချင်းစီတိုင်းမှာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။

အင်းလေးကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၀၀ ကျော် မြင့်မားတဲ့ နေရာမှာရှိနေတဲ့ တောင်ပေါ် အင်းအိုင်ကြီးတစ်ခုဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ တောင်ပေါ် အင်းအိုင် လူနေထိုင်မှုဖြစ်စဉ် အင်မတန်ရှားပါးပြီး ထူးခြားလှပါတယ်။ အခြားနိုင်ငံတွေမှာ လှေကို လက်နဲ့လှော်ပေမယ့် အင်းလေးမှာတော့ လှေကို ခြေထောက်နဲ့ ထူးခြားစွာ လှော်ခတ်ပြီး ယနေ့ချိန်ထိ ထိုလှော်ခတ်ဟန်ကို ဘယ်သူမှ အတုခိုးလို့ မရသေးပါဘူး။

ယခင်က အရှေ့တောင်အာရှမှာ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်ခဲ့ဖူးတဲ့ လောပိတ ရေအားလျှပ်စစ် ထုတ်လုပ်သော စက်ရုံအတွက် အဓိကရေအရင်းအမြစ် ထောက်ပံ့ပေးသော ရေလှောင်ကန် တစ်ခုဖြစ်ပြီး ယခုအခါမှာတော့ အင်းလေးကန်ဟာ တဖြည်းဖြည်း တိမ်ကောလာတဲ့အတွက် အားလုံး လက်တွဲကူညီပြီး ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်လာတာလည်း ဖြစ်ပါတယ်။

အင်းဒေသလို့ ဘာကြောင့် ပြောတာလဲဆိုရင် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်တို့နဲ့လည်း ထိစပ်နေပြီး ညောင်ရွှေအင်း၊ စံကားအင်း ၊ မိုးဗြဲအင်းဆိုပြီး ဆက်စပ်ဧရိယာ တစ်ဝိုက်လုံးကို အင်းဒေသလို့ ခေါ်ဆိုကာ အင်းဒေသ ဆက်စပ်နေတဲ့ မြို့နယ်ပေါင်း ၁၀ မြို့နယ် ရှိခြင်းဖြစ်ပါတယ်။ ခုဆိုရင် WETLAND လို့ခေါ်တဲ့ ရေဝပ် (ရေတိမ်) ဒေသ၊ ဗွက်နွံများဖြင့် စိမ့်ဒေသလို့ ခေါ်ဆိုတဲ့ အင်းလေးကန်ဟာ မြန်မာနိုင်ငံတွင် ငါးခုမြောက် ရမ်ဆာ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခံရပြီးဖြစ်ကာ နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ် လေးကြိမ်တိုင်တိုင် ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့် ထိန်းသိမ်းရေး နယ်မြေများအဖြစ် လေးကြိမ် သတ်မှတ်ခံထားရပြီး ၎င်းတို့မှာ (၁) ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park)၊ (၂) ၂၀၀၄ ခုနှစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ (Important Bird and Biodiversity Area-IBA)၊ (၃) ၂၀၁၅ ခုနှစ်တွင် ယူနက်စကို၏ လူသား နှင့် ဇီဝအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Reserve Programme- MAB) တွင် ပါဝင်သည့် အင်းလေးကန် ဇီဝအဝန်းနယ်မြေ (Biosphere Reserve) တို့အဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်သည်။

   စေတနာ သဒ္ဓါတရား မြင့်မားတဲ့ တို့အမ်းဆား (အင်းသား)

မြန်မာတစ်နိုင်ငံလုံးမှာ အင်းသားတွေရဲ့ စေတနာ သဒ္ဓါတရားနဲ့ ဘာသာတရား ရိုသေကိုင်းရှိုင်းမှုကို ဘယ်သူမှ မီမယ် မထင်ပါဘူး။ တကယ့်ကို တက်ညီလက်ညီ ဇွဲနဘဲအပြည့်နဲ့ အင်တိုက်အားတိုက် ကြိုးစားကြတာ ရဟန်း သံဃာတော်တွေနဲ့ အင်းသား တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ဘယ်သူမှ မမှီလောက်ပါဘူး။

ပွဲတော်ကာလ ၁၈ ရက်အတွင်းမှာ အင်းလေး ၂၁ ဌာန လှည့်လည် အပူဇော်ခံရာတွင် ပွဲအစမှ ပွဲအဆုံးထိ တစ်ရက်ကလေးမှ မညီးမညူစတမ်း အင်းသားတိုင်းရင်းသားတို့ဟာ အင်အားပြည့် ဘုရားဆွဲလှေကို လူကိုယ်တိုင် လာရောက်ကြပြီး လုပ်အားဒါန ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါတယ်။ ရောက်ရှိရာ ဌာနတိုင်းမှာလည်း ကလေး၊ သူငယ်၊ အရွယ်မရွေး လူတိုင်း ဘုရားကို ရိုသေမြတ်နိုး လက်စုံမိုးပြီး ဝပ်တွားခယ ပူဇော်ကန်တော့ကြတာက အစ၊ မနက်စောစောထပြီး ဆွမ်တော်တင်ခြင်း၊ ဘုရားကို လိုက်လံ ပို့ဆောင်ခြင်းတွေမှာလည်း သက်ရှိထင်ရှား ဘုရားတစ်ဆူကို ပြုစုလုပ်ကျွေးဘိသကဲ့သို့ အလုပ်အကျွေး ပြုစုခြင်း ဖြစ်ပါတယ်။

ဘုရားကြွချီရာ နေရာဌာနတစ်ခုကို ဆွဲလှေ အနည်းဆုံး ၂၀ ကနေ အများဆုံးဖြစ်တဲ့ ကြေးစားကုန်းမှာတော့ ဆွဲလှေပေါင်း ၇၃ စင်းတိတိ လိုက်လံပို့ဆောင်ကြခြင်း ဖြစ်ပါတယ်။ ဆွဲလှေတစ်စင်းကို လူ ၁၀၀ ခန့် စီးနင်းလိုက်ပါပြီး ဆွဲလှေ ၇၀ ကျော်လျှင် လူဦးရေ ၇၀၀၀ ကျော်ဖြစ်ပြီး အခြားဧည့်ပရိသတ်များ ထည့်တွက်လျှင် လူဦးရေ သောင်းနှင့်ချီ၍ တက်ညီလက်ညီ ရိုးရာပွဲတော်ကို နှစ်စဉ်မပြတ် ဆင်နွဲကျင်းပနေကြခြင်းလည်း ဖြစ်ပါတယ်။

အင်းသားတို့ရဲ့ စေတနာ သဒ္ဓါတရား ထက်သန်ကြီးမားပုံမှာ ၂၀၁၈ ခုနှစ် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံရာတွင် စုစုပေါင်း ရွှေစင်ရွှေပြားပေါင်း ရွှေသား ၅၀ ကျပ်သားကျော် ရုပ်ပွားတော်မြတ် လေးဆူကို ကပ်လှူခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးဧည့်သည်များ ကပ်လှူသော ရွှေဆိုင်းများ ပါဝင်ခြင်း မရှိသေးကြောင်း သိရတယ်။

မိမိတို့ ဒေသကို ဘုရားကြွရောက်မယ့် အရေးကို ညဘက် မအိပ်တမ်း စောင့်ကြပြီးတော့ ဆွဲလှေများကို မီးဆိုင်းများဖြင့် အလှဆင်ပြီးတော့ ပျော်ရွှင်နေကြပါပြီ။ ဘုရားဆွဲ လှေကြီးများကို လုပ်အားဒါန ပြုကြရာမှာလည်း အားလုံးပျော်ရွှင်စွာဖြင့် တက်ညီလက်ညီ လှော်ခတ်ကြကာ တပျော်တပါးနဲ့ ဘုရားကို မိမိတို့ရွာထံ ပင့်ဆောင်သွားကြတာ ဖြစ်ပါတယ်။ အင်းတောင်ပိုင်းကဆိုရင် မနက် ၃ နာရီလောက် ထပြီးတော့ လှော်ခတ်လာရတာ ဖြစ်လို့ ဘုရားဆွဲလှေကို မီးအလှဆိုင်းများဖြင့် ဆင်ပြီး သွားလာရခြင်း ဖြစ်ပါတယ်။

မိုင်းသောက်အင်း ကျေးရွာမှာဆိုရင် ဘုရားကြွရက် မဟုတ်ဘဲ အခြားရက်တွေမှာလည်း မနက်မိုးလင်းချိန် အိမ်ကနေ ဆွမ်းတော်အုပ်လေးနဲ့ စေတီတော်ဘုရားရှိရာကို ဆွမ်းလာကပ်ကြတာ ရွာရဲ့ အလေ့အထ တစ်ခုလို ဖြစ်နေပါတယ်။ အဲဒီလို မနက်ပိုင်း ဆွမ်းကပ်ခြင်းဟာ နိစ္စဘတ် ကုသိုလ်တရား တိုးပွားစေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ခြင်း၊ လူမှုရေးအတွက်လည်း ကောင်းပြီး ရွာရဲ့ စည်းလုံးညီညွတ်မှုလည်း တိုးတက်စေတာ အမှန်ဖြစ်ပါတယ်။

    အဖိုးတန် ဘုရားဆွဲလှေ

ကျွန်းသစ်ဖြင့် ပြုလုပ်သော ဘုရားဆွဲလှေများဟာ လူ ၁၀၀ ကျော် လိုက်ပါစီးနင်းရခြင်းဖြစ်ပြီး သိန်းပေါင်း ၁၀၀ ကျော် ကုန်ကျစရိတ်ရှိတာကြောင့် ဘုရားဆွဲလှေများကို ရွာတိုင်းမှာ မထားရှိနိုင်ဘူးလို့ ဆိုတယ်။ တချို့ မရှိသော ကျေးရွာများဟာ အလှူရှင်များ လှူထားသော ဘုရားဆွဲလှေရှိသော ကျေးရွာများ ထံ လှေအငှားယူရပါတယ်။ ဘုရားလှေ ခဏငှားပြီး လှော်ခတ်တာလည်း ဖြစ်ပါတယ်။

ဘုရားဆွဲလှေများကို လှော်ခတ်ရန်အတွက် လူ ၈၀ သို့မဟုတ် လူ ၁၀၀ ကျော် ပါဝင်တက်ရောက်ပြီး လှော်ခတ်ရပါတယ်။ ဘုရားဆွဲလှေ ရာကျော်လှေကို လှော်ခတ်ရာတွင် တက်ညီလက်ညီနဲ့ တစ်ပြိုင်နက်တည်း ယက်ပြီး လှော်ခတ်ပါမှ လှေဟာ အရှိန်ပြင်းပြင်း သွားလာနိုင်ပါတယ်။ တက်ညီလက်ညီ ဆိုတဲ့စကားဟာ အဲဒီက ဆင်းသက်လာဟန် တူပါတယ်။ လှေထိုးလိုက်ချိန် အနောက်ကနေ အရှေ့ကို လှော်တက်လေးတွေ ပြောင်းလဲ ရွေ့လျားသွားတာ ကင်းခြေများတစ်ကောင် လမ်းလျှောက်နေတာနဲ့  အင်မတန်တူပါတယ်။ တချို့ ဘုရားဆွဲလှေ လုပ်အားဒါနပြုရင်း လှေပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြသူများလည်း ရှိပါတယ်။ လှေပြိုင်ပွဲများဟာ အမျိုးသား ၄၆ တက်၊ အမျိုးသား ရာကျော်လှေ၊ အမျိုးသမီး ၂၆ တက်၊ တစ်ဦးချင်း ယှဉ်ပြိုင်ခြင်းဆိုပြီးတော့ ရှိပါတယ်။ အမျိုးသား ရာကျော်လှေပြိုင်ပွဲများဟာ အင်မတန်ကြည့်ကောင်းတဲ့ ပွဲလည်းဖြစ်တဲ့အတွက် လူကြိုက်များပြီး တိုးပိတ်နေအောင် လူအများ လာရောက် ကြည့်ရှုလေ့ရှိပါတယ်။

ဘုရားရုပ်ရှင်တော်မြတ်များ ပင့်ဆောင်တော်မူသော ကရဝိတ်ဖောင်တော်ကို မိုင်းဖုန်းဆရာတော်က လှူဒါန်းထားခြင်း ဖြစ်တယ်လို့ ဖောင်တော်ဦး ကျောင်းတော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောပါတယ်။

   ဘုရားပင့်ဆောင်ရန် စည်တော်တီးသော ဓလေ့

ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ပင့်ဆောင်ရာတွင် အသင့်ထားရှိသော ဘုရားစည်တော်ကြီးကို ယူဆောင်ပြီး စည်တော် တီးရပါတယ်။ အဲဒီဘုရား စည်တော်ကို ကျန်အချိန်မတီးဘဲ ဒေသစာရီ ကြွချီတော်မူစဉ်အချိန်မှာသာ တီးခတ်ခြင်း ဖြစ်ပါတယ်။

ဘုရားစည်တော် ပေါက်ခဲ့လျှင် ပေါက်သည့် ကျေးရွာက ပြန်လည် အသစ်လဲလှယ်ပေးရပြီး ရှေ့ကိုခရီးဆက်၍ မရနိုင်ဘူးလို့ ဆိုပါတယ်။ စည်တော်ကို လဲလှယ်ရန်အတွက် သားရေချပ်ကိုလည်း အသင့်ယူဆောင် သိုမှီးထားခြင်းကိုလည်း မပြုလုပ်ကောင်းဘူးလို့ ဆိုပါတယ်။ ယခုနှစ် ရွာမအရောက်မှာ ဘုရားစည်တော် ပေါက်သဖြင့် အသစ်ပြန်လည် တပ်ဆင်ရတယ်လို့ ဆိုတယ်။

   အဆက်ဆက်သော စော်ဘွားများ

ရှမ်းပြည်နယ်တွင် ရက်အရှည်ကြာဆုံး ပွဲတော်တစ်ခုဖြစ်သည့် အင်းလေးကန် ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်သည် နှစ်ပေါင်း ၆၆၀ ကျော် ကြာမြင့်လာပြီဖြစ်ပြီး ညောင်ရွှေ စော်ဘွားမင်းဆက် ၃၃ ဆက်တွင် ပထမဆုံးစော်ဘွား ဆီဆိုင်ဖသည် မြန်မာသက္ကရာဇ် ၇၂၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၃၅၉ ခုနှစ်တွင် စတင်အုပ်ချုပ်ခဲ့သည်ဟု သမိုင်းကြောင်းအရ သိရသည်။

သို့သော် အင်းလေးကန်အစသည် အေဒီ ၁၀၄၄ ခုတွင် ပုဂံပြည့်ရှင် ပထမမြန်မာနိုင်ငံ မြို့တည်နန်းတည် ဘုရင်အနော်ရထာ၏ မြစ်တော် အလောင်းစည်သူမင်းကြီးသည် တိုင်းပြည်အနှံ့ ခရီးသွားရင်း ထားဝယ်သားတို့ကလည်း ပါလာသည်ဟု ဆိုတယ်။ အင်းလေးဒေသ အရောက်မှာ ထားဝယ်သားတွေကို အခြေချဖို့အတွက် မြတ်စွာဘုရား ဆင်းတုတော်ငါးဆူကို ထားရစ်တော်မူခဲ့သည်ဟု ကျမ်းဂန်များက ဆိုတယ်။ နောက်တစ်နည်းမှာ ထားဝယ်သားတွေက အရင်ကတည်းက ရှိနှင့်နေပြီး မင်းကြီးထံ ဖောင်စကြာ၏ ရေတပ်မတော်သားအဖြစ် အမှုတော်ထမ်းလိုကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက နှစ်ပေါင်းများစွာကပင် ရှိနှင့်နေပြီး ဖြစ်သော ဓလေ့တစ်ခုကို ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တွေးကြည့်တယ်။ ဖောင်တော်ဦးဘုရားကြောင့်သာ အင်းသူအင်းသားတွေသာ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲစေတာပါလားလို့။ ဘုရားသာမရှိရင် အင်းသားတွေဟာလည်း ဒီထဲမှာ ရှိနိုင်ပါ့မလားပေါ့။ ဘုရားကို စောင့်ရှောက်ရင်း အင်းလေးကန်ကြီး ယနေ့ထက်တိုင် တည်တံ့နေခြင်းဆိုသောကိစ္စမှာ အငြင်းပွားဖွယ် မရှိပါချေ။

  •  အင်းလေးကန်မှာ တစ်ရွာတစ်ပုဒ်ဆန်း

ရှေးလူကြီးတွေရဲ့ ပြောစကားအရ အင်းလေးကန်မှာ အလောင်းစည်သူမင်းတရားကြီး တိုင်းခန်းလှည့်လည် ကြချီလာချိန် အင်းလေးကန်အရပ်မှာ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်တာလည်း ဖြစ်တယ်။ အလောင်းစည်သူ မင်းတရားဟာ စကြာရှင်ဆိုတဲ့အတိုင်း ကြိမ်စကြာနဲ့ ရိုက်လိုက်တိုင်း ရေပြင်ကျယ် ဖြစ်ပြီး ဖောင်တော်ယာဉ်ဖြင့် ခရီးလှည့်လည်တာ ဖြစ်တယ်။ သူသွားလေရာ လှေဦးထိပ်မှာ ကိုးကွယ်ဖို့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ငါးဆူကိုတင်ဆောင်ပြီး တိုင်းခန်းလှည့်လည်ခြင်း ဖြစ်တယ်။

အဲဒီတုန်းက အင်းလယ် အိမ်တော်ရာ လို့ခေါ်တဲ့ မိုင်းသောက်နဲ့ သလဲဦးကြားမှာ ရှိတဲ့နေရာလောက်မှာ နန်းတော်ကြီးနဲ့ မြို့တည်ကာ ဘုရင်မင်းမြတ် နန်းစံခဲ့တာ လေးနှစ်ကြာတယ်လို့ ဆိုတယ်။ လေးနှစ်အကြာ နေပြီး ပုဂံပြည်ကို ပြန်တော့မယ်ဆိုတော့ စကြာဝတေးမင်းက ရုပ်ပွားတော်မြတ်များ ထားရစ်တော်မူဖို့ တောင်းပန်တဲ့အတွက် ရတနာဆင်တော်နှင့် တင်ဆောင်ပြီး ထားရှိမယ့်နေရာကို ရွေးချယ်ခြင်း ဖြစ်တယ်။ အဲဒီ အင်းလယ်က အိမ်တော်ရာလို့ ခေါ်တဲ့နေရာမှာ ရေတိမ်ချိန် ရေအောက်ကို ကြည့်လိုက်မယ်ဆိုရင် ဆင်ချည်တိုင်၊ မြင်းချည်တိုင်နဲ့ အိမ်တော်ရာ၊ နန်းတော်ရာများကို မြင်နိုင်သေးတယ်လို့ ဆိုတယ်။ အဲဒီရေအောက်က မြို့တော်ကြီးကို ပြာနဲ့ ရေဖြန့်ကြဲလိုက်ပြီးတော့ ရေမြှုပ်လိုက်တာလို့လည်းဆိုပြီး အဲဒီရေအောက်မှာ ဆယ်ယူရရှိတာကတော့ အခုချိန်အထိ ပြာလိုလို နုန်းတွေပဲ ဖြစ်တယ်လို့ မိုင်းသောက်ရှိ ဦးကျော်ညွန့်က ဆိုတယ်။

မိုင်းသောက်နဲ့ သလဲဦးအကြားက ပေပင်အင်းမှာ တပေါင်း၊ တန်ခူး ရေနည်းချိန် အောက်ဘက်ကို ငုံ့ကြည့်လိုက်မယ်ဆိုရင် လူတစ်ဖက်စာရှိတဲ့ ရေညှိရေမှော် ဖုံးနေတဲ့ တိုင်လုံးကြီးများနဲ့ ရမ္မာဝတီမြို့ဟောင်း (နန်းတော်ရာ) (ဒေသအခေါ်- အိမ်တော်ရာ) ကို ယနေ့ထိတိုင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲတော်မှ ကျေးရွာတစ်ရွာချင်းစီမှာ ထူးဆန်းတဲ့ ဓလေ့လေးတွေ တစ်ချင်းစီ ရှိနေပါတယ်။ ပထမဆုံး ကြွရောက်တဲ့နေရာက အင်းတိန်ကြေးပေါခုံကျောင်းပါ။ ရွှေအင်းတိန်မှာရှိတဲ့ အင်းတိန်ကြေးပေါခုံကျောင်းကို ကြွရောက်ဖို့ ရေပြင်ကျဉ်းလို့ ကရဝိက် ဖောင်တော်အငယ်နဲ့ သယ်ဆောင်ပြီး လမ်းခရီးမှာ ပထမ စံကျောင်းတော်၊ ဒုတိယ စံကျောင်းတော် (ကျောင်းတော်ရာ) တို့ကို ဖြတ်ပြီး ဖောင်တော်ဦးဘုရား မူလစံကျောင်းတော်ရာ၊ ဝတ္တကဥယျာဉ်တော်မှာ ပန်းအိုးတင်တဲ့ ဓလေ့ကို ဆောင်ရွက်ပါတယ်။ ပန်းအိုးတင်ရန် ဘုရားလူကြီး အသက်အကြီးဆုံးဖြစ်သော အဘဘိုးဆောင်က ပန်းအိုးကို ယူဆောင်ပြီး တင်ပေးရပါတယ်။ ဌာန တစ်ခုချင်းစီတိုင်းမှာ ဘုရားလူကြီးဖြစ်တဲ့ အဘဘိုးဆောင် ဟာ အခရာပါပဲ။ အဘဘိုးဆောင်က ရှေ့ဆုံးကနေ ပန်းအိုး အတူကြွရောက်လှမ်းဝင်ရလေ့ရှိပြီး တချို့နေရာများမှာ ဆွမ်းတော်၊ ပန်းတော် တက်ပြီး ကပ်ရလေ့ ရှိပါတယ်။

နောက်ပြီး မိုင်းသောက်အထွက် သလဲဦးကို ကြွချိန် အင်းလယ်အိမ်တော်ရာ အရောက်မှာလည်း ပန်းအိုးချသော ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။ ထိုသို့ အိမ်တော်ရာမှာ ပန်းအိုးချရာတွင် တစ်ဖက် ဖောင်တော်ပေါက် တောင်ပြတ်နှင့် အရှေ့ဘက်နေတို့ တစ်တန်းတည်း ကျရောက်ချိန်မှာ ရေထဲသို့ ပန်းအိုးချခြင်း ဖြစ်ပါတယ်။ တောင်ပြတ်ဟူသည် အလောင်းစည်သူမင်း တိုင်းခန်းကြွချီလာစဉ် လှေနှင့် မလွတ်သဖြင့် တောင်ကို သန်လျက်နှင့် ပက်ထုတ်လိုက်သဖြင့် တောင်ပြတ်သွားပြီး အဆိုပါ မြေကြီးပြတ်စသည် တောင်ဘက်ပိုင်း ကျသွားပြီး တောင်တိုအဖြစ် ယနေ့ထက်တိုင် တည်ရှိနေတယ်လို့ ဆိုပါတယ်။ ပန်းအိုးချခြင်း အဓိပ္ပာယ်မှာ မူလ ကုသိုလ်ရှင်အား အသိပေးသောအားဖြင့် လည်းကောင်း၊ ပန်းအိုးဖြင့် အလှူဒါန ကိုယ်စားပြုလုပ်ပေးရခြင်း ဓလေ့ဟု ဆိုတယ်။ ပန်းအိုးချခြင်းကို နောက်ထပ် စည်သာရွာမှာလည်း ပြုလုပ်ပါသေးတယ်။ လင်းကင်းမှ မနက်  ၇ နာရီ ထွက်ရှိလာပြီး နန်းသဲရွာအနီး စည်သာရွာ ရောက်တဲ့အခါ ညောင်ရေပန်းအိုး တစ်လုံး ရေတွင်ချရသည်။ စည်သာရွာ ဆိုသည်ကား ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီရာတွင် စည်သာရွာဟု ခေါ်တွင်သော ရွာသို့အရောက်၌ ဘုရားစည်တော်မှာ လွန်စွာသာယာသော အသံမြည်ဟည်းလျက်ရှိရာ ထိုရွာကို စည်သာရွာဟု ယနေ့တိုင် ခေါ်တွင်ခြင်း ဖြစ်တယ်။

   အင်းလေးရွာ

တောင်ပတ်လည် ဝိုင်းရံထားသည့် အင်းရေပြင်ကျယ်တွင် ရွာလေးရွာ နေထိုင်ကြသဖြင့် အင်းလေးရွာဟု ခေါ်ဝေါ်သမုတ်ကြပြီး နောက်ပိုင်းတွင် ရွာပြုတ်၍ အင်းလေးကန်ဟု ဖြစ်ပေါ်လာသည်။ မူလ အင်းလေးရွာသည် (၁) ရွာကြီးဗန်းပုံ (၂) နန်းပန်ရွာ (၃) နောင်တောရွာ (၄) ဟဲယာရွာမ တို့ဖြစ်သည်။

အင်းသားတွေဟာ ထူးခြားပါတယ်။ အင်းသူအင်းသား တိုင်းရင်းသားများဟာ ပန်း ၁၀ မျိုးလုပ်ငန်းကို ကျွမ်းကျင် လုပ်ကိုင်ကြပါတယ်။ ယနေ့ခေတ်တွင်လည်း အချက်အပြုတ် ကောင်းမွန်တဲ့ စားဖိုမှူးတွေဟာ အင်းသား အများအပြား ဖြစ်ကြသလို လက်သမား၊ ပန်းရန်ဆရာ အသက်မွေးသူများလည်း ရှိကြပါတယ်။

ရွာကြီးဗန်းဗုံကို ရှမ်းအသံဖြင့် ဝမ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု လည်းကောင်း၊ နန်းပန်ရွာကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟု ခေါ်ဆိုကာ ရေဝဲများရှိ၍ ရေများ ဝဲကတော့ထိုးသော နေရာဒေသဟု လည်းကောင်း၊ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟုခေါ်ဆိုပြီး ရေမှော် ရေညှိများရှိသော နေရာဒေသဟု လည်းကောင်း၊ ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် ပေါများသော နေရာဒေသဟု လည်းကောင်း အဓိပ္ပာယ်ထွက်တယ်လို့ အင်းလေးကန်တွင်းရှိ သက်ကြီးဘိုးဘွားများ ပြောပါတယ်။

  ရာဇဝင်ထဲက မိုင်းသောက်

မိုင်းသောက်ဟာ ထူးခြားသောဒေသ တစ်ခုလို့လည်း  ပြောလို့ရပါတယ်။ ရေလမ်း ကုန်းလမ်း ဆုံဆည်းရာဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက မိုင်းသောက်နဲ့ နန်းပန်ဟာ တည်ရှိလာခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ တောင်ကြီးအစ မိုင်းသောက်ကလို့လည်း ပြောလို့ရပါတယ်။ မိုင်းသောက်ဆိုတာ (ရှမ်းလို မိုင်းဆောက်၊ မိုင်း-မြို့၊ ဆောက်-တစ်ထောင်မျှ ဖြစ်၍ အဓိပ္ပါယ်မှာ မြေနေရာ လွန်စွာကျဉ်းမြောင်းလှ၍ နေရာ တစ်ထောင်မျှသာ ရှိသောမြို့ ဆိုလိုရင်းပါ။)

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာသည် ၁၈၈၄ ခုနှစ်တွင် စတင် မြို့တည်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့ကို ၁၈၉၆ ခုနှစ်တွင် စတင်တည်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုင်းသောက် ရွှေမုဌောဘုရားသည် ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး ရှေးယခင် အလောင်းစည်သူမင်းတရားကြီး ရှမ်းပြည်နယ်ဘက်တွင် တည်ခဲ့သော စေတီ ပုထိုးပေါင်း ၃၆ ဆူ ရှိရာတွင် အင်းလေးကန်တွင် တည်ရှိသော ၂၁ ဆူ ထဲတွင် ရွှေမုဌောဘုရားသည်လည်း တစ်ဆူအဖြစ် ပါဝင်သော သမိုင်းဝင်ဘုရား တစ်ဆူဖြစ်ကြောင်း မိုင်းသောက် ရွှေမုဌောဘုရား အကျိုးတော်ဆောင် ဦးကျော်ညွန့်က ပြောပါတယ်။

မိုင်းသောက် ထူးခြားချက်များမှာ မိုင်းသောက်အင်းကျေးရွာ အဝင်မှ ရွာထိပ်အထိ ဘုရားပင့်ဆောင်လာသော ကရဝိတ်ဖောင်တော်သည် ဆွဲလှေများမဆွဲဘဲ အလိုအလျောက် ကြွချီတော်မူခြင်း၊ ရွှေမုဌောဘုရားသည် အင်းလေးကန်တွင် ဆွမ်းဦးရွှေမုဌောအဖြစ် ထင်ရှားခြင်း၊ ထို့ပြင် မိုင်းသောက်ဘုရား ကျိန်းကျောင်းတွင် ညဘက် ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော်လေးဆူအား ကပ်လှူပူဇော်ထားသော ပန်းအိုးကို၊ မနက်ဘက် မိုင်းသောက်ဘုရား ကျိန်းကျောင်း မှ သလဲဦးကျောင်းသို့ ကြွချီအပူဇော်ခံရာတွင် အင်းလယ် အိမ်တော်ရာဘုရား အရောက်တွင် အဆိုပါပန်းအိုးကို ရေအောက်သို့ ပန်းအိုးချသော ဓလေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာသည်မှာ ယခုနှစ်တိုင်ပင်ဖြစ်ကြောင်း ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“ပန်းအိုးတင်တယ်ဆိုရာ အင်းတိန် ကျောင်းတော်ရာမှာ ဘုရားဂေါပကတွေက ပန်းအိုး သွားတင်ရတယ်။ အဲဒါကို ပန်းအိုးတင်တယ်လို့ ခေါ်တယ်။ နောက် မိုင်းသောက်မှာရယ် ပန်းအိုးချတယ် ဆိုတာ ရှိတယ်။ မိုင်းသောက် ဂေါပကအဖွဲ့က ပန်းအိုးတစ်အိုး ပြင်ဆင်ပေးလိုက်ရတယ်။ ပန်းအိုးကို ညဘက် လူခြေတိတ်ချိန်မှာ ဘုရားလေးဆူကြားမှာ ထားလိုက်တယ်။ မနက်အစောဆိုရင် ဂေါပကလူကြီးတွေက တွေ့ပြီးရင် သိမ်းထားတယ်။ နောက် အိမ်တော်ရာဘက်မှာ ပန်းအိုးကို ချလိုက်တယ်။ ပန်းက မကျွတ်ဘူး၊ ပန်းအိုးနဲ့ တစ်ဆက်တည်းပဲ။ ရေထဲကို မြုပ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အခုချိန်အထိ ပန်းအိုး တစ်လုံးမှ မတွေ့ခဲ့ဘူး။ အခုထက်ထိ ပန်းအိုးကို မတွေ့ဘူး ပျောက်သွားတယ်ဗျ။ တွေ့တဲ့သူလည်း တစ်ယောက်မျှ မတွေ့ဖူးဘူး။ ဒါလည်း ထူးခြားချက်တစ်ခုပါပဲ”လို့ မိုင်းသောက် ရွှေမုဋ္ဌောဘုရား ဂေါပကဥက္ကဋ္ဌ ဦးကျော်ညွန့်က ပြောပါတယ်။

အင်းလေးအင်းကြီး သေးငယ်စဉ်က ရမ္မာဝတီမြို့ဟောင်းနေရာဟာ ကုန်းမြေဖြစ်ကာ၊ ရမ္မာဝတီ မြို့သူမြို့သားများဟာ ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွှေ့လာကြပြီး မိုင်းသောက်မှာ စတင်အခြေချ နေထိုင်ကြပါတယ်။ အင်းရေ နည်းနည်းကျသွားတဲ့အခါ  မြောက်ဘက်သို့ ရွှေ့ပြောင်းပြီး မြို့နှစ်မြို့ကို မြို့ရိုးများ ကျုံးများဖြင့် တည်ဆောက်ကြ ပြန်တယ်။ အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်း တစ်ကြောမှာရှိတဲ့ ပန်းဖယ်နှင့် မန်ကျည်းစင် ဖြစ်ပါတယ်။ ပန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာနှစ်မြို့ဟု အဓိပ္ပာယ်ရပါတယ်။

ထိုနေရာလည်း ကျဉ်းမြောင်း သေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင် စော်ဘွားကြီး ဆီဆိုင်ဖ က ညောင်ရွှေမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ကောသမ္ဘီ တိမ်ကောပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာ ကြာမြင့်လာသောအခါ ရေများလည်းကျသွားပြီး ကုန်းမြေများ ပေါ်ထွန်းလာပါတယ်။

ညောင်ရွှေမြို့ဟာ ရှမ်းဘာသာဖြင့် ယောင်ဟွေ့ဟု အသံထွက်ကာ တောင်နှစ်လုံးကြားရှိ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကျန်ရှိခဲ့သော ကုန်းမြေဖြစ်သောကြောင့် မိုင်းဟောင်ဟွေ့ဟုလည်း ဒေသခံများက ခေါ်ဝေါ်ကြပါတယ်။ ညောင်ရွှေမြို့တွင် စော်ဘွား ၃၃ ဆက် အုပ်စိုးစံမြန်းခဲ့သော စော်ဘွားဟော်နန်းလည်းရှိပြီး ပြတိုက်အဖြစ် ပြုလုပ်ထားသည်ကို အနွယ်တော် ရှမ်းတိုင်းရင်းသားများက ပေးအပ်ဖို့ သက်ဆိုင်ရာ အစိုးရထံသို့ ပြန်လည် တောင်းခံထားခြင်း ဖြစ်ပါတယ်။

  ဆွဲလှေများတဲ့ ကြေးစားကုန်း

ကြေးစားကုန်းဟာ အင်းလေးကန်ရဲ့ အလယ်ဗဟို တည့်တည့်လောက်မှာရှိတဲ့ အတွက်ကြောင့်မို့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံရာတွင် ကြေးစားကုန်းဟာ ထင်ရှားတဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။ အင်းလေးကန် တောင်ပိုင်း၊ မြောက်ပိုင်းမှ အကုန်လုံး စုစည်းရောက်ရှိလာပြီး ဘုရားဆွဲလှေများဖြင့် ကရဝိက်ဖောင်တော်ကို ပင့်ဆောင်ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် စာရင်းများအရ ကြေးစားကုန်းတွင် ဆွဲလှေပေါင်း ၇၀ ကျော်ဖြင့် ပင့်ဆောင်တယ်လို့ သိရပြီး ကြေးစားကုန်းပြီးရင် နောင်တောမှာလည်း ဆွဲလှေများတယ်လို့ ဆိုတယ်။

ကြေးစားကုန်းဟာ ဆွဲလှေများပြားတဲ့အပြင် ကြေးစားကုန်း ရွာစံကျောင်းတော်ကြီးတွင် ကျောင်းဆောင်ပလင်နှစ်ခု ထားရှိသဖြင့် ဆွမ်းတော်ကြီးခုံ အင်မတန်မှ နာမည်ကျော်ကြားလှပေသည်။ စာပေများအရ ကြေးစားကုန်း စံကျောင်းတော်တွင် ဘုရားမကြွရောက်ခင် အချိန်မှစတင်၍ ဆွမ်းတော်ကြီးခုံများ ပြင်ဆင်ထားရှိပြီး ဆွမ်းတော်ကြီးခုံ စုစုပေါင်း ၆၄၀ ရှိကာ တန်ဖိုးကြီးပစ္စည်းများဖြင့် ဆပ်ကပ်လာသည်မှာ ရှေးယခင်ကတည်းက အစဉ်အလာ ဖြစ်သည်ဟု ဆိုပေသည်။

  ဂုဏ်ယူစရာ တို့မြန်မာ

ညောင်ရွှေချိုင့်ဝှမ်းနဲ့ အင်းလေးကန် ဒေသဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်သဖွယ် နှစ်ပေါင်း ထောင်ပေါင်းများစွာကပင် လူနေထိုင်မှုစနစ်တွေနဲ့ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာတွေကို ပိုင်ဆိုင်ထားခြင်းကြောင့် တန်ဖိုးထား ထိန်းသိမ်းဖို့ရာ နှောင်းလူတွေမှာ တာဝန်ရှိနေပါတယ်။ အင်းလေးကန်ဟာ ပျူနဲ့ခေတ်ပြိုင် ရှေးမြို့ဟောင်းများ ရှိပြီးတော့ မင်းမြတ်နဲ့လူသူများ ကူးလူးနေထိုင်မှု ရှိတယ်လို့ အထောက်အထားများစွာလည်း ရှိတယ်လို့ သိရပါတယ်။

ရှေးရိုးစဉ်လာ အမွေအနှစ်တွေနဲ့ သမိုင်းကြောင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ညောင်ရွှေမြို့နယ်မှာဆိုရင် ခိုင်မာကောင်းမွန်တဲ့ သမိုင်းအထောက်အထား အမွေအနှစ်တွေ ယခုထက်တိုင် ကျန်ရစ်နေသေးတာပဲ ဖြစ်ပါတယ်။ အထင်ရှားဆုံးနေရာတွေကို ပြမယ်ဆိုရင် ညောင်ရွှေတောင်ပိုင်းက ရွှေအင်းတိန် ရှေးဟောင်း မွေတော်ဘုရားများ၊ သာခေါင်မွေတော်ဘုရားစုများ၊ နန်းပန်အလိုတော်ပေါက်ဘုရား၊ မိုင်းသောက်မှ ရွှေမုဋ္ဌောဘုရားကြီး စသည့် ရှေးဟောင်း မွေတော်ဘုရားများဟာ အလောင်းစည်သူမင်းလက်ထက် တည်ထားကိုးကွယ်ခဲ့တဲ့ ၃၈ ဆူကုန်သော စေတီတော်တွေထဲမှာ အင်းလေးကန်မှာ ၂၁ ဆူ အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ နရပတိစည်သူ ခေါ် အလောင်းစည်သူမင်းကြီးသည် စေတီပေါင်း ၃၈ ဆူ တည်ထားပြီး ဖောင်တော်ဦးတွင် ပါလာသည့် ရတနာရွှေပန်းတောင်းမှ ဗုဒ္ဓဆင်းတုတော်နှင့် ဓာတ်တော်များ၊ ရတနာများကို ဌာပနာတိုက် သွင်းခဲ့သည်ဖြစ်ပြီး ထိုဘုရားစေတီများဟာ ဖောင်တော်ဦးဘုရား များဖြစ်ပါတယ်။ သမိုင်းပေစာ၊ ကျမ်းစာအရ စေတီပေါင်း ၃၈ ဆူ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက်ရာများကို ပိုင်ဆိုင်ထားတဲ့အတွက် ယခုထက်ပိုမို ထိန်းသိမ်းကြဖို့နဲ့ အင်းလေးကန် ရေရှည်တည်တံ့ ဖွံ့ဖြိုးစေဖို့ အားလုံးမှာ တာဝန်ကိုယ်စီကိုယ်င ရှိကြသဖြင့် တန်ဖိုးထားထိန်းသိမ်းကြဖို့ရာ တိုက်တွန်း နှိုးဆော်ရင်း။