မြောက်ဦး ယူနက်စကိုဝင်ရေးအတွက် အဆိုပြုချက်မူကြမ်းကို တင်သွင်းထားပြီးဖြစ်ကြောင်းသိရ

မြောက်ဦး ယူနက်စကိုဝင်ရေးအတွက် အဆိုပြုချက်မူကြမ်းကို တင်သွင်းထားပြီးဖြစ်ကြောင်းသိရ
မြောက်ဦးယဉ်ကျေးမှုနယ်မြေတစ်နေရာကို တွေ့ရစဉ်
မြောက်ဦးယဉ်ကျေးမှုနယ်မြေတစ်နေရာကို တွေ့ရစဉ်
Published 11 October 2019
သန်းလှိုင်

ရှေးဟောင်းမြို့တော် မြောက်ဦးယူနက် စကို(ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း) ဝင်ရေးအတွက် အဆိုပြုချက်မူကြမ်းကို တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့တင်သွင်းထားသည့်အတွက် လိုအပ်သည်များကို ပြန်လည်မေးမြန်းမည် ဖြစ်သည့်အပြင် စစ်ဆေးမှုများစွာကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့မေးမြန်းစုံစမ်းမှုများတွင် လျှို့ဝှက်စွာစုံစမ်း မေးမြန်းမှုများ၊ တရားဝင်လာရောက်မေးမြန်းမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ရာ လုပ်ငန်းအဆင့်အဆင့် အားလုံးပြီးစီးသွားပါ က နိုင်ငံပေါင်း ၂၁ နိုင်ငံမှဆုံးဖြတ်ရွေးချယ်ကြမည်ဖြစ်ကြောင်းနှင့် မူကြမ်းတင်သွင်းရာ တွင် စံသတ်မှတ်ချက် ၃ ဖြစ်သည့် ယခင်က တည်းကရှိနေပြီး ယခုတိုင်ရှင်သန်နေဆဲ ယဉ်ကျေးမှု၊ စံသတ်မှတ်ချက် ၄ ဖြစ်သည့် ဗိသုကာ လက်ရာများ ကိုတင်ပြထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့မှ ရခိုင်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မတီ၏ အဖွဲ့ဝင် ဒေါ်ခင်သန်း က “အဆိုပြုလွှာမူကြမ်းတင်ထားတာက စံသတ်မှတ်ချက် ၃ နဲ့ ၄ တို့ကိုတင်ထားတယ်။ လာမယ့် ဖေဖော်ဝါရီလဆန်းအထိ သူတို့က မေးမြန်းစုံစမ်းမှုတွေလုပ်လိမ့်မယ်။ လာပြီး စစ်ဆေးမှုတွေလုပ်မယ်ပေါ့။ တိတ်တဆိတ် လာစစ်မှာလည်းရှိတယ်။ ဒေသခံတွေကို မေးမြန်းမှုတွေကိုလည်း လုပ်ဖို့ရှိတယ်။ ဇူလိုင်၊ သြဂုတ်မှ တရားဝင်လာစစ်မယ်။ မေးမြန်းဖို့ လိုအပ်သူတွေကိုမေးလိမ့်မယ်။ ၂၀၂၁ မှာ တရုတ်နိုင်ငံမှာကျင်းပမယ့် ၄၄ ကြိမ်မြောက် ကမ္ဘာ့ယဉ်ကျေးမှု ညီလာခံမှာ ၂၁ နိုင်ငံက မဲပေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ မြောက်ဦး ကိုပေးသင့်မပေးသင့်ကို ဆုံးဖြတ်ကြပါလိမ့် မယ်” ဟုလည်း ပြောကြားခဲ့သည်။

မြောက်ဦးမြို့တော်ကို အရှေ့တောင်အာရှ၏ ခံတပ်မြို့အဖြစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အောင် ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း မြို့တော်၏ ကျုံးများ၊ မြောင်းများကို ပြန်လည်တူးဖော်မှု လုပ်ရမည် ဖြစ်ပြီး လုပ်ရမည့်လုပ်ကွက် ကျယ်ပြန့်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြစေတီ ကျောက်စာတစ်ခုတည်းကို ကမ္ဘာ့အမွေအနှစ် အဖြစ် ဝင်သလိုမျိုး အနန္ဒစန္ဒြကျောက်စာတို့ မှာလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် စာရင်းသွင်းနိုင်သည့် အနေအထားများရှိခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ခဲ့ပါက မြောက်ဦးဒေသသည် တိုး တက်မှုများရှိလာမည်ဖြစ်ကြောင်းနှင့် ဒေသခံများအနေဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုး တက်လာနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။