လမ်းသမိုင်ချောင်းကလေး အမြန်ကျန်းမာပါစေ

လမ်းသမိုင်ချောင်းကလေး အမြန်ကျန်းမာပါစေ
လမ်းသမိုင်ချောင်းကလေးကို တွေ့ရစဉ်
လမ်းသမိုင်ချောင်းကလေးကို တွေ့ရစဉ်
Published 10 October 2019
မင်းချစ်နိုင်

သူ့နာမည်ကို လမ်းသမိုင် ဟုခေါ်သည်။ သူသည် ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် လမ်းသမိုင်ရွာကြီး ကျေးရွာအုပ်စုနှင့် လမ်းသမိုင်ရွာလေး ကျေးရွာအုပ်စုတို့တွင် ပါဝင်သည့် ကျေးရွာများ၏ အလယ်တည့်တည့်မှ ဖြတ်သန်းစီးဆင်းနေသည့် ချောင်းကလေးဖြစ်သည်။ သူသည် ဖျာပုံနှင့် ဘိုကလေးခရိုင် အတွင်းရှိမြို့နယ်၊ ကျေးရွာများဆီသို့ အချိန်နှင့် ငွေကြေးအကုန်အကျ သက်သာစွာဖြင့် သွားလာနိုင်သည့် ဖြတ်လမ်းတစ်ခု ဖြစ်သည်။ ယခင်က သူသည် ပေ ၃၀၀ ကျော် ကျယ်ဝန်းပြီး ၁၅ ပေကျော် နက်ရှိုင်းမှုဖြင့် ခမ်းနားခဲ့ဖူးသည်။ သူသည် လမ်းသမိုင်ရွာကြီးနှင့် ရွာလေးကျေးရွာအုပ်စု နှစ်ခုအတွင်းရှိ ပြည်သူ ၅၀၀၀ ကျော်၏ သောက်သုံးရေ၊ စိုက်ပျိုးရေများအတွက် တသွင်သွင် စီးဆင်းနေသကဲ့သို့ စီးပွားရေးလုပ်ငန်း၊ ကူးသန်းသွားလာရေး လုပ်ငန်းများအတွက်လည်း မည်သည့်အချိန်ကမှ အနားယူခဲ့ခြင်းမရှိသော ချောင်းကလေး ဖြစ်သည်။

ထိုမျှမကသေး သူ့ရင်ခွင်ထဲတွင် စာရေးသူတို့ မသိမမီလိုက်သော ကာလများဆီက သမိုင်းဆိုင်ရာ ပုံရိပ်များလည်း သန္ဓေတည်ခဲ့ဖူးသည်။ ထိုအချိန်က လမ်းသမိုင်ရွာကြီး ကျေးရွာတွင် ရဲကင်းစခန်းရှိသည်။ စျေးရှိသည်။ ဧရာဝတီ သင်္ဘောဆိပ်ရှိသည်။ ထိုအင်္ဂါရပ်များကြောင့် လမ်းသမိုင်ချောင်းကလေးနှင့် လမ်းသမိုင်ရွာကြီးကျေးရွာသည် ခမ်းနားဝေစည်ခဲ့လေသည်။ သို့သော် အညိုရောင်လား၊ အမည်းရောင်လား မသဲကွဲသည့် ဝတ်ရုံကြီးတစ်ထည်က သူ့ကိုယ်ပေါ်တွင် ခြုံလွှမ်းထားခဲ့သည်။ ထို့ကြောင့် ရံဖန်ရံခါ သေနတ်သံများ ကြားရတတ်ပြီး ယမ်းငွေ့များလည်း ဝေနေတတ်သည်။ ထိုအခြေအနေတွင် ရှိနေသည့်တိုင် ဒေသခံပြည်သူများ ကျီးလန့်စာ စားရသောအဖြစ်မျိုး မရောက်ခဲ့ကြချေ။ အေးအေးချမ်းချမ်းပင် နေထိုင်ခဲ့ကြရသည်။

လမ်းသမိုင်ရွာကြီးနှင့် ရွာလေးကျေးရွာ အုပ်စုအတွင်း နေထိုင်သူများသည် အနီးပတ်ဝန်းကျင်ရှိ  မြို့နယ်၊ ကျေးရွာများသို့ သွားလိုလျှင် လှေ၊ သဘောင်္များဖြင့် ချောင်းကလေးကို ဖြတ်သန်းကြရသည်။ ဖျာပုံခရိုင်နှင့် ဘိုကလေး ခရိုင်နှစ်ခုရှိ  မြို့ရွာများဆီသို့ သွားလိုလျှင် သူ့ကို မရှိမဖြစ် အသုံးပြုတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဒေသများသို့ သွားလိုလျှင် အပြင်လမ်းနှင့် သူ့ဆီမှ ဖြတ်သန်းသွားရသည့် အတွင်းလမ်းဟူ၍ နှစ်လမ်းသာ ရှိသည်။ သဘောင်္ဖြင့် အပြင်လမ်းကသွားလျှင် ဒီဇယ် သုံးပုံးခန့်ကုန်ပြီး သူ့ဆီမှ ဖြတ်သန်းသွားလျှင် ဒီဇယ်နှစ်ဂါလန်ခန့်သာ ကုန်သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် သူ့ရင်ခွင်ထဲတွင် ဧရာဝတီ သင်္ဘောကြီးများ၊ အညာဆန် သင်္ဘောကြီးများ၊ သစ်ဖောင်၊ ၀ါးဖောင်များ၊ စပါး၊ ဓနိ၊ ၀ါး၊ ထင်းတင်သည့် သင်္ဘောများ၊ ခရီးသည်တင်သင်္ဘောများ၊ ပဲ့ထောင်များ၊ လှေ၊ သမ္ဗန်များ စသဖြင့် ပျော်ရွှင်စွာ သွားလာနေကြသည်ကို တွေ့ရသည်။ ရွာသူရွာသားများကလည်း မည်သည့်နေရာသို့ဖြစ်စေ သွားလာလှုပ်ရှားလျှင် သူနှင့်ကင်း၍မရ။ သူ့ကို ပစ်ထားလျှင် မည်သည့်လုပ်ငန်းကိုမှ အဆင်ပြေပြေ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သူ့ကြောင့် လမ်းသမိုင်ရွာကြီး၊ ရွာလေး ကျေးရွာ အုပ်စုအတွင်းရှိ ရွာသူရွာသားများအားလုံး အသက်ရှင်နေရသည်ဟုပင် ဆိုရမည် ဖြစ်သည်။

စာရေးသူက ၀ါးခယ်မမြို့နယ် လမ်းသမိုင်ရွာကြီးကျေးရွာ ဇာတိချက်မြှုပ်ဖြစ်သဖြင့် သူ (လမ်းသမိုင်ချောင်း)နှင့် လည်ပင်းဖက ်ကြီးပြင်းခဲ့ရသည်။ သူ့ဆီက သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ငါးပုစွန်များဖြင့် ဘဝများစွာ အသက်ဝင် တောက်ပခဲ့ရသည်။ စာရေးသူ ရွာမူလတန်းအောင်သည့်အခါ အလယ်တန်းကို ရွာနှင့် အတန်ငယ်ဝေးပြီး ကရင်လူမျိုး အများစုနေထိုင်သည့် မောင်းဒီးကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းတက်ခဲ့ရသည်။ ထိုအချိန်က စာရေးသူတို့ ရွာအပါအဝင် အနီး ပတ်ဝန်းကျင် ကျေးရွာများက မူလတန်းအောင်သူများအားလုံး မောင်းဒီးကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းတက်ခဲ့ကြရသည်။ (ယခုတော့ ကျေးရွာတော်တော် များများတွင် မူလွန်၊ အလယ်တန်း၊ ခွဲ/တွဲ ကျောင်းတွေ ရှိနေခဲ့ပြီဖြစ်သည်) မောင်းဒီးကျောင်းတွင် ကျောင်းသွားတက်သည့်အခါတွင်လည်း တစ်ခုတည်းသော ဆက်သွယ်ရေးက လမ်းသမိုင်ချောင်းကလေးပင် ဖြစ်သည်။ သူရှိနေလို့သာ စာရေးသူတို့ အလယ်တန်းပညာများ သင်ကြားခွင့်ရခဲ့ပြီး အထက်တန်း၊ တက္ကသိုလ်၊ ဘွဲ့ရပညာတတ်များ ဖြစ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က စာရေးသူတို့ရွာနှင့် မောင်းဒီးကျေးရွာသို့သွားရန် အဆင်အပြေဆုံး လမ်းကြောင်းသည် လမ်းသမိုင်ချောင်းကလေးကို ဖြတ်သန်းသွားရသည့် လမ်းသာဖြစ်သည်။ ထို့ကြောင့် ရွှေလက်တို့အားလုံး သူ့ကို လုံးဝပစ်ပယ်ထားလို့ မရပေ။ စာရေးသူမောင်းဒီ ကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းတက်ကြရတော့မည်ဆိုတော့ ရွာက အလယ်တန်းတက်မည့် သူငယ်ချင်း လေး၊ ငါးယောက် ကို စုစည်းရသည်။ ပြီးလျှင် စာရေးသူ အိမ်က ၁၂ တောင် လှေကြီးပေါ်တက်၊ လှော်တက် ကိုယ်စီကိုင်ကာ သူ့ရေစီးအတိုင်း လှော်ခတ် ကျောင်းတက်ခဲ့ကြရသည်။ လမ်းတစ်လျှောက်တွင် အခြားရွာများမှ ကျောင်းသား အဖွဲ့လှေများနှင့် တွေ့လျှင် စာရေးသူတို့ လှေလှော်ပြိုင်ကြသည်။ လှေလှော်ပြိုင်သည့် အခါတိုင်းလည်း စာရေးသူတို့လှေက အမြဲတမ်းလိုလို အနိုင်ရခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် စာရေးသူတို့လှေသည် အစုအဖွဲ့ကောင်းသလို လှေပေါ်တွင်လိုက်ပါလာသူ အားလုံးက မခိုမကတ်ဘဲ ခွန်အားအပြည့်ဖြင့် လှေကို လှော်ခတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

စာရေးသူအဖွဲ့သည် လမ်းတစ်လျှောက်တွင် ပြိုင်စရာလှေ မတွေ့လျှင် သင်္ဘောများကို လှေဖြင့်လှော်လိုက်သည့်အထိ ဆိုးခဲ့ကြသည်။ သပြေသီးသီးချိန်တွင် သပြေသီးလေးများသည် ချောင်းရေစီးအတိုင်း မျောပါလာတတ်သည်။ ထိုအချိန်တွင် စာရေးသူတို့ သူငယ်ချင်းအားလုံး လှေလှော်ရင်း သပြေသီး လုကောက်ခဲ့ကြရသည်မှာ တကယ့်ကို ပျော်စရာပင် ဖြစ်သည်။ တစ်ခါတစ်ရံ သပြေသီး လုကောက်ရင်း လှေမြုပ်သည်အထိ ဖြစ်ခဲ့ကြရသည်။ ချောင်းထဲတွင် လှေမြုပ်သော်လည်း အားလုံးက ရေကူးတတ်သကဲ့သို့ လွယ်အိတ်များကလည်း ရေလုံအောင် မိုးကာများဖြင့် ထုပ်ထားသောကြောင့် ဘာပြဿနာမှ မဖြစ်။ ပျော်စရာပင် ကောင်းသေးတော့သည်။ ထိုရက်စွဲများသည် မည်သည့်အခါမှ မေ့မရနိုင်သော၊ ပြန်မရနိုင်သော လမ်းသမိုင်ချောင်းကလေးနှင့်အတူ စီးမျောခဲ့သော ရက်စွဲများပင် ဖြစ်သည်။

ယခင်က စာရေးသူတို့ ရွာအလယ်တွင် ဘောလုံးကွင်းကြီးရှိသည်။ (ယခုတော့ လူတစ်ဦးတစ်ယောက်က လက်ဝါးကြီးအုပ်အပိုင် သိမ်းထားခဲ့ပြီဖြစ်သည်) ထိုဘောလုံးကွင်းကြောင့်ပင် စာရေးသူတို့ ရွာသည် ဘောလုံးအားကစားတွင် အထိုက်အလျောက် နာမည်ရခဲ့သည်။ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကစားသမားများ ပေါ်ထွန်းခဲ့သည်။ စာရေးသူတို့ သူငယ်ချင်းများလည်း ထိုဘောလုံးကွင်းတွင် ဘောလုံးကန်ကြသည်။ ဘောလုံးကန်ပြီးသည့်အခါတွင် လမ်းသမိုင်ချောင်းထဲသို့ ကျွမ်းထိုးကြ၊ ဒိုင်ဗင်ပစ်ကြ၊ ရေကူးပြိုင်ကြသည်။ ချောင်းကလေးထဲတွင် ပုစွန်ဆိတ်ကလေးများ လိုက်ဖမ်းပြီး အစိမ်းစားခဲ့ကြသည်။ ချောင်းကလေးထဲတွင် အချိန်အတော်ကြာကြာ ကစားနေခဲ့ကြသည်။ နောက်ဆုံး နှုတ်ခမ်းများပြာ၊ ခြေလက်များ ပဲကြီးတွန့်၊ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာမှပဲ အိမ်ပြန်ခဲ့ကြသည်။ ထိုကာလတုန်းက ချောင်းကလေးထဲတွင် ငါး၊ ပုစွန်များ ပေါကြွယ်လွန်းသည်။ အိမ်တွင် ဟင်းစားမရှိသည့်အခါ လက်ဗလာဖြင့် ရေထဲဆင်းသွားလျှင်ပင် ပုစွန်ထုပ်ကြီးများ၊ ပုစွန်ကြာရိုးများ စသဖြင့် မိသားစုထမင်း တစ်နပ်စာအတွက် ဟင်းစားကို လွယ်လွယ်ကူကူ ရတတ်သည်။ ထိုသို့ဖြင့် သူ (လမ်းသမိုင် ချောင်းကလေး) သည် လူပေါင်းများစွာ၏ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အရေးပေါင်းများစွာအတွက် သူ့တွင်ရှိသမျှ ခွန်အားများဖြင့် တတ်နိုင်သလောက် ပေးဆပ်ခဲ့သည်။ ယခုတော့ ယခင်လို မဟုတ်တော့ပေ။

နိုင်ငံတော်အစိုးရသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ါးခယ်မနှင့် ကျုံမငေးမြို့သို့ တိုက်ရိုက်သွားလာနိုင်သော ကားလမ်းတစ်ခု ဖောက်လုပ်ခဲ့သည်။ ထိုကားလမ်းသည် လမ်းသမိုင်ချောင်းကလေးကို ဖြတ်သန်းသွားရသောကြောင့် ချောင်းကူးတံတား တည်ဆောက်ခဲ့ရသည်။ ယင်းချောင်းကူးတံတား တည်ဆောက်ပြီး နောက်ပိုင်းတွင် လမ်းသမိုင်ဒေသ မည်မျှ ဖွံ့ဖြိုးတိုးတက်လာခဲ့သလဲ မသိ။ လမ်းသမိုင်ချောင်းလေးခမျာမှာတော့ ယခင်ကလို အားကောင်းမောင်းသန် မစီးဆင်းနိုင်တော့။ နုန်းပို့ချမှု များလာသည့်အတွက် ချောင်းကကျဉ်းပြီး တိမ်ကောလာသည်။ ရေကြည်လင်သည့် ကာလလည်း နည်းသွားသည်။ သွားရေးလာရေးလည်း တော်တော် အဆင်မပြေဖြစ်လာခဲ့သည်။ ယခုဆိုလျှင် ချောင်းရေတက်ချိန်တွင်သာ လှေ၊ သင်္ဘောများ သွားလာနိုင်ပြီး ရေကျချိန်တွင် လှေငယ်လေးများပင် လွယ်လွယ်ကူကူသွားလာလို့ မရတော့ပေ။ ယခင်က ၀ါးခယ်မမြို့သို့ ပြေးဆွဲခဲ့သည့် ခရီးသည်တင် ပဲ့ထောင်များလည်း အလုပ်မဖြစ်တော့။ ၀ါး၊ ဓနိ၊ ထင်းလုပ်ငန်းများလည်း ပျောက်ကွယ်ကုန်ပြီ။ ရေထုကလည်း ညစ်ညမ်းလာသည့်အတွက် ချောင်းရေကိုသာ သောက်နေရသော ရွာသူရွာသားများတွင် အသည်းရောဂါဖြစ်ပွားမှု များလာခဲ့သည်။

ချောင်းကလေး တစ်ဖက်ကမ်းတွင်ရှိသည့် လမ်းသမိုင်ရွာလေးကျေးရွာသည် ၀ါးခယ်မ-ကျုံမငေး ကားလမ်းနှင့် ကပ်လျက်ရှိနေသောကြောင့် သွားရေးလာရေး အစစအရာရာ အဆင်ပြေသည်။ ချောင်းကလေး၏ သည်ဘက်ကမ်းတွင် ရှိနေသောစာရေးသူတို့ လမ်းသမိုင် ရွာကြီးကျေးရွာကတော့ ချောင်းရေတက်ချိန်ကို မှတ်သားပြီး သွားလာလှုပ်ရှားနေကြရသည်။ ထို့ကြောင့် နေမကောင်းသူများ၊ ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ်ဆေးရုံတင်ရန် လိုအပ်လာသည့်အခါ ချောင်းထဲတွင် ရေရှိမှသာ ၀ါးခယ်မမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့နိုင်သည်။ ရေမရှိချိန်နှင့် တိုက်ဆိုင်ပါက ဘယ်ကိုမှသွား၍ မရဘဲ ရေတက်ချိန်စောင့်ရင်း အသက်ဆုံးရှုံးခဲ့ကြရသည်များလည်း ကြုံတွေ့လာခဲ့ရသည်။ ထိုအဖြစ်အပျက်သည် စာရေးသူ ကိုယ်တွေ့ဖြစ်သည်။ စာရေးသူ အစ်ကို၏မိန်းမဆိုလျှင် မီးဖွားနေစဉ် မီးဖွား၍မရဖြစ်ပြီး ဆေးရုံတင်ဖို့ အရေးပေါ်လိုအပ်ခဲ့သည်။ သို့သော် ချောင်းထဲရေနည်းနေသောကြောင့် ၀ါးခယ်မမြို့ ပြည်သူ့ဆေးရုံဆီသို့ အချိန်မီ မပို့နိုင်ခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ချောင်းကလေး၏ အခြေအနေသည် တစ်နေ့တခြား ဆိုးရွားလာသကဲ့သို့ နောက်ဆက်တွဲ ပြဿနာများကလည်း ရွာသူရွာသားများ အပေါ် ရိုက်ခတ်မှုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူတို့၏ လောဘ၊ ဒေါသ၊ မောဟများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုနှင့် သဘာဝဘေးအန္တရာယ်များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက် ရှိသည်။ ထိုဖြစ်စဉ်များကြောင့်ပင် ရေမြေတောတောင် မြစ်ချောင်းအင်းအိုင်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။  ထိုကဲ့သို့ ပျက်စီးဆုံးရှုံးမှုထဲတွင် လမ်းသမိုင်ချောင်းကလေး ပါဝင်တော့မည်ကို စိုးရိမ်နေမိသည်။ အမှတ်တမဲ့ ကြည့်လျှင် လမ်းသမိုင်ချောင်းကလေးသည် အညတရ ချောင်းကလေးပင် ဖြစ်သည်။ သို့သော် စာရေးသူတို့ ရွာသူရွာသားများအတွက်၊ ချောင်းကလေးကို အသုံးပြုနေသူများအတွက်တော့ အသက်နှင့် ထပ်တူ တန်ဖိုးရှိလှပါသည်။ လမ်းသမိုင်ချောင်းကလေးသည် လမ်းသမိုင် ရွာကြီး၊ ရွာလေးကျေးရွာ အုပ်စုနှစ်ခုအတွင်းရှိ သက်ရှိအားလုံး၏ အသက်ရှူသံဖြစ်သည်။ ထိုအသက်ရှူသံ ပျောက်ကွယ်သွားလျှင် စာရေးသူတို့ ကျေးရွာနေ ပြည်သူများ၏ အသက်ရှူသံလည်း ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။

ထို့ကြောင့် စာရေးသူတို့ ငယ်ဘဝအိပ်မက်များ၊ ပျော်စရာများ၊ ကြည်နူးစရာများ တသွင်သွင် စီးဆင်းခဲ့သည့် ချောင်းကလေး၊ လူ ၅၀၀၀ ကျော်၏ ဘဝရပ်တည်နိုင်ရေး အထောက်အပံ့ပြုနေသည့် ချောင်းကလေး၊ နေ့စဉ်နှင့်အမျှ ကူးသန်းသွားလာနေကြသော လှေ၊ သင်္ဘောများနှင့် စည်ကားနေခဲ့သည့် ချောင်းကလေး၊ စာရေးသူတို့ မမီလိုက်သော အချိန်များဆီက သမိုင်းဆိုင်ရာ ပုံရိပ်များ ရှိခဲ့သည့် ချောင်းကလေး၊ လမ်းသမိုင်ချောင်းကလေးကို နိုင်ငံတော်အစိုးရ အပါအဝင် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းတို့က လိုအပ်သော ပြုစုစောင့်ရှောက်မှုများပေးပြီး ချောင်းကလေး၏ အသက်၊ ကျေးရွာ နေပြည်သူတို့၏ အသက်များကို ကယ်တင်ဖို့ အရေးပေါ်လိုအပ်နေပြီ ဖြစ်သည်။ စာရေးသူအနေဖြင့်တော့ ညအိပ်ရာဝင်တိုင်း ချောင်းကလေး အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းနေရုံမှတစ်ပါး။

 

Most Read

Most Recent